COVID-19 ကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍ အသီးသီးတွင် ထိခိုက်မှုအခြေအနေ ဆန်းစစ်မှု (Impact Assessment) များကို အဖွဲ့အစည်း သုံးခုပေါင်း၍ စတင်လုပ်ဆောင်နေ

COVID-19 ကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍ အသီးသီးတွင် ထိခိုက်မှုအခြေအနေ ဆန်းစစ်မှု (Impact Assessment) များကို အဖွဲ့အစည်း သုံးခုပေါင်း၍ စတင်လုပ်ဆောင်နေ
COVID-19 ကြောင့် စားဝတ်နေရေး ထိခိုက်ခဲ့သည့် ပြည်သူများအတွက် စားနပ်ရိက္ခာထောက်ပံ့ရန် ပြင်ဆင်နေမှုကို တွေ့ရစဉ် (ဓာတ်ပုံ-သီဟအောင်)
COVID-19 ကြောင့် စားဝတ်နေရေး ထိခိုက်ခဲ့သည့် ပြည်သူများအတွက် စားနပ်ရိက္ခာထောက်ပံ့ရန် ပြင်ဆင်နေမှုကို တွေ့ရစဉ် (ဓာတ်ပုံ-သီဟအောင်)
Published 7 May 2020

COVID-19 ကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍ အသီးသီးတွင် ထိခိုက်မှုအခြေအနေ ဆန်းစစ်မှု (Impact Assessment) များကို အဖွဲ့အစည်း သုံးခုပေါင်း၍ စတင်လုပ်ဆောင်နေကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးက နိုင်ငံပိုင်မီဒီယာများနှင့် တွေ့ဆုံမေးမြန်းမှုတွင် ပြောကြားသည်။

“ဧပြီ ၂၈ ရက်က COVID-19 Economic Relief Plan - CERP ဆိုတာကို ထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။ ဒီအထဲမှာ ရေတိုလုပ်မယ့် လုပ်ငန်းစဉ်တွေ အကုန်လုံးပါပါတယ်။ ဒါက ၂၀၂၀ နှစ်ကုန်ပိုင်းအထိ ဘာတွေဆောင်ရွက်မယ် ဆိုတာကို အသေးစိတ် ရေးဆွဲထားတာပါ။ ရေတိုကုစားတဲ့ အပိုင်းပါ။ ကာလလတ်၊ ကာလရှည်အတွက် လုပ်ရမှာတွေအတွက် DaNa Facility၊ UNCDF ခေါ်တဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတစ်ခုနဲ့ International Trade Centre သုံးခုပေါင်းပြီး မြန်မာနိုင်ငံ စီးပွားရေးကဏ္ဍမှာ ဘယ်ကဏ္ဍ ဘယ်လောက် ထိခိုက်သွားသလဲ ဆိုတာကို ထိခိုက်မှုဆန်းစစ်ခြင်း (Impact Assessment) စလုပ်နေပြီ။ Impact Assessment အပေါ်မူတည်ပြီး ဘယ်ကဏ္ဍက ထိခိုက်ပြီး ပြန်လည်ကုစားဖို့အတွက်၊ ပြန်ထူထောင်ဖို့အတွက် ကုစားရေး အစီအစဉ် တွေကိုလည်း အသေးစိတ် ဆောင်ရွက်သွားမှာပါ” ဟု ဦးအောင်နိုင်ဦးက ပြောကြားသည်။

လာမည့်ဇွန်လကုန်၌ လက်ရှိဆောင်ရွက်နေသည့် Impact Assessment လုပ်ငန်းစဉ်ရေးဆွဲခြင်း ပြီးစီးနိုင်မည်ဖြစ်ပြီး ကုစားရေး အစီအစဉ်များကို ဆက်လက် ထွက်ပေါ်လာမည်ဖြစ်ကြောင်း သိရသည်။

“ဒီ Impact Assessment က ဒီခြောက်လပိုင်း လကုန်ဆိုရင် ပြီးစီးမယ်လို့ ခန့်မှန်းထားပါတယ်။ အခု Survey ဆင်းနေတာတွေ ရှိပါတယ်။ အချက်အလက်တွေ ကောက်နေပါတယ်။ သုံးသပ်ချက်တွေ ဆောင်ရွက်နေတာလည်း ရှိပါတယ်။ ဒီဟာတွေကနေ ဆက်ပြီး အကောင်အထည်ဖော်ရမယ့် လုပ်ငန်းစဉ်တွေ ထွက်ပေါ်လာမှာပါ” ဟု ဦးအောင်နိုင်ဦးက ပြောကြားသည်။

စီးပွားရေးကဏ္ဍအစုံ နယ်ပယ်စုံတွင် ပြန်လည်ထူထောင်နိုင်မည့် နည်းလမ်းများ ပါဝင်သည့် COVID-19 ဘက်စုံတုံ့ပြန်ရေး စီမံချက် မကြာမီ အကောင်အထည် ဖော်တော့မည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ပြောကြားသည်။

မြန်မာနိုင်ငံအနေဖြင့် စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှား လျက်ရှိရာ အိမ်ထောင်စုများနှင့် စီးပွားရေး လုပ်ငန်းများအပေါ် လူမှုစီးပွားထိခိုက်မှုများ တတ်နိုင်သမျှ အနည်းဆုံးဖြစ်စေရန်၊ လုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် COVID-19 ဘက်စုံ တုံ့ပြန်ရေး စီမံချက်ကို မကြာမီ အကောင်အထည် ဖော်တော့မည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း ရေးသားသည့် “COVID-19 ကပ်ရောဂါတိုက်ဖျက်ဖို့ တစ်နိုင်ငံလုံး ပူးပေါင်းပါဝင်ကြပါစို့” ဆောင်းပါးတွင် ဖော်ပြထားသည်။

အဆိုပါစီမံချက်တွင် မူဝါဒဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ၊ လုပ်ငန်းစဉ်များ ပါဝင်ပြီး နယ်ပယ်စုံ၊ ကဏ္ဍစုံတွင် ပြန်လည်ထူထောင်နိုင်မည့် နည်းလမ်းများ ပါဝင်သည့်အတွက် မြန်မာနိုင်ငံ၏ COVID-19 ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် လမ်းပြမြေပုံအဖြစ် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

မူဝါဒ ချမှတ်ရာ၌လည်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွန်အခများနှင့် အလုပ်လုပ်ကိုင်ခြင်းအတွက် ဝင်ငွေခွန်များ ပိုမိုကောက်ခံခြင်း ကဲ့သို့သော မူဝါဒများကို ချမှတ်သွားမည် မဟုတ်ဘဲ လက်ရှိမြန်မာနိုင်ငံသားများ ရရှိခံစား လျက်ရှိသည့် လူမှုဖူလုံရေးဆိုင်ရာ ခံစားခွင့်များနှင့် စီးပွားရေးဆိုင်ရာ အခြေခံ ခံစားခွင့်များကို ထိခိုက်မှုမရှိသည့် မူဝါဒများကိုသာ ချမှတ်မည် ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

ကမ္ဘာတစ်ဝန်း COVID-19 ရောဂါကို တွန်းလှန်နိုင်ရန် ကြိုးပမ်းလျက်ရှိရာတွင် မြန်မာနိုင်ငံ အနေဖြင့်လည်း တိကျသည့် စီမံချက်များချမှတ်၍ တွန်းလှန်သွားရန် လိုအပ်ကြောင်း ထည့်သွင်းဖော်ပြထားသည်။

Most Read

Most Recent