ရေလုပ်ငန်းဆိုင်ရာ ထွက်ကုန်များ အီးယူနှင့် နိုင်ငံတကာစျေးကွက်သို့ အရည်အသွေးမီတင်ပို့နိုင်ရေး ရေသတ္တဝါမွေးမြူရေးကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေး အစီအစဉ်ကို ငါးလုပ်ငန်းနှင့် EU-GIZ တို့ ပူးပေါင်းရေးဆွဲ

ရေလုပ်ငန်းဆိုင်ရာ ထွက်ကုန်များ အီးယူနှင့် နိုင်ငံတကာစျေးကွက်သို့ အရည်အသွေးမီတင်ပို့နိုင်ရေး ရေသတ္တဝါမွေးမြူရေးကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေး အစီအစဉ်ကို ငါးလုပ်ငန်းနှင့် EU-GIZ တို့ ပူးပေါင်းရေးဆွဲ
ပန်းတနော်မြို့နယ်အတွင်းရှိ ငါးတန်မွေးမြူရေးလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ- ကြည်နိုင်)
ပန်းတနော်မြို့နယ်အတွင်းရှိ ငါးတန်မွေးမြူရေးလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ- ကြည်နိုင်)
Published 3 May 2020
နီလာ

ရေလုပ်ငန်းဆိုင်ရာ ထွက်ကုန်များ အီးယူနှင့် နိုင်ငံတကာစျေးကွက်သို့ အရည်အသွေးမီ တင်ပို့နိုင်ရေးအတွက် ရေသတ္တဝါမွေးမြူရေး ကဏ္ဍ ရေရှည် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်ကို ငါးလုပ်ငန်းဦးစီးဌာနနှင့် EU-GIZ တို့ ပူးပေါင်းရေးဆွဲခဲ့ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။

ရေလုပ်ငန်းဆိုင်ရာ ထွက်ကုန်များ အီးယူနှင့် နိုင်ငံကတာစျေးကွက်သို့ အရည်အသွေးမီတင်ပို့နိုင်ရေးအတွက်  EU Guideline နှင့်အညီ ကောင်းမွန်သောရေသတ္တဝါ မွေးမြူရေးကျင့်စဉ်ကို မွေးမြူရေးလုပ်ငန်းရှင်များ သိရှိလိုက်နာ ဆောင်ရွက်နိုင်ရန် ပညာပေးသင်တန်းများ ဆောင်ရွက်လျက်ရှိပြီး ရေသတ္တဝါမွေးမြူရေးကဏ္ဍ ရေရှည် ဖွံ့ဖြိုးတိုးတက်စေရေး အစီအစဉ်ကို ငါးလုပ်ငန်းဦးစီးဌာနနှင့် EU-GIZ တို့ ပူးပေါင်းရေးဆွဲခဲ့ပြီး ငါးမွေးမြူရေးလုပ်သားများအတွက် လိုအပ်သည့်စံနှုန်းများ သတ်မှတ်ရေးကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ငါး မျိုးပြုန်းတီးမှု မဖြစ်စေရန်၊ သဘာဝရေပြင်တွင် ငါးမျိုးများ စဉ်ဆက်မပြတ်တည်ရှိစေရန်၊ ငါး ထုတ်လုပ်မှုတိုးတက်စေရန်နှင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက်စေရန် ၂၀၁၉ ခုနှစ် ဧပြီမှ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလအတွင်း ငါးသားပေါက်ကောင်ရေ ၁၄၈၈ ဒသမ ၅၅ သိန်းကို မျိုးစိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။

ပြည်ပသို့ ရေထွက်ပစ္စည်း တင်ပို့မှုတွင်၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၄၈၂ သန်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်၌ အမေရိကန် ဒေါ်လာ ၅၀၂ သန်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၆၅၂ သန်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် မတ် ၁၈ ရက်အထိ အမေရိကန်ဒေါ်လာ သန်း ၆၈၀ ကျော်နှင့်၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်တွင်အမေရိကန်ဒေါ်လာ သန်း ၇၂၀ ရရှိထားပြီး ဆယ်စုနှစ်အတွင်း တင်ပို့မှုအများဆုံး ရရှိထားသည်ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်း ဦးစီးဌာနမှ သိရသည်။

လက်ရှိဘဏ္ဍာနှစ် ခြောက်လခွဲကျော်တွင် ပြည်ပသို့ ရေထွက်ကုန်တင်ပို့မှုမှ ဒေါ်လာသန်း ၅၃၀ ကျော်ရရှိထားပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၆၇ သန်းကျော် ပိုမိုရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဧပြီ ၁၇ ရက်အထိ ပြည်ပသို့ ရေထွက်ကုန် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၅၃၅ ဒသမ ၄၀၁ သန်း ရရှိထားသည်။ ယခင်နှစ်ကာလတူတွင်မူ အမေရိကန်ဒေါ်လာ ၄၆၈ ဒသမ ၁၆၈ သန်းသာ ရရှိထားသည်။

ထို့ကြောင့် လက်ရှိဘဏ္ဍာနှစ် ခြောက်လခွဲကျော်တွင် ပြည်ပသို့ ရေထွက်ကုန်တင်ပို့မှုသည် ယခင်နှစ်ကာလတူထက် အမေရိကန်ဒေါ် လာ ၆၇ ဒသမ ၂၃၃ သန်း ပိုမိုရရှိခဲ့ကြောင်း သိရသည်။

လက်ရှိ မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ ငါး၊ ပုဇွန် အပါအဝင် ရေထွက်ကုန်ပစ္စည်း တင်ပို့နေသည့် ပမာဏက  အိမ်နီးချင်းနိုင်ငံများ၏ တင်ပို့မှု ပမာဏကိုမီရန် အဆပေါင်းများစွာ လိုအပ်နေသေးကြောင်း၊ ထို့ကြောင့် တင်ပို့မှုပမာဏကို မြှင့်တင်ရာတွင် သဘာဝ ဖမ်းဆီးရောင်းချခြင်းထက် မွေးမြူရေးစနစ်များ ကောင်းမွန်အောင် ဆောင်ရွက်ကာ တင်ပို့သင့်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

ထို့ကြောင့် အမေရိကန်ဒေါ်လာ သုံးဘီလျံခန့်အထိ ရရှိအောင် ထုတ်လုပ်နိုင်ရန် ခေတ်မီနည်းစနစ်များဖြင့် ငါးကန်၊ ငါးစာထုတ်စက်ရုံ၊ အအေးခန်းစက်ရုံနှင့် ထုတ်ကုန်အရည်အသွေးမြှင့်စက်ရုံများကို အင်ဒိုနီးရှား၊ ထိုင်ဝမ်နှင့် တရုတ်ပညာရှင်များဖြင့် ပူးပေါင်းတည်ဆောက်သွားမည်ဖြစ်ကြောင်း ၂၀၁၈ ခုနှစ် မေက ပြုလုပ်သည့် ဒုတိယသမ္မတ (၁) နှင့် လုပ်ငန်းရှင်များ ၁၆ ကြိမ်မြောက်တွေ့ဆုံပွဲတွင် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဌေးမြင့်က တင်ပြခဲ့သည်။

Most Read

Most Recent