အပစ်ရပ်နယ်မြေတွင် ပါဝင်သည့် ရှမ်းမြောက်ဒေသ၌ တပ်မတော်နှင့် KIA နှစ်ရက်ဆက် တိုက်ပွဲဖြစ်ပွား

အပစ်ရပ်နယ်မြေတွင် ပါဝင်သည့် ရှမ်းမြောက်ဒေသ၌ တပ်မတော်နှင့် KIA နှစ်ရက်ဆက် တိုက်ပွဲဖြစ်ပွား
မေ ၂၀ ရက်က လိုင်ဇာအနီးရှိ မိုင်ဆာပါဒေသတွင် ပြုလုပ်သည့် COVID-19 ကာကွယ်ထိန်းချုပ်ကုသရေး အထောက်အကူပစ္စည်းများ ပေးအပ်ပွဲ အခမ်းအနားတွင် တပ်မတော်နှင့် KIA နှစ်ဖက်တာဝန်ရှိသူများကို တွေ့ရစဉ်
မေ ၂၀ ရက်က လိုင်ဇာအနီးရှိ မိုင်ဆာပါဒေသတွင် ပြုလုပ်သည့် COVID-19 ကာကွယ်ထိန်းချုပ်ကုသရေး အထောက်အကူပစ္စည်းများ ပေးအပ်ပွဲ အခမ်းအနားတွင် တပ်မတော်နှင့် KIA နှစ်ဖက်တာဝန်ရှိသူများကို တွေ့ရစဉ်
Published 8 June 2020
မင်းနိုင်စိုး

တပ်မတော်က ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲကြောင်း ကြေညာထားသည့် နယ်မြေတွင် ပါဝင်သော ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့နယ်နှင့် ကွတ်ခိုင်မြို့နယ်အစပ်တွင် ဇွန် ၆ ရက်နှင့် ၇ ရက်၌ တပ်မတော်နှင့် ကချင်လက်နက်ကိုင်အဖွဲ့ (KIA) တို့ နှစ်ရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားသည်။

“လွန်ခဲ့တဲ့ ဒီဇွန်လ ၆ ရက်နေ့ကနဲ့ ၇ ရက်နေ့အထိ ကျွန်တော်တို့ KIA တပ်မဟာ (၆) လက်အောက်ခံဖြစ်တဲ့ တပ်ရင်း (၉) နယ်မြေမှာ တိုက်ပွဲဖြစ်ခဲ့ပါတယ်။ မြို့နယ်နဲ့ ပြောရမယ်ဆိုရင်တော့ မူဆယ်မြို့နယ်ရဲ့ အရှေ့ဘက်အစွန်းလောက် ကျမှာပါ။ ကွတ်ခိုင်နဲ့ မူဆယ်မြို့အစပ်လောက် ကျမှာပေါ့။ အဲဒီနေရာက ကျွန်တော်တို့ KIA ရဲ့ တပ်ရင်း (၉) နယ်မြေ ဖြစ်ပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူ က ပြောကြားသည်။

အဆိုပါ နယ်မြေသို့ တပ်မတော်စစ်ကြောင်းက တိုးဝင်လာသည့်အတွက် KIA အနေဖြင့် ခုခံရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့ရခြင်းဖြစ်ပြီး ဇွန် ၇ ရက်တွင် မနက် ၆ နာရီခွဲခန့်မှစ၍ ညနေပိုင်းအထိ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောကြားသည်။

တပ်မတော်စစ်ကြောင်းသည် ညနေပိုင်းတွင် တိုက်ပွဲဖြစ်ပွားရာ ဧရိယာမှ ပြန်လည် ဆုတ်ခွာသွားခဲ့ပြီး ထိုသို့ ပြန်လည် ဆုတ်ခွာရာတွင် ဒဏ်ရာရရှိသူများအား ထမ်းစင်ဖြင့် သယ်ဆောင်သွားခြင်းများ၊ တုတ်ချောင်းဖြင့် ထောက်၍ ထွက်ခွာသွားခြင်းများ စသည့်အခြေအနေမျိုးကိုလည်း မြင်တွေ့ရသည်ဟု အရပ်ဘက်မှ သိရသော အခြေအနေများကို ၎င်းက ပြောကြားသည်။

“ဒါပေမဲ့ တိကျတဲ့ အောက်ခြေသတင်း အခြေအနေတော့ ဘာမှမကြားရသေးပါဘူး”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောကြားသည်။

နမ့်ဖတ်ကာရွာ၏ အရှေ့မြောက်ဘက် မီတာ ၁၂၀၀၀ ခန့်အကွာတွင် ဇွန် ၇ ရက်က တပ်မတော်စစ်ကြောင်းနှင့် KIA တို့ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အဆိုပါထိတွေ့ တိုက်ပွဲတွင် နံနက်ပိုင်း၌ KIA အင်အား ၁၅ ဦးခန့်နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ မွန်းလွဲပိုင်းတွင် အင်အား ၆၀ ခန့်နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

