၂၀၂၀ ရွေးကောက်ပွဲအတွက် သီးသန့်တာဝန်ပေးထားသော အဖွဲ့တစ်ဖွဲ့ရှိပြီး နိုင်ငံရေးပါတီများ၏ ကြောငြာငွေကြေး အသုံးပြုမှုကို စနစ်တကျ ဆောင်ရွက်မည်ဟု Facebook ထုတ်ပြန်

၂၀၂၀ ရွေးကောက်ပွဲအတွက် သီးသန့်တာဝန်ပေးထားသော အဖွဲ့တစ်ဖွဲ့ရှိပြီး နိုင်ငံရေးပါတီများ၏ ကြောငြာငွေကြေး အသုံးပြုမှုကို စနစ်တကျ ဆောင်ရွက်မည်ဟု Facebook ထုတ်ပြန်
Published 17 June 2020
လွင်မျိုးသူ

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲအတွက် သီးသန့်တာဝန် ပေးအပ်ထားသော အဖွဲ့တစ်ဖွဲ့ရှိပြီး နိုင်ငံရေးပါတီများ၏ ကြော်ငြာအသုံးပြုမှုကို စနစ်တကျ ဆောင်ရွက်မည်ဟု Facebook က ထုတ်ပြန်သည်။

သီးသန့်တာဝန် ပေးအပ်ထားသောအဖွဲ့ အနေဖြင့် မူဝါဒရေးရာ၊ နည်းပညာထုတ်ကုန်နှင့် လုပ်ငန်းလည်ပတ် ဆောင်ရွက်မှုတို့ကို ချိတ်ဆက်ပြီး အန္တရာယ်ဖြစ်ရန် အလားအလာရှိသည့် အရာများကို ခွဲခြားသတ်မှတ်ရန်၊ ကြားဝင်နှောင့်ယှက်မှုများကို တားဆီးရန်၊ သတင်းအမှား၊ အချက်အလက်အမှား၊ အမုန်းစကားနှင့် မဲမပေးရန် တားဆီးဖိနှိပ်မှုများမှ ကာကွယ်ရာတွင် လုပ်ဆောင်ချက်များ ထပ်မံဖြည့်တင်းပေးရန်အတွက် ဆောင်ရွက်မည် ဖြစ်သည်။

မြန်မာနိုင်ငံအတွက် သီးသန့်ပေးအပ်ထားသည့် အဖွဲ့သည် ပုံမှန်တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်လျက်ရှိပြီး Facebook ၏ ရှေရှည်ပန်းတိုင်ဖြစ်သည့် မဲပေးသူများ၏ ကိုယ်ပိုင်အတွေးအမြင်များကို စိုးရိမ်ကြောင့်ကြမှု မရှိဘဲ ဖော်ပြနိုင်ရန် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်းနှင့် ရွေးကောက်ပွဲကို ကြားဝင်နှောင့်ယှက်သည့် ပုံစံအမျိုးမျိုးအား လျှော့ချပေးနိုင်ရန် ရည်ရွယ်ထားကြောင်း Facebook က ထုတ်ပြန်သည်။

ထို့ပြင်မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီများ၏ ကြော်ငြာငွေကြေး အသုံးပြုမှုကိုလည်း စနစ်တကျ ဆောင်ရွက်သွားမည်ဟု Facebook ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

Facebook က မိတ်ဆက်ခဲ့သည့် The Ads Library အစီရင်ခံစာတွင် ကြော်ငြာအရေအတွက် နှင့်ကြော်ငြာကုန်ကျစရိတ် စသည့် ရွေးကောက်ပွဲနှင့် နိုင်ငံရေးဆိုင်ရာ ကြော်ငြာအားလုံး၏ အချက်အလက်များကို စုစည်းတင်ပြထားကြောင်း Facebook မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

Facebook မှ ရွေးကောက်ပွဲနှင့် နိုင်ငံရေးဆိုင်ရာ ကြော်ငြာများအတွက် ရည်ရွယ်ပြီး ချမှတ်ထားသည့် ကြော်ငြာမူဝါဒများကို facebook.com/politicies/ads/restricted-content တွင် ကြည့်ရှုလေ့လာနိုင်ရန် ဖော်ပြပေးထားသည်။

Blue Mark ကဲ့သို့သော အပြာရောင် အမှတ်အသားဖြင့် နိုင်ငံရေးပါတီများ၏ စာမျက်နှာများကို Facebook က ဆောင်ရွက်ပေးနေပြီး လက်ရှိတွင် နိုင်ငံရေးပါတီ ၄၀ ကို အတည်ပြုနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယင်းကဲ့သို့ ဖော်ပြထားသည့်အတွက် Facebook အသုံးပြုသူများ အနေဖြင့် တရားဝင် နိုင်ငံရေးပါတီ စာမျက်နှာအစစ်နှင့် အယောင်ဆောင် စာမျက်နှာကို အလွယ်တကူ ခွဲခြားနိုင်မည်ဖြစ်ပြီး ရွေးကောက်ပွဲ ကာလအတွင်း ယင်းလုပ်ငန်းစဉ်သည် အလွန်အရေးကြီးသည့် လုပ်ဆောင်ချက်တစ်ခု ဖြစ်သည်ဟု Facebook က ဆိုသည်။

 ထို့ပြင် မြန်မာနိုင်ငံမှ နိုင်ငံရေးပါတီများ၏ တရားဝင် Facebook စာမျက်နှာများအား အတည်ပြုနိုင်ရန် အစိုးရ မဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်း (INGO) များနှင့်လည်း လက်တွဲဆောင်ရွက်နေကြောင်း သိရသည်။