COVID-19 ရောဂါ မည်မျှကြာမည်ကို ခန့်မှန်းမရသည့်အတွက် အခြေခံလူတန်းစားများအား နိုင်ငံတော်က တောက်လျှောက်ပံ့ပိုးရန် အခက်အခဲရှိဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား

COVID-19 ရောဂါ မည်မျှကြာမည်ကို ခန့်မှန်းမရသည့်အတွက် အခြေခံလူတန်းစားများအား နိုင်ငံတော်က တောက်လျှောက်ပံ့ပိုးရန် အခက်အခဲရှိဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား
 ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား ထောက်ပံ့ပေးမှု အခြေအနေနှင့်စပ်လျဉ်း၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အစိုးရတာဝန်ရှိသူအချို့ ဇွန် ၉ ရက်က အပြန်အလှန်ဆွေးနွေးစဉ်
ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား ထောက်ပံ့ပေးမှု အခြေအနေနှင့်စပ်လျဉ်း၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အစိုးရတာဝန်ရှိသူအချို့ ဇွန် ၉ ရက်က အပြန်အလှန်ဆွေးနွေးစဉ်
Published 10 June 2020
မင်းနိုင်စိုး

COVID-19 ရောဂါဖြစ်ပွားမှု မည်မျှကြာမည်ကို ခန့်မှန်း၍မရသည့်အတွက် အခြေခံလူတန်းစားများအား နိုင်ငံတော်က တောက်လျှောက်ပံ့ပိုးရန် အခက်အခဲရှိကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား ထောက်ပံ့ပေးမှု အခြေအနေနှင့် စပ်လျဉ်း၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေနှင့် ကော့ပနာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဒေါ်နီနီအောင်တို့၏ အပြန်အလှန် ဆွေးနွေးခြင်းအစီအစဉ်ကို ဇွန် ၉ ရက်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် Facebook အကောင့်မှ ထုတ်လွှင့်ခဲ့ပြီး အဆိုပါအစီအစဉ်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“ဒီ COVID ကိစ္စက ဘယ်လောက်လောက်ကြာမယ်ဆိုတာလည်း တွက်ဖို့ခက်ပါတယ်။ ခက်တော့ ဒီတောက်လျှောက်ကို မြန်မာနိုင်ငံကလည်း ဒီလောက်တောင်မှ ချမ်းသာကြွယ်ဝတဲ့ နိုင်ငံမဟုတ်ပါဘူး။ တတ်နိုင်သလောက် လုပ်ပေးတာပဲ။ ကမ္ဘာပေါ်မှာဆိုလို့ရှိရင် အခြေခံလူတန်းစားတွေကို ပံ့ပိုးတဲ့နိုင်ငံ အင်မတန်မှ နည်းပါတယ်။ ဒါပေမဲ့ ဒီနိုင်ငံတော်ကတော့ ဘယ်လိုပဲပြောပြော ကိုယ့်ပြည်သူတွေကို တတ်နိုင်သမျှ ကူညီမယ်ဆိုပြီးတော့ ပံ့ပိုးနိုင်သမျှ ပံ့ပိုးပါတယ်။ တောက်လျှောက်ပံ့ပိုးသွားဖို့ဆိုတာက အင်မတန်မှ ခက်ပါလိမ့်မယ်။ အထူးသဖြင့် ဘယ်လောက်ကြာမယ်ဆိုတာ မှန်းလို့မရဘူး” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

လက်ရှိအချိန်တွင် အစိုးရအနေဖြင့် လုပ်ငန်းများ လုပ်နိုင်ကိုင်နိုင်ဖြစ်စေရန် ပြန်လည်လုပ်ဆောင်ပေးနေပြီး အဆိုပါအခြေအနေတွင် အလုပ်သမားများအနေဖြင့် လုပ်၍ရသောပုံစံမျိုးဖြင့် တတ်နိုင်သလောက် အလုပ်လုပ်ကြရမည်ဖြစ်ကာ ကျန်းမာရေးအရ လုံခြုံမှုနှင့် ဝမ်းစာရှာဖွေနိုင်ရေးကို အစိုးရအနေဖြင့်  တစ်ချိန်လုံး ချိန်ဆနေကြောင်း ၎င်းက ပြောကြားသည်။

ဥပမာအားဖြင့် စားသောက်ဆိုင်များ ပြန်လည်ဖွင့်လှစ်ရန် ခွင့်ပြုပေးလိုက်သော ကိစ္စတွင် စားသောက်ဆိုင်တစ်ဆိုင်သည် ပိုင်ရှင်တစ်ဦးတည်းနှင့်သာ သက်ဆိုင်သောကိစ္စမဟုတ်ဘဲ စားပွဲထိုး၊ သန့်ရှင်းရေး၊ စားဖိုမှူး စသည်ဖြင့် ဆက်နွှယ်သူအများအပြားရှိကြောင်း၊ ထိုသို့စားသောက်ဆိုင် ပြန်လည်ဖွင့်လှစ် ခွင့်ပြုခြင်းဖြင့် စီးပွားရေးအရ ပြန်လည်ရှင်သန်လာသော်လည်း ကျန်းမာရေးကိစ္စမူ မဆုတ်ယုတ်စေချင်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ဒီလိုဆိုင်ဖွင့်လိုက်လို့ စားသောက်ဆိုင်တွေမှာ ပြန်ပြီးတော့ ပြည်သူတွေကနေပြီးတော့ စားသောက်သုံးစွဲကြလို့ ရောဂါရှိတဲ့လူတွေ ပိုများလာမယ်ဆိုရင် ဆိုးကျိုးနဲ့ ကောင်းကျိုးက မမျှဖြစ်သွားမှာလည်း စိုးရိမ်ရတယ်။ အဲဒါကြောင့်မို့လို့ အလုပ်လည်း ပုံမှန်ပြန်ပြီးတော့ လည်နိုင်အောင်လို့၊  ပြည်သူတွေလည်း လုံခြုံအောင်လို့ အဲဒီလိုလုပ်ဖို့ဆိုတာ ပထမဦးဆုံးတော့ ပြည်သူတွေက သတ်မှတ်ထားတဲ့ စည်းကမ်းတွေ လိုက်နာရမှာပေါ့။ သတ်မှတ်ထားတဲ့ စည်းကမ်းလိုက်နာမယ်။ ရောဂါပြန့်ပွားမှုက လျော့သွားမယ်ဆိုရင် ပုံမှန်ပြန်ပြီးတော့ တဖြည်းဖြည်း လည်နိုင်မှာပေါ့” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

