လက်ရှိဘဏ္ဍာနှစ် ခုနစ်လခန့်တွင် ပြည်ပမှ စက်သုံးဆီတန်ချိန် ၃ ဒသမ ၃ သန်းကျော် တင်သွင်းမှုမှ ဒေါ်လာ ၁ ဒသမ ၈ ဘီလျံကျော်ရှိပြီး ယခင်နှစ်ကာလတူထက် တန်ချိန်လေးသိန်းနှင့် တန်ဖိုးဒေါ်လာ ၅၆ သန်း ပိုမိုတင်သွင်းထား

လက်ရှိဘဏ္ဍာနှစ် ခုနစ်လခန့်တွင် ပြည်ပမှ စက်သုံးဆီတန်ချိန် ၃ ဒသမ ၃ သန်းကျော် တင်သွင်းမှုမှ ဒေါ်လာ ၁ ဒသမ ၈ ဘီလျံကျော်ရှိပြီး ယခင်နှစ်ကာလတူထက် တန်ချိန်လေးသိန်းနှင့် တန်ဖိုးဒေါ်လာ ၅၆ သန်း ပိုမိုတင်သွင်းထား
ရန်ကုန်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ- ကြည်နိုင်)
ရန်ကုန်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ- ကြည်နိုင်)
Published 9 May 2020
ဇေယျာငြိမ်း

လက်ရှိဘဏ္ဍာနှစ် ခုနစ်လခန့်တွင် ပြည်ပမှ စက်သုံးဆီတန်ချိန် ၃ ဒသမ ၃ သန်းကျော် တင်သွင်းမှု ဒေါ်လာ ၁ ဒသမ ၈ ဘီလျံကျော်ရှိပြီး ယခင်နှစ်ကာလတူထက် တန်ချိန်လေးသိန်းနှင့် တန်ဖိုးဒေါ်လာ ၅၆ သန်း ပိုမိုတင်သွင်းထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောကြားသည်။

“ ဒီနှစ်မှာ ယခင်ကာလတူထက် ဒီဇယ် တင်သွင်းမှုက တန်ချိန် နှစ်သိန်းလောက် ပိုတယ်။ တန်ဖိုးကတော့ ဒေါ်လာ ၃၅ သန်းလောက် လျော့တယ်။ ဓာတ်ဆီက တန်ချိန် နှစ်သိန်းပိုတယ်။ တန်ဖိုးကတော့ ၉၁ သန်းလောက် ပိုတယ်။ စုစုပေါင်းဆိုရင်တော့ တန်ချိန်က လေးသိန်းပိုတယ်။ တန်ဖိုးကတော့ ဒီဇယ်မှာ ဒေါ်လာ ၃၅ သန်း လျော့ပေမယ့် ဓာတ်ဆီမှာ ၉၁ သန်းအထိပိုတော့ စုစုပေါင်း တန်ဖိုးက ၅၆ သန်းပိုတယ်” ဟု ဦးခင်မောင်လွင်က ပြောကြားသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဧပြီ ၂၄ ရက်အထိ ခုနစ်လခန့်တွင် ပြည်ပမှ ဒီဇယ်တန်ချိန် နှစ်သန်း တင်သွင်းထားပြီး တန်ဖိုးဒေါ်လာ ၁ ဒသမ ၁၄ ဘီလျံအထိ ရှိသည်။ ယခင်နှစ်ကာလတူထက် တန်ချိန် ၁ ဒသမ ၈ သန်း တင်သွင်းထားပြီး တန်ဖိုးဒေါ်လာ ၁ ဒသမ ၁၇ သန်းကျော် ရှိသည်။

ဘဏ္ဍာနှစ် ခုနစ်လခန့်တွင် ဒီဇယ်တန်ချိန် နှစ်သိန်း ပိုမိုတင်သွင်းထားသော်လည်း တန်ဖိုးဒေါ်လာ ၃၅ သန်း လျော့ကျခဲ့သည်။

အဆိုပါကာလအတွင်း ဓာတ်ဆီတင်သွင်းမှုသည် တန်ချိန် ၁ ဒသမ ၃ သန်း တင်သွင်းထားပြီး တန်ဖိုးဒေါ်လာ ၇၄၇ သန်းရှိသည်။ ယခင်နှစ်ကာလတူတွင် တန်ချိန် ၁ ဒသမ ၁ သန်း တင်သွင်းထားပြီး တန်ဖိုးဒေါ်လာ ၆၅၆ သန်းသာ တင်သွင်းထားသည်။

ထို့ကြောင့် ဓာတ်ဆီတန်ချိန် နှစ်သိန်း ပိုမိုတင်သွင်းထားပြီး တန်ဖိုးဒေါ်လာ ၉၁ သန်း ပိုမိုတင်သွင်းထားသည်။

လက်ရှိဘဏ္ဍာနှစ် ခုနစ်လခန့်တွင် ပြည်ပမှ စုစုပေါင်း စက်သုံးဆီတန်ချိန် ၃ ဒသမ ၃ သန်းကျော် တင်သွင်းမှုသည် တန်ဖိုးဒေါ်လာ ၁ ဒသမ ၈ ဘီလျံကျော်ရှိပြီး ယခင်နှစ်ကာလတူထက် တန်ချိန်အားဖြင့် လေးသိန်းနှင့် တန်ဖိုးအားဖြင့် ဒေါ်လာ ၅၆ သန်း ပိုမိုတင်သွင်းထားခြင်းဖြစ်သည်။

