ကောင်းခါးပြည်သူ့စစ် (ဌာနေ) အဖွဲ့က တပ်မတော်သို့ လက်နက်၊ ခဲယမ်းများ အပ်နှံမှုပြီးစီးခဲ့ပြီး လက်နက်မျိုးစုံ ၁၈၅၈ လက်၊ ဒုံးသီးမျိုးစုံ ၂၁၉၇ လုံး ပါဝင်

ကောင်းခါးပြည်သူ့စစ် (ဌာနေ) အဖွဲ့က တပ်မတော်သို့ လက်နက်၊ ခဲယမ်းများ အပ်နှံမှုပြီးစီးခဲ့ပြီး လက်နက်မျိုးစုံ ၁၈၅၈ လက်၊ ဒုံးသီးမျိုးစုံ ၂၁၉၇ လုံး ပါဝင်
Published 31 March 2020

ကောင်းခါးပြည်သူ့စစ် (ဌာနေ) အဖွဲ့မှ တပ်မတော်သို့ လက်နက်၊ ခဲယမ်းများ အပ်နှံမှု ပြီးစီးခဲ့ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ မတ် ၃၀ ရက် သတင်းထုတ်ပြန်ချက်အရ အဆိုပါလက်နက်၊ ခဲယမ်းအပ်နှံမှုတွင် လက်နက်မျိုးစုံ ၁၈၅၈ လက်၊ ဒုံးသီးမျိုးစုံ ၂၁၉၇ လုံး ပါဝင်ခဲ့သည်။

၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်မှ မတ် ၂၆ ရက်အထိ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ လွယ်ခမ်ကျေးရွာနှင့် အနီးတစ်ဝိုက်တွင် တပ်မတော်စစ်ကြောင်းများက မူးယစ်ဆေးဝါးများ၊ ဆက်စပ်ပစ္စည်း အမြောက်အမြားနှင့် တရားမဝင် လက်နက်၊ ခဲယမ်းများ ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည်။

ယင်းနှင့်ဆက်စပ်၍ ကောင်းခါးပြည်သူ့စစ် (ဌာနေ) အဖွဲ့မှ တပ်မတော်သို့ ၎င်းတို့ ကိုင်ဆောင်သည့် လက်နက်၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ အပ်နှံခဲ့သည်။

ထိုသို့ ကောင်းခါးပြည်သူ့စစ် (ဌာနေ) အဖွဲ့မှ တပ်မတော်သို့ လက်နက်၊ ခဲယမ်းများ အပ်နှံရာ၌ မတ် ၂၉ ရက်တွင် လက်နက်မျိုးစုံ ၁၂ လက် ထပ်မံအပ်နှံခဲ့သည့်အတွက် စုစုပေါင်းလက်နက်မျိုးစုံ ၁၈၅၈ လက်၊ ကျည်မျိုးစုံ ၅၀၈၉၃၇ တောင့်၊ ဗုံးသီး၊ ဒုံးသီးမျိုးစုံ ၂၁၉၇ လုံး၊ လက်ပစ်ဗုံး ၁၀၉၅ လုံး၊ မိုင်း ၂၉ လုံးနှင့် ဆက်စပ်ပစ္စည်းများ အပ်နှံပြီးဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့သည်။

၂၀၁၈ ခုနှစ် သြဂုတ် ၂၃ ရက် စက်တင်ဘာ ၁၂ ရက်နှင့် အောက်တိုဘာ ၁၅ ရက်များတွင်လည်းကောင်း၊ ၂၀၁၉ ခုနှစ် ဇူလိုင် ၂၅ ရက်မှ ၂၈ ရက်အထိလည်းကောင်း၊ ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်မှ မတ် ၂၆ ရက်အထိလည်းကောင်း တပ်မတော်စစ်ကြောင်းများက ကွတ်ခိုင်မြို့နယ်အတွင်း၌ စံချိန်တင် မူးယစ်ဆေးဝါးများ၊ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့် လက်နက်၊ ခဲယမ်းများအား ဖမ်းဆီးရမိခဲ့သည်။