မြန်မာနိုင်ငံအနေဖြင့် ဖြုန်းတီးစရာ ငွေမရှိဘဲ ရှိသောငွေကို အထိရောက်ဆုံးဖြစ်စေရန် သုံးစွဲနေရပြီး တစ်ချိန်လုံး ချင့်ချိန်နေရကြောင်း၊ ထို့ပြင် COVID-19 ရောဂါနှင့်ပတ်သက်၍ ထုတ်ပြန်ထားသော အမိန့်ညွှန်ကြားချက်များကို အခြားနိုင်ငံများအား ကြည့်ရှုသုံးသပ်၍ နှစ်ပတ်တစ်ခါ ဖြေလျှော့ပေးနေကြောင်း၊ သို့သော်အချို့က နှစ်ပတ်တစ်ခါ ဖြေလျှော့မှုအား နှေးသည်ဟုထင်မြင်ကြောင်း၊ ဥပမာအားဖြင့် အချို့သောနိုင်ငံများတွင် ကျောင်းများ ပြန်လည်ဖွင့်လှစ်ပြီးမှ ပြန်ပိတ်လိုက်ရသည့် အခြေအနေမျိုးများရှိနေကြောင်း ၎င်းက ပြောကြားသည်။

ထို့ပြင် အချို့သောနိုင်ငံများတွင် တီဗွီမှတစ်ဆင့် ပညာသင်ကြားရန် စီစဉ်နေသကဲ့သို့ အချို့သောနိုင်ငံများကလည်း COVID-19 ရောဂါ ကုသနိုင်သောဆေးဝါးပေါ်လာသည့်အချိန်မှသာ ကျောင်းများ ပြန်လည်ဖွင့်လှစ်ရန် စီစဉ်နေကြောင်း၊ အဆိုပါအခြေအနေများသည် မြန်မာနိုင်ငံတွင် လိုက်ပါဆောင်ရွက်ရန် အလွန်ခက်ခဲမည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

“ဒီနိုင်ငံမှာဒီလိုလုပ်ဖို့ကတော့ အင်မတန်မှ ခက်ပါလိမ့်မယ်။ အဲဒီလိုလုပ်ရင် ပညာမသင်နိုင်တဲ့ ကလေးဦးရေက များသွားပါလိမ့်မယ်။ ဒါကြောင့်မို့လို့ ကျောင်းတွေကိုဆိုရင် ဇူလိုင်လလောက်မှာ အထက်တန်းကျောင်းတွေကို စပြီးတော့ ဖွင့်ကြည့်မယ်။ ဖွင့်ပြီးတော့ အခြေအနေအရ အဆင်ပြေလို့ရှိရင် နောက်တစ်ဆင့်ပေါ့နော်။ အလယ်တန်းကျောင်းကို တိုးဖွင့်သင့်ရင်လည်းဖွင့်ရမှာပေါ့။ နောက်တော့မှ မူလတန်းကျောင်းကို နောက်ဆုံးစဉ်းစားရမှာပေါ့” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

ကျောင်းများ ပြန်လည်ဖွင့်လှစ်ပြီးနောက် ရောဂါဖြစ်ပွားမှု တစ်ဖန်ပျံ့နှံ့သွားမည်ဆိုပါက ကျောင်းများအားလုံးကို ပြန်လည်ပိတ်သွားမည်ဖြစ်ပြီး နောက်ဆက်တွဲအနေဖြင့် အလွန်ကျပ်တည်းသော စည်းမျဉ်းစည်းကမ်းများကို ပြန်လည်ချမှတ်ရမည်ဖြစ်ကြောင်းလည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

လက်ရှိအချိန်တွင် စီးပွားရေး၏အခြေအနေမှာ တစ်ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကျဆင်းမှုနှင့် ရင်ဆိုင်နေရပြီး မြန်မာနိုင်ငံအနေဖြင့်လည်း တတ်နိုင်သမျှ စီးပွားရေးမကျဆင်းစေရန် ကြိုးစားနေရကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် ပြည်သူလူထုကလည်း ဝိုင်းဝန်းကူညီရန် လိုအပ်မည်ဖြစ်ကြောင်းနှင့် တဖြည်းဖြည်းချင်း စီးပွားရေးပုံမှန် လည်ပတ်နိုင်စေရန် ကြိုးစားရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။