အထွေထွေရွေးကောက်ပွဲအတွက် မဲရုံလေးသောင်းကျော် လျာထားကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ပြောကြား

အထွေထွေရွေးကောက်ပွဲအတွက် မဲရုံလေးသောင်းကျော် လျာထားကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ပြောကြား
 ဇွန် ၁၀ ရက်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် ညှိနှိုင်းအစည်းအဝေး ပြုလုပ်နေစဉ်
ဇွန် ၁၀ ရက်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် ညှိနှိုင်းအစည်းအဝေး ပြုလုပ်နေစဉ်
Published 11 June 2020
     ပြည့်ဖြိုးအောင်

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် မဲရုံပေါင်း လေးသောင်းကျော် လျာထားပြီး မဲဆန္ဒရှင်ပေါင်း ၃၇ သန်းကျော်ရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက ပြောကြားသည်။

ဇွန် ၁၀ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ အစည်းအဝေးခန်းမ၌ ပြုလုပ်သည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့်အညီ ကျင်းပနိုင်ရေး အကြိုညှိနှိုင်းအစည်းအဝေး၌ အမှာစကားပြောကြားရာတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲသည် COVID-19  ကာလနှင့် တိုက်ဆိုင်နေသည့်အတွက် ရွေးကောက်ပွဲလုပ်ငန်းစဉ်များကို ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ရွေးကောက်ပွဲလုပ်ငန်းစဉ်များအနက်မှ မဲစာရင်း ကပ်ထားကြေညာသည့် ကာလ၊ မဲဆွယ်စည်းရုံးရေးကာလနှင့် မဲပေးသည့်နေ့တို့တွင် ပြည်သူလူထု စုဝေးခြင်းများ ဖြစ်ပေါ်လာနိုင်ကြောင်း၊ မဲစာရင်းတွင် မိမိအမည်ပါမှသာ မဲပေးနိုင်မည်ဖြစ်သည့်အတွက် မဲစာရင်းကပ်ထားကြေညာသည့်အချိန်တွင် မဲဆန္ဒရှင်များအနေဖြင့်  မဲစာရင်း လာရောက်ကြည့်ရှုရမည် ဖြစ်ကြောင်း၊ ထိုသို့ကြည့်ရှုရာတွင် လူစုလူဝေးဖြစ်နိုင်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် မဲဆန္ဒရှင်များ Online မှ မဲစာရင်းကြည့်ရှုနိုင်ရန် Mobile Application ကို စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ မဲဆွယ်စည်းရုံးရေးကာလနှင့် မဲပေးသည့်နေ့တို့တွင် COVID019  ရောဂါ ကာကွယ်ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ မည်သို့ဆောင်ရွက်မည်ကို ၀ိုင်းဝန်းအကြံပြု ဆွေးနွေးရန်လိုအပ်ကြောင်း ကော်မရှင်ဥက္ကဋ္ဌက ပြောကြားသည်။

ထို့ပြင် ကမ္ဘာတစ်ဝန်း COVID-19 ရောဂါ ဖြစ်ပွားလျက်ရှိပြီး မြန်မာနိုင်ငံတွင်လည်း COVID-19  ရောဂါ ကာကွယ်ထိန်းချုပ် ကုသနိုင်ရေးအတွက်  အားလုံးဝိုင်းဝန်းကြိုးစားနေသည့်အချိန်ဖြစ်ကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် လက်ရှိအချိန်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ COVID-19  ရောဂါနှင့်ပတ်သက်၍ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း၊ တတိယအကြိမ် လွှတ်တော်သက်တမ်းအတွက် အထွေထွေရွေးကောက်ပွဲကို ၂၀၂၀ ပြည့်နှစ်နှောင်းပိုင်းကာလတွင် ကျင်းပပေးရမည်ဖြစ်ကြောင်း၊ ၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနှင့် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲများသည် ပုံမှန်အခြေအနေတွင် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း ကော်မရှင်ဥက္ကဋ္ဌက ပြောကြားသည်။

ရွေးကောက်ပွဲနေ့၌ မဲဆန္ဒရှင်ပြည်သူများ မဲရုံတွင် မဲစာရင်းကြည့်သည့်အချိန်နှင့် မဲပေးခြင်းဆောင်ရွက်သည့် အချိန်တွင် COVID-19  ရောဂါ ကာကွယ်ထိန်းချုပ်ရေးလမ်းညွှန်ချက်များနှင့်အညီ မည်သို့ဆောင်ရွက်ရမည်ကို သရုပ်ပြမဲရုံများ ပြသပြီး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ သို့မှသာ မဲရုံများတွင် COVID-19 ရောဂါ ကာကွယ်ရေးအတွက် လိုအပ်ချက်များကို စိစစ်သိရှိနိုင်ပြီး ပြင်ဆင်ဆောင်ရွက်ရမည့်ကိစ္စများကို ကြိုတင်စီစဉ်နိုင်မည်ဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို ချမှတ်ထားသည့် စံငါးချက်နှင့်အညီ ကျင်းပနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ကော်မရှင်ဥက္ကဋ္ဌက ပြောကြားသည်။