အိန္ဒိယအစိုးရကို ဆန့်ကျင်နေသော အိန္ဒိယနိုင်ငံသား လက်နက်ကိုင်အဖွဲ့ဝင် ၂၂ ဦး သမ္မတဦးဝင်းမြင့်၏ လွတ်ငြိမ်းချမ်းသာခွင့်ရရှိပြီးနောက် မြန်မာမှ အိန္ဒိယသို့ ပြန်လည်လွှဲပြောင်း

အိန္ဒိယအစိုးရကို ဆန့်ကျင်နေသော အိန္ဒိယနိုင်ငံသား လက်နက်ကိုင်အဖွဲ့ဝင် ၂၂ ဦး သမ္မတဦးဝင်းမြင့်၏ လွတ်ငြိမ်းချမ်းသာခွင့်ရရှိပြီးနောက် မြန်မာမှ အိန္ဒိယသို့ ပြန်လည်လွှဲပြောင်း
Published 16 May 2020
မင်းနိုင်စိုး

အိန္ဒိယအစိုးရကို ဆန့်ကျင်နေသော အိန္ဒိယနိုင်ငံသား လက်နက်ကိုင်အဖွဲ့ဝင် ၂၂ ဦးကို နှစ်နိုင်ငံပေါင်းစပ်ညှိနှိုင်းမှုအရ မေ ၁၅ ရက်တွင် မြန်မာနိုင်ငံက အိန္ဒိယနိုင်ငံသို့ ပြန်လည် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ တကားကျေးရွာအနီးတစ်ဝိုက်ရှိ နာဂလက်နက်ကိုင်အဖွဲ့ (NSCN-K) စခန်းနှင့် အနီးပတ်ဝန်းကျင်နေများကို တပ်မတော်စစ်ကြောင်းများက ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီနှင့် မတ်လအတွင်း၌ စစ်ဆင်ရေးဆောင်ရွက်ခဲ့ပြီး အဆိုပါ စစ်ဆင်ရေးများတွင် NSCN-K အဖွဲ့အသွင်ယူထားသည့် အိန္ဒိယအစိုးရကို ဆန့်ကျင်နေသော အာသံနှင့် ကသည်း လက်နက်ကိုင်အဖွဲ့ဝင်များ၊ စခန်းများနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိခဲ့ကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

ထိုသို့ ဖမ်းဆီးရမိသူများကို ၂၀၁၉ ခုနှစ် မေလတွင် ပြစ်ဒဏ်ချမှတ်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဧပြီလအတွင်း မြန်မာနှစ်ဆန်းတစ်ရက်၌ နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြစ်ဒဏ်မှ ပြန်လည်လွတ်မြောက်လာသူများတွင် ၎င်းတို့ ပါဝင်ခဲ့ကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

“ အဲဒါကြောင့် သူတို့ ဒီပြစ်ဒဏ်ကျခံနေရာကနေ လွတ်တယ်။ လွတ်ပြီးတော့ သူတို့သည် အိန္ဒိယနိုင်ငံသားတွေ ဖြစ်တဲ့အတွက်ကြောင့် နှစ်နိုင်ငံ ပေါင်းစပ်ညှိနှိုင်းမှုအရ ကျွန်တော်တို့ အိန္ဒိယကို ပြန်လွှဲပေးရမှာ ဖြစ်တယ်။ အိန္ဒိယကနေပြီးတော့ မနေ့က (မေ ၁၅ ရက်) လေယာဉ်နဲ့ လာခေါ်သွားတာ ဖြစ်ပါတယ်” ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

အဆိုပါလက်နက်ကိုင်အဖွဲ့ဝင် ၂၂ ဦးသည် အိန္ဒိယနိုင်ငံ အာသံ၊ မဏိပူရ ဒေသများတွင် လှုပ်ရှားနေသည့်အဖွဲ့များနှင့် ဆက်စပ်နေကြောင်း၊ အိန္ဒိယနိုင်ငံသားများဖြစ်ကြောင်း၊ အိန္ဒိယနိုင်ငံသားများဖြစ်သည့်အတွက် အိန္ဒိယနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးခြင်းဖြစ်ကာ မေ ၁၅ ရက်တွင် အိန္ဒိယ ခေတ္တကောင်စစ်ဝန်ချုပ် တာဝန်ယူထားသူထံ ၎င်းတို့ ၂၂ ဦးကို  မြန်မာနိုင်ငံရဲတပ်ဖွဲ့က ပြန်လည်လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ပြီး ခန္တီးလေဆိပ်မှတစ်ဆင့် အိန္ဒိယနိုင်ငံသို့ ပြန်လည်ခေါ်သွားကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက မေ ၁၆ ရက်တွင် အွန်လိုင်းစနစ်ဖြင့် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

ထိုသို့ပြန်လည်လွှဲပြောင်းပေးခြင်းမှာ သံတမန်ဆက်ဆံရေး ပိုကောင်းအောင် လုပ်ဆောင်ခြင်းလားဟု မေးမြန်းမှုအပေါ် ဦးဇော်ဌေးက အိန္ဒိယနိုင်ငံသားများဖြစ်သည့်အတွက် လွှဲပြောင်းခြင်းသာဖြစ်ကြောင်း ပြောကြားသည်။

“ အဓိကနိုင်ငံခြားသားတွေလေ။ ကျွန်တော်တို့ လွှတ်ပေးကတည်းကတိုင် နိုင်ငံသား၊ နိုင်ငံခြားသား အကျဉ်းသူ၊ အကျဉ်းသား ဒီလိုမျိုးလွတ်ပေးတာပေါ့နော်။ နိုင်ငံခြားသားဖြစ်တဲ့အတွက် လွှတ်ပေးပြီးဆိုမှတော့ သူ့နိုင်ငံသူပြန်ပို့တာပါပဲ။ ဒါပါပဲ” ဟု ဦးဇော်ဌေးက ပြောကြားသည်။

ယခုပြန်လည်လွှဲပြောင်းပေးခဲ့သည့် လက်နက်ကိုင်အဖွဲ့ဝင် ၂၂ ဦး ဖမ်းဆီးထိန်းသိမ်းခံရစဉ်က ၎င်းတို့အား လက်ခံထားသည့် နာဂလက်နက်ကိုင်အဖွဲ့ (NSCN-K) ခေါင်းဆောင်များနှင့် အဖွဲ့ဝင်များလည်း ဖမ်းဆီးထိန်းသိမ်းခံရကာ ထောင်ဒဏ်များ ချမှတ်ခံရပြီး ဧပြီလ မြန်မာနှစ်ဆန်းတစ်ရက်က နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်တွင် အဆိုပါ နာဂလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များလည်း ပြန်လည်လွတ်မြောက်ခဲ့သည်။

Most Read

Most Recent