မေ ၈ ရက်တွင် ပြည်တွင်း စက်သုံးဆီစျေးနှုန်းများမှာ ဒီဇယ် လက်လီ တစ်လီတာ ကျပ် ၄၀၅ မှ ၄၈၀ ကြား၊ လက်ကား တစ်လီတာ ကျပ် ၄၀၅ မှ ၄၁၀ ကြား၊ Premium ဒီဇယ် လက်လီ တစ်လီတာ ကျပ် ၄၁၅မှ ၄၉၀ ကြား၊ လက်ကား တစ်လီတာ ကျပ် ၄၁၅ မှ ၄၂၀ ကြားရှိကြောင်း မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်းမှ ထုတ်ပြန်ချက်အရ သိရသည်။

ထို့အတူ ဓာတ်ဆီ (RON 92) လက်လီ တစ်လီတာ ကျပ် ၃၁၀ မှ ၃၄၅ ကြား၊ လက်ကား တစ်လီတာ ကျပ် ၃၃၅ မှ ၃၄၅ ကြားနှင့် ဓာတ်ဆီ (RON 95) လက်လီ တစ်လီတာ ကျပ် ၄၅၀ မှ ၄၈၀ ကြား၊ လက်ကား တစ်လီတာ ကျပ် ၃၇၅ မှ ၃၉၀ ကြားရှိသည်။

ကမ္ဘာ့ရေနံစျေးသည် ဧပြီ ၂၃ ရက်တွင် တစ်စည် ၆၆ ဒေါ်လာဝန်းကျင်အထိ မြင့်တက်ခဲ့ပြီးနောက် မေ ၂၈ ရက်တွင် ၅၉ ဒေါ်လာဝန်းကျင်၊ ဇွန် ၁၂ ရက်တွင် ၅၁ ဒေါ်လာဝန်းကျင်အထိ ၁၅ ရက်အတွင်း ၁၃ ရာခိုင်နှုန်းကျော် ပြန်ကျခဲ့သည်။ ပြည်တွင်းစက်သုံးဆီစျေးနှုန်းသည် ဇန်နဝါရီလဆန်းမှ မေလကုန်ပိုင်းအထိ ခြောက်လနီးပါးအတွင်း တစ်လီတာ ကျပ် ၁၆၀ မှ ၂၅၅ ကျပ်အထိ ဆက်တိုက်မြင့်တက်ခဲ့ပြီး စက်သုံးဆီ အမျိုးအစားအလိုက် ၁၈ ရာခိုင်နှုန်းကျော်မှ ၃၆ ရာခိုင်နှုန်းကျော်အထိ မြင့်တက်ခဲ့ရာမှ ဇွန်လဆန်းမှ စတင်မှာ ပြန်လည်ကျဆင်းလာကြောင်း စက်သုံးဆီ အရောင်းဆိုင်များထံမှ သိရသည်။

၂၀၁၉ ခုနှစ်အတွင်း လအလိုက်၊ စက်သုံးဆီစျေးနှုန်း (လီတာ) များအလိုက် မြင့်တက်ခဲ့သော ပမာဏများမှာ ဇန်နဝါရီတွင် ၂၅ ကျပ်မှ ကျပ် ၆၀ အထိ၊ ဖေဖော်ဝါရီတွင် ကျပ် ၄၀၊ မတ်တွင် ၅၅ ကျပ်မှ ကျပ် ၈၀ အထိ၊ ဧပြီတွင် ၃၅ ကျပ်မှ ၆၅ ကျပ်အထိ စျေးနှုန်းများ ဆက်လက်မြင့်တက်ခဲ့ပြီး မေတွင် အတက်အကျနည်းပါးခဲ့ကာ ဇွန်လဆန်းမှစတင်ကာ စျေးနှုန်းများ ပြလည်ကျဆင်းခဲ့ခြင်းဖြစ်သည်။

ဒေါ်လာစျေးနှင့် ကမ္ဘာ့ရေနံစျေးနှုန်း အပြိုင်မြင့်တက်ခဲ့သည့် ၂၀၁၈ ခုနှစ် ဇွန်လမှ အောက်တိုဘာအထိ လေးလကျော်အတွင်း ပြည်တွင်းစက်သုံးဆီစျေးနှုန်း ၂၁ ရာခိုင်နှုန်းကျော်အထိ မြင့်တက်ခဲ့ပြီး တစ်လီတာ စံချိန်တင် စျေးနှုန်းများအနေဖြင့် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၀ ရက်တွင် 92 Ron ၁၀၆၅ ကျပ်၊ 95 Ron ၁၁၁၅ ကျပ်၊ ဒီဇယ် ၁၀၉၅ ကျပ်၊ ပရီမီယံဒီဇယ် ၁၁၀၅ ကျပ်အထိ ဖြစ်ပေါ်ခဲ့သည်။

Most Read

Most Recent