“အဓိကဖြစ်ပွားရတဲ့ အကြောင်းရင်းကတော့ ဒီရှမ်းမြောက်ဘက်မှာ နယ်မြေကျော်လွန်လာတဲ့အတွက် ဖြစ်ပွားရခြင်း ဖြစ်တယ်။ ကျွန်တော်တို့ အနေနဲ့ကလည်း အဲဒီဘက်မှာ နယ်မြေစိုးမိုးရေး လုပ်ငန်းတွေ ဆောင်ရွက်နေတာ ရှိတယ်။ အဲဒီဘက်မှာ ဖြစ်ခဲ့တာ ဖြစ်တယ်။ KIA ဘက်တော့ လက်နက်အချို့ သိမ်းဆည်းရမိခဲ့တာ ရှိတယ်။ ကျွန်တော်တို့ဘက်ကလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ စစ်သည်တချို့ ရှိပါတယ်”ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က ပြောကြားသည်။

နှစ်ရက်ဆက် ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် ဇွန် ၆ ရက်၌ ဖြစ်ပွားခဲ့သော တိုက်ပွဲသည် ပြင်းထန်မှု သိပ်မရှိဘဲ ဇွန် ၇ ရက်၌ ဖြစ်ပွားခဲ့သော တိုက်ပွဲတွင်မူ အနည်းငယ် ပြင်းထန်ခဲ့ကြောင်း၊ ဇွန် ၇ ရက်၌ ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် နံနက် ၆ နာရီကျော် ၇ နာရီဝန်းကျင်မှ နံနက် ၉ နာရီ ၁၀ နာရီဝန်းကျင်ထိ အခြေအနေမှာ အနည်းငယ် ပြင်းထန်ခဲ့ကြောင်း KIA မှ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားသည်။

KIO ဗဟိုအနေဖြင့် အောက်ခြေတပ်များအား ထိုးစစ်ဆင်မှုများ ဆောင်ရွက်ခြင်း မပြုရန် ညွှန်ကြားထားကြောင်း၊ ထို့ပြင် မြို့ရွာများ၊ လမ်းမပေါ်များသို့ ဆင်း၍ စစ်ရေးလှုပ်ရှားမှုများ မပြုလုပ်ရန် ညွှန်ကြားထားကြောင်းလည်း ဗိုလ်မှူးကြီးနော်ဘူက ပြောကြားသည်။ 

“ကျွန်တော်တို့ KIO အနေနဲ့ကတော့ အောက်ခြေတွေ အားလုံးကို ထိုးစစ်ဆင်ဖို့ မလုပ်ဖို့ ညွှန်ကြားထားပြီး ဖြစ်ပါတယ်။ နောက်ပြီးတော့ မြို့ရွာတို့၊ လမ်းမပေါ်တို့ ဆင်းပြီးတော့ စစ်ရေးလှုပ်ရှားတာတွေ မလုပ်ဖို့လည်း ကျွန်တော်တို့ ညွှန်ကြားထားတာ ရှိပါတယ်။ ဒါပေမဲ့ အခုတစ်ခါကတော့ တပ်မတော်က ကျွန်တော်တို့ရဲ့ တပ်နယ်မြေဘက်ကို လာရောက်လို့ဖြစ်တဲ့ တိုက်ပွဲဖြစ်ပါတယ်။ ပြောရမယ်ဆိုရင်တော့ တပ်မတော်က အပစ်အခတ်ရပ်စဲရေး ထုတ်ပြန်ကြေညာထားတဲ့ အချိန်ကာလလည်း ဖြစ်ပါတယ်”ဟု ဗိုလ်မှူးကြီး နော်ဘူက ပြောကြားသည်။

တပ်မတော်နှင့် KIA အကြား နယ်မြေသတ်မှတ်ချက်များနှင့် ပတ်သက်၍ ယခင်ကတည်းကပင် သဘောတူညီချက်များ ရှိခဲ့ပြီးဖြစ်ကြောင်း၊ နယ်မြေ သတ်မှတ်ချက်များနှင့် ပတ်သက်၍ ၁၉၉၃၊ ၂၀၁၂ နှင့် ၂၀၁၃ ခုနှစ်တို့တွင် ဆွေးနွေးသဘောတူညီထားမှုများရှိကာ အဆိုပါ သဘောတူညီချက်များတွင် နယ်မြေသတ်မှတ်ချက်များ ပါဝင်ကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

“အဲဒီနယ်မြေတွေကလည်း သူတို့သိပြီးသားတွေ ဖြစ်ပါလိမ့်မယ်။ မသိဘဲနဲ့တော့ လွန်စရာအကြောင်း မရှိပါဘူး။ သိမှာပါ။ သူတို့ အောက်ခြေက မသိလည်း အပေါ်ဘက်က သိမှာပါ။ ကျွန်တော်တို့ ပြောချင်တာကတော့ သဘောတူညီချက်တွေ ရှိတယ်။ အဲဒီသဘောတူညီချက်တွေအတိုင်း လိုက်နာဖို့လိုတယ်။ သဘောတူညီချက်တွေနဲ့ မဆိုင်တဲ့နယ်မြေမှာ ဝင်ရောက်လာခြင်းကြောင့် ဖြစ်ရခြင်းလို့ပဲ ပြောချင်ပါတယ်”ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က ပြောကြားသည်။

ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ရခိုင်ဒေသနှင့် ပလက်ဝရှိ တိုက်ပွဲဖြစ်ပွားရာ ဒေသများမှလွဲ၍ ကျန်နယ်မြေများတွင် တပ်မတော်က ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲကြောင်း ကြေညာထားသည်။