ဂွမြို့နယ်ရှိ တပ်ရင်းတစ်ရင်းကို AA အဖွဲ့က ချောင်းမြောင်းပစ်ခတ်ခဲ့ပြီး ရခိုင်ပြည်နယ် မြောက်ပိုင်း၌ အရေးနိမ့်လာသည့်အတွက် တောင်ပိုင်းတွင် အဖျက်အမှောင့်လုပ်ငန်းများ ပိုမိုဆောင်ရွက်လာနိုင်ဟု တပ်မတော် သတိပေး

ဂွမြို့နယ်ရှိ တပ်ရင်းတစ်ရင်းကို AA အဖွဲ့က ချောင်းမြောင်းပစ်ခတ်ခဲ့ပြီး ရခိုင်ပြည်နယ် မြောက်ပိုင်း၌ အရေးနိမ့်လာသည့်အတွက် တောင်ပိုင်းတွင် အဖျက်အမှောင့်လုပ်ငန်းများ ပိုမိုဆောင်ရွက်လာနိုင်ဟု တပ်မတော် သတိပေး
Published 5 April 2020

ရခိုင်ပြည်နယ်တောင်ပိုင်း ဂွမြို့နယ်ရှိ တပ်ရင်းတစ်ရင်းအား AA အဖွဲ့က ဧပြီ ၃ ရက် ညပိုင်းတွင် လက်နက်ငယ်များဖြင့် ချောင်းမြောင်းပစ်ခတ်ခဲ့ပြီး AA အနေဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် အရေးနိမ့်လာသည့်အတွက် ရခိုင်ပြည်နယ်တောင်ပိုင်း၌ အဖျက်အမှောင့်လုပ်ငန်းများ ပိုမိုဆောင်ရွက်လာနိုင်သည်ဟု တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက သတိပေး ပြောကြားသည်။

“ အဓိကကတော့ ည ၇ နာရီခွဲလောက်မှာ ဂွမှာရှိတဲ့ တပ်ရင်းတစ်ရင်းကို AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့က အဝေးကနေပြီး လက်နက်ငယ်နဲ့ လာရောက်နှောင့်ယှက်ပစ်ခတ်လာတယ်။ ခဏပါပဲ။ ၇ နာရီ ၁၀ မိနစ်၊ ၁၅ မိနစ်လောက်မှာ ဒီဘက်ကလည်း ပြန်ပစ်တယ်။ ၁၀ မိနစ်၊ ၁၅ မိနစ်လောက်နေတော့ ပြီးသွားတယ်။ ထိခိုက်ဒဏ်ရာရရှိမှု မရှိဘူး။ အဆောက်အအုံတွေ ပျက်စီးမှု မရှိပါဘူး” ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တပ်မတော်နှင့် AA တို့ တိုက်ပွဲများ ဖြစ်ပွားနေပြီး အဆိုပါ တိုက်ပွဲများတွင် AA အဖွဲ့အနေဖြင့် အရေးနိမ့်လာသည့်အတွက် ရခိုင်ပြည်နယ် တောင်ပိုင်းတွင် အဖျက်အမှောင့်လုပ်ငန်းများ လာရောက်လုပ်ဆောင်သည့် သဘောဖြစ်ကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

“ ဒီဟာကတော့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အရေးနိမ့်လာတဲ့အတွက် တောင်ပိုင်းမှာ သူတို့က လာပြီးတော့ အဖျက်အမှောင့်လုပ်ငန်းလုပ်တဲ့ သဘောပါပဲ။ အခုမှ တောင်ပိုင်းမှာကို တိုက်ပွဲလို့တောင် မခေါ်နိုင်ပါဘူး။ ဒီဟာသည် ချောင်းမြောင်းပစ်ခတ်တဲ့ သဘောပဲ ဖြစ်ပါတယ်။ လက်နက်ငယ်နှစ်လက် သုံးလက်လောက်နဲ့  လာရောက်ချောင်းမြောင်းပစ်ခတ်တဲ့သဘောပဲ ဖြစ်တယ်” ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

AA အဖွဲ့အနေဖြင့် ရခိုင်ပြည်နယ် တောင်ပိုင်းတွင် ယခင်ကတည်းကပင် ရောက်ရှိနေပြီဖြစ်ပြီး တောင်ကုတ်ရှိ လမ်းဘေးတွင် မိုင်းထောင်မှု၊ ကျောက်ဖြူလေဆိပ်တွင် မိုင်းထောင်မှုနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ ကျောက်ဖြူခရီးစဉ်မတိုင်မီ နံနက်ပိုင်းတွင် မိုင်းပေါက်ကွဲမှုများသည် AA အဖွဲ့၏ လုပ်ဆောင်ချက်များဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ အဲဒီဘက်မှာတော့ သူတို့အနေနဲ့ အမာခံသဘောမျိုး သူတို့ AA အမာခံ ဒါမှမဟုတ် AA တွေတော့ ရောက်ရှိနေပြီ ဖြစ်ပါတယ်။ ရောက်ရှိနေပြီ ဆိုတာကလည်း ရွာသားအသွင်နဲ့ သူတို့ ရောက်ရှိနေတာ ဖြစ်မှာပေါ့လေ။ ဒီအဖျက်အမှောင့်လုပ်ငန်းတွေကတော့ ဟိုဘက်မှာ အရေးနိမ့်လာတဲ့အတွက် တောင်ပိုင်းမှာ ဒီအဖျက်အမှောင့်လုပ်ငန်းတွေကို သူတို့အနေနဲ့ ပိုမိုပြီးဆောင်ရွက်လာနိုင်စရာ အကြောင်းရှိပါတယ်” ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ထိုသို့ AA အဖွဲ့က ရခိုင်ပြည်နယ် တောင်ပိုင်းတွင် အဖျက်အမှောင့်လုပ်ငန်းများ ပိုမိုလုပ်ဆောင်လာနိုင်သည့်အတွက် ဒေသခံများအနေဖြင့် အဖျက်အမှောင့်လုပ်ငန်းများမှ ကင်းဝေးစေရေးအတွက် လုံခြုံရေးတပ်ဖွဲ့များ၊ တာဝန်ရှိသူများနှင့် မြေပြင်အခြေအနေအရသော်လည်းကောင်း၊ သတင်းအရသော်လည်းကောင်း ပူးပေါင်းဆောင်ရွက်ရန် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက တိုက်တွန်းသည်။

 

Most Read

Most Recent