ထိုသို့ ကောင်းခါးမြို့နယ်အတွင်းရှိ ကောင်းခါးပြည်သူ့စစ် (ဌာနေ) အနီးတစ်ဝိုက် ဒေသများမှ မူးယစ်ဆေးဝါး အမြောက်အမြားအား သုံးကြိမ်တိုင် ဖမ်းဆီးရမိခဲ့ပြီး ယင်းဖြစ်စဉ်များတွင် ဖမ်းဆီးရမိခဲ့သည့် တရားခံများနှင့် ကောင်းခါးပြည်သူ့စစ် (ဌာနေ) အဖွဲ့မှ တာဝန်ရှိသူအချို့ ပါဝင်ပတ်သက်နေခြင်းနှင့် တာဝန်ရှိခြင်းကြောင့် ယခုကဲ့သို့ လက်နက်များ အပြီးတိုင် အပ်နှံခဲ့ခြင်းဖြစ်ကြောင်း မတ် ၂၇ ရက်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့သည်။

ထို့ပြင် ကောင်းခါးပြည်သူ့စစ် (ဌာနေ) အဖွဲ့သည် ငြိမ်းချမ်းရေးရယူစဉ်ကပင် ရေရှည်လက်နက်စွဲကိုင်ထားရန် ရည်ရွယ်ချက် မရှိခြင်း၊ ရေရှည်တွင် အေးချမ်းတည်ငြိမ်စွာဖြင့် နယ်မြေဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တရားဝင် စီးပွားရေးလုပ်ငန်းများဖြင့်သာ ရပ်တည်လိုခြင်း စသည့် စိတ်ဆန္ဒများကြောင့် နေရာအလိုက် တာဝန်ခံများအားလုံးက ဆွေးနွေးတိုင်ပင်ပြီးနောက် တပ်မတော်သို့ ဆက်သွယ်ညှိနှိုင်း၍ ၎င်းတို့ ကိုင်ဆောင်ထားသော လက်နက်များအား မတ် ၂၄ ရက်မှ ၂၆ ရက်တွင်း တပ်မတော်သို့ အပြီးတိုင် အပ်နှံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၏ ငြိမ်းချမ်းရေး ကြိုးပမ်းဆောင်ရွက်မှုများကြောင့် ၁၉၉၁ ခုနှစ် ဇန်နဝါရီ ၂၄ ရက်တွင် ဦးမထုနော် ဦးဆောင်သော KIA တပ်မဟာ (၄) နှင့် လက်အောက်ခံတပ်ရင်းများသည် KIA/KIO အဖွဲ့မှ ခွဲထွက်၍ ငြိမ်းချမ်းရေးရယူခဲ့ပြီး ယင်းအဖွဲ့အား ရှမ်းပြည်နယ် (မြောက်ပိုင်း) အထူးဒေသ (၅)၊ ကချင်တိုင်းရင်းသားများ တိုးတက်ရေးနှင့် လုံခြုံရေးတပ် (KDA) အဖြစ် ကွတ်ခိုင်မြို့နယ်အတွင်း နေရာချထားပေးကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အစိုးရနှင့် လက်တွဲဆောင်ရွက်စေခဲ့ကြောင်း တပ်မတော်၏ မတ် ၂၇ ရက် သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့နောက် KDA အဖွဲ့အား ၂၀၀၉ ခုနှစ် စက်တင်ဘာ ၂၉ ရက်တွင် ကောင်းခါးပြည်သူ့စစ် (ဌာနေ) အဖွဲ့အဖြစ် တရားဝင်ဖွဲ့စည်းခွင့်ပြုခဲ့ပြီး နယ်မြေအခြေအနေအရ နယ်မြေလုံခြုံရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ဆက်လက်ဆောင်ရွက်စေခဲ့ကြောင်း သိရသည်။

ကောင်းခါးပြည်သူ့စစ် (ဌာနေ) အဖွဲ့အနေဖြင့် သာမန်အရပ်သားအနေဖြင့်သာ ရေရှည်တရားဝင်စီးပွားရေး လုပ်ငန်းများအဖြစ် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ အမြန်ဆုံး ထူထောင်လုပ်ကိုင်ဆောင်ရွက်လိုခြင်း၊    ရှိပြီးကုမ္ပဏီများဖြင့် နိုင်ငံတော်မှ ခွင့်ပြုသည့် တရားဝင်စီးပွားရေးလုပ်ငန်းများကို ဆက်လက်လုပ်ကိုင်ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တပ်မတော်၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

Most Read

Most Recent