ရခိုင်ပြည်နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေမှူးများ နုတ်ထွက်မှုရှိသော်လည်း အုပ်ချုပ်ရေးယန္တရား ပျက်ပြားအောင်အထိ စိုးရိမ်ပူပန်စရာမရှိကြောင်း ထွေ/အုပ် ညွှန်ကြားရေးမှူးချုပ် ပြောကြား

ရခိုင်ပြည်နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေမှူးများ နုတ်ထွက်မှုရှိသော်လည်း အုပ်ချုပ်ရေးယန္တရား ပျက်ပြားအောင်အထိ စိုးရိမ်ပူပန်စရာမရှိကြောင်း ထွေ/အုပ် ညွှန်ကြားရေးမှူးချုပ် ပြောကြား
Published 15 June 2020
နေရိုင်း၊ ဇေယျာထွန်း

ရခိုင်ပြည်နယ်တွင် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ နုတ်ထွက်မှုရှိသော်လည်း ရခိုင်ပြည်နယ်သည် အုပ်ချုပ်ရေး ယန္တရားပျက်ပြားအောင်အထိ စိုးရိမ်ပူပန်စရာမရှိကြောင်း အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သန်းက ပြောကြားသည်။

ပြန်ကြားရေးဝန်ကြီးဌာနတွွင် ဇွန် ၁၅ ရက် ပြုလုပ်သည့် နိုင်ငံတော်အစိုးရ၏ပြည်သူ့အတွက် စတုတ္ထတစ်နှစ်တာ ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲအပြီးတွင် သတင်းထောက်များ၏ မေးမြန်းမှုကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သန်းက အထက်ပါကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

“ အုပ်ချုပ်ရေးယန္တရားကြီး ပျက်ပြားလောက်အောင်တော့ ဒီလောက်စိုးရိမ်ပူပန်စရာ မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သက်ဆိုင်ရာနယ်မြေဒေသမှာရှိတဲ့ လူထုဆိုတာကလည်း သူ့နယ်မြေဒေသကို သူ့နည်းသူ့ဟန်နဲ့တော့ အေးချမ်းအောင်ဆောင်ရွက်နေကြမယ်လို့ ယုံကြည်ပါတယ်။ ယခင် မြောက်ဦး၊ ကျောက်တော်တို့မှာ အုပ်ချုပ်ရေးမှူးတွေ ထွက်တာ ဒီထက်ပိုများပါတယ်။ ဒါကြောင့်မို့လို့ ဒီလောက်ကြီးအထိ စိုးရိမ်ပူပန်ဖို့ မလိုအပ်ဘူးလို့ ကျွန်တော့်အနေနဲ့ မြင်ပါတယ်။ သက်ဆိုင်ရာပြည်နယ်နှင့် တိုင်းအစိုးရအဖွဲ့၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကလည်း သူ့နယ်မြေဒေသ အေးချမ်းဖို့အတွက် အုပ်ချုပ်ရေး ယန္တရားလည်ပတ်နိုင်ဖို့ သူလည်းပဲ အားသွန်ခွန်စိုက်ဆောင်ရွက်နေတယ်လို့ ကျွန်တော်တို့က ဒီလိုပဲမြင်ပါတယ်” ဟု ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သန်းက ပြောကြားသည်။

ပြီးခဲ့သည့်သီတင်းပတ်က ရခိုင်ပြည်နယ် မြေပုံမြို့နယ်ရှိ ကျေးရွာ/ရပ်ကွက် အုပ်ချုပ်ရေးမှူး ၅၈ ဦး နုတ်ထွက်သွားခဲ့ပြီး အဆိုပါနုတ်ထွက်သွားသူများ၏ နေရာတွင် အုပ်ချုပ်ရေးမှူးများ ပြန်လည်ခန့်အပ်နိုင်ရန်  ရခိုင်ပြည်နယ်အစိုးရက စီမံခန့်ခွဲလျက်ရှိကြောင်း သိရသည်။

“ အဲဒီလို ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးတွေ ပြန်လည်ခန့်ထားဖို့အတွက်ကို ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး ဥပဒေထဲမှာကို ပါပါတယ်။ ဒုတိယမဲအများဆုံးသူကို ယာယီတာဝန်ပေးအပ်ရမယ်ဆိုပြီးတော့ ပါရှိပါတယ်။ ဒါကြောင့်မို့လို့ ဒုတိယမဲအများဆုံး သူကိုတာဝန်ပေးခန့်အပ်ပါမယ်။ ဒုတိယမဲအများဆုံးသူက တာဝန်မယူနိုင်ဘူး။ တာဝန်ပေးဖို့အတွက် အခက်အခဲရှိတယ်ဆိုရင် ဆယ်အိမ်မှူး၊ ရာအိမ်မှူးတွေ ရှိပါတယ်။ သူတို့ထဲက သင့်တော််တဲ့သူကို ရွေးပြီးတော့မှ ယာယီအားဖြင့် တာဝန်ပေးအပ်မှာဖြစ်ပါတယ်” ဟု အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သန်းက ပြောကြားသည်။

နုတ်ထွက်ခဲ့သည့် အုပ်ချုပ်ရေးမှူးများအနေဖြင့် ၎င်းတို့၏ မူရင်းစိတ်ဆန္ဒအရ နုတ်ထွက်ခဲ့ခြင်း မဟုတ်သော်လည်း နယ်မြေဒေသ မလုံခြုံ၊ မအေးချမ်း၍သာ နုတ်ထွက်ခြင်းဖြစ်ပြီး နယ်မြေဒေသလုံခြုံပါက ရပ်ရွာ၊ ဒေသအကျိုးအတွက် ဆောင်ရွက်ချင်သည့် စိတ်အပြည့်ရှိမည်ဟု ယုံကြည်ကြောင်း ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သန်းက ဆိုသည်။

“ အခုလိုမျိုး မလုံခြုံလို့ထွက်တဲ့အပေါ်မှာလည်း ကျွန်တော်တို့ဌာနအနေနဲ့ အပြစ်ရှိတဲ့သူတစ်ယောက်အနေနဲ့ မြင်တာမရှိပါဘူး။ ဒါကြောင့် ပြန်လည်ထမ်းဆောင်မယ်ဆိုရင်လည်း အချိန်မရွေး ပြန်လည်တာဝန် ထမ်းဆောင်ဖို့အတွက် စီမံဆောင်ရွက်ပေးဖို့ အသင့်ရှိပါတယ်” ဟု ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သန်းက ပြောကြားသည်။

နယ်မြေဒေသလုံခြုံမှုမရှိသည့် နေရာတိုင်းသည် အုပ်ချုပ်ရေးမှူးများသာမက ပြည်သူလူထုအနေဖြင့်လည်း လုံခြုံမှုမရှိသည့်အတွက် နယ်မြေဒေသအေးချမ်းရေးသည် အင်မတန်အရေးကြီးသည့်အချက်တစ်ချက်ဖြစ်ပြီး ရခိုင်ပြည်နယ်သည် ဥပဒေမဲ့ဆောင်ရွက်နေသည့်ဒေသမဟုတ်သော်လည်း စိုးရိမ်ပူပန်မှုများကြောင့် အထိတ်တလန့်ဖြစ်စေသည့် အကြောင်းရင်းဖြစ်ကြောင်း ဦးမြင့်သန်းက ပြောကြားသည်။

Most Read

Most Recent