ဝေဖန်မှုများရှိခဲ့သည့် မြို့မိမြို့ဖအသုံးအနှုန်းသည် NLD ပါတီအတွက်သာသတ်မှတ်ခြင်းဖြစ်၍ ပြင်ဆင်ရန်မရှိဟု ပါတီပြန်ကြားရေးကော်မတီ ပြောကြား

ဝေဖန်မှုများရှိခဲ့သည့် မြို့မိမြို့ဖအသုံးအနှုန်းသည် NLD ပါတီအတွက်သာသတ်မှတ်ခြင်းဖြစ်၍ ပြင်ဆင်ရန်မရှိဟု ပါတီပြန်ကြားရေးကော်မတီ ပြောကြား
Published 10 June 2020
ဉာဏ်လင်းထွန်း

ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းရွေးချယ်ရာတွင်ပါဝင်မည့် မြို့မိမြို့ဖ အသုံးအနှုန်းသည် NLD ပါတီတစ်ခုတည်းအတွက်သာ သတ်မှတ်ခြင်းဖြစ်၍ ပြင်ဆင်သုံးနှုန်းရန်မရှိကြောင်း ယင်းပါတီ၏ ပြန်ကြားရေးကော်မတီအတွင်းရေးမှူး မုံရွာအောင်ရှင်က ပြောကြားသည်။

မြို့မိမြို့ဖစကားရပ်နှင့်ပက်သက်၍ ဝေဖန်မှုအချို့ရှိနေရာပါတီအတွက်သာ သတ်မှတ်ခြင်းဖြစ်၍ ဆောင်ရွက်ခွင့်ရှိသည်ဟု NLD ပါတီ ပြန်ကြားရေးကော်မတီ အတွင်းရေးမှူးက တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့က တခြားဘယ်ပါတီကိုမှ စွက်ဖက်ပြီးတော့ ထိခိုက်ပြီးတော့ မြို့မိမြို့ဖရွေးရမယ်လို့ ပြောတာမဟုတ်ဘူး။ ကိုယ့်ပါတီအတွက်ပဲ ကိုယ်လုပ်တာပဲ။ ဒါကလုပ်ပိုင်ခွင့်ရှိတယ်” ဟု မုံရွာအောင်ရှင်က ပြောကြားသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် NLD ပါတီကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများရွေးချယ်မှုတွင် ပါတီမြို့နယ်အလုပ်အမှုဆောင်အဖွဲ့ ရွေးချယ်ထားသည့် မြို့မိမြို့ဖငါးဦးက ပါဝင်ဆောင်ရွက်သွားမည်ဖြစ်သည်။

ထို့အတွက် မြို့နယ်တစ်ခုချင်းစီအလိုက် မြို့မိမြို့ဖ ရွေးချယ်ခြင်းကို ဇွန် ၈ ရက် နောက်ဆုံးထားဆောင်ရွက်ရန် NLD ပါတီ (ဗဟို)က ညွှန်ကြားခဲ့ပြီး လက်ရှိတွင် မြို့ဖိမြို့ဖများ ရွေးချယ်ပြီးဖြစ်ကြောင်း သိရသည်။

သက်ဆိုင်ရာ မြို့နယ်တွင် နှစ်ရှည်နေထိုင်ခဲ့သူ၊ အများပြည်သူယုံကြည်လေးစားခံရပြီး ဦးဆောင်မှု ပေးနိုင်သူ၊ ဒီမိုကရေစီအရေး အစဉ်တစိုက် အားပေးထောက်ခံသူ၊ NLD ပါတီ ထိခိုက်နစ်နာစေမည့် လုပ်ရပ်များမှ ကင်းရှင်းပြီး ပါတီအကျိုးလိုလားသူ၊ နိုင်ငံရေးအသိအမြင် ကြွယ်ဝသူနှင့် ဒေသ၏ သာရေး၊ နာရေး၊ လူမှုရေးရာများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်သူ စသည့်အချက်များဖြင့်  မြို့မိမြို့ဖရွေးချယ်ရန် NLD ပါတီ (ဗဟို)က ညွှန်ကြားသည်။

အဆိုပါ မြို့မိမြို့ဖ အသုံးအနှုန်းသည် နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများအတွက် ကျင့်ဝတ် Code of Conduct ပါ စည်းမျဉ်းအချို့နှင့် ငြိစွန်းနေသလို အားလုံးကို ကိုယ်စားပြုနေသယောင်ဖြစ်၍ အခြားသောပါတီများ၏ ယှဉ်ပြိုင်မှုပုံရိပ်ကို ထိခိုက်စေသည်ဟု ကချင်အမျိုးသားကွန် ဂရက်ပါတီဥက္ကဋ္ဌ ဒေါက်တာ Mကောန်လက ဝေဖန်သည်။

“မြို့မိမြို့ဖဆိုပြီးတော့ တော်ရုံတန်ရုံမသိနားမလည်တဲ့သူတွေက ဘာသွားမြင်ရသလဲဆိုတော့ သြော် ဒါကတော့ ငါတို့ရဲ့ မြို့မိမြို့ဖတောင် ရွေးထားပြီးပြီပဲ။ သူတို့ပဲ ကိုယ်စားလှယ်ဖြစ်ရမှာပဲဆိုတဲ့ သွယ်ဝိုက် Miss Information ကို ပေးတာ။ အမှန်ကတော့ ဒါက ရွေးကောက်ပွဲစည်းမျဉ်းစည်းကမ်းပေ့ါ။ ရွေးကောက်ပွဲဥပဒေရော နောက်တစ်ခုက ကျွန်တော်တို့က ဘာနဲ့သက်ဆိုင်သလဲဆိုတော့ ခုနက COC နဲ့လည်း တိုက်ရိုက်ငြိစွန်းနေတယ်” ဟု ၎င်းက ပြောကြားသည်။

နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများအတွက် ကျင့်ဝတ် Code of Conduct အပိုဒ်  ၁.၃ (ဂ) တွင် ပါတီအသီးသီး၏ ရှုဒေါင့်အမြင်များ၊ မူဝါဒလမ်းစဉ်များ၊ နိုင်ငံရေးလုပ်ငန်းစဉ်များ တင်ပြရာတွင် နှုတ်ဖြင့်သော်လည်းကောင်း၊ စာဖြင့်ရေးသား၍သော်လည်းကောင်း မှားယွင်းသော ထုတ်ပြန်ကြေညာမှုများ ပြုလုပ်ခြင်းကိုရှောင်ကြဉ်ခြင်း၊ မဲဆန္ဒရှင်များကို ထင်ယောင်ထင်မှားဖြစ်အောင် ပြုလုပ်ခြင်းအား ရှောင်ရှား၍ နိုင်ငံရေးတာဝန်များနှင့် မသက်ဆိုင်သော ပြောဆိုချက်များ၊ အမုန်းစကားများပါဝင်သော မည်သည့်ဟောပြောချက်မျိုးကိုမဆို ရှောင်ကြဉ်ခြင်းဟုဖော်ပြပါရှိသည်။

နိုင်ငံရေးပါတီများကြား ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုနှင့်ပတ်သက်၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့်  ကြားဝင်ညှိနှိုင်းပေးမည်ဆိုလျှင် ကျေနပ်ဖွယ် ရလဒ်တစ်စုံတစ်ရာ ရရှိနိုင်သည်ဟုရွေး ကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ (PACE) အမှုဆောင်ဒါရိုက်တာဦးစိုင်းရဲ ကျော်စွာမြင့်က အကြံပြုသည်။

“ကျွန်တော် ထင်ပါတယ်။ ဒါကနည်း စနစ်ပိုင်းဆိုင်ရာထက်စာရင် နိုင်ငံရေးဆိုင်ရာ ပြဿနာဘက်ကို ပိုသွားတယ်။ ဒါကို ကော်မရှင်အနေနဲ့ တာဝန်ယူပြီးတော့မှ ဆွေးနွေးညှိနှိုင်းပေးမယ်ဆိုရင် ပိုပြီးတော့မှ ကျေနပ်မယ့် အဖြေမျိုးရအောင်လုပ်သင့်တယ်လို့ ကျွန်တော်ယူဆတယ်” ဦးစိုင်းရဲကျော်စွာမြင့်က ပြောကြားသည်။

NLD ပါတီသည် ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်း ရွေးချယ်ရာတွင် မြို့မိမြို့ဖများအား ပါဝင်စေမှုကို ၁၉၉၀ ရွေးကောက်ပွဲတွင် ဦးစွာလုပ်ဆောင်ခဲ့ပြီး ယခု ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အဆိုပါစနစ်ကို ပြန်လည်အကောင်ထည်ဖော်ခြင်း ဖြစ်သည်ဟုသိရသည်။

“ကျွန်တော်တို့က ကျွန်တော်တို့ ကျင့်ဝတ်၊ ပါတီကျင့်ဝတ်အနေနဲ့ပဲ ကိုယ့်ပါတီတစ်ခုတည်းအတွက်ပဲပြောတာ။ တစ်နိုင်ငံလုံးနဲ့ဆိုင်တဲ့ နိုင်ငံရေးပါတီများဆိုင်ရာ မဟုတ်ဘူး။ ရွေးကောက်ပွဲကော်မရှင်နဲ့ဆိုင်တဲ့ကိစ္စ မဟုတ်ဘူး။ ကိုယ့်ပါတီအတွက်ပဲ ကိုယ်ပြောတဲ့ကိစ္စဖြစ်တဲ့အတွက်ကြောင့် ဒီဟာက Code of Conduct နဲ့ သွားပြီးညှိလို့ရမယ်မထင်ဘူး” ဟု NLD ပါတီ ပြန်ကြားရေးကော်မတီအတွင်းရေးမှူး မုံရွာအောင်ရှင်က ပြောကြားသည်။