COVID-19 ရောဂါသည် တစ်မျိုးသားလုံးနှင့်ဆိုင်သည့် ကိစ္စဖြစ်ခြင်းကြောင့် တပ်မတော်သည် ဆောင်ရွက်နိုင်သည် မှန်သမျှဆောင်ရွက်မည်ဖြစ်ပြီး လုံခြုံရေးနှင့်ဆိုင်သော လုပ်ငန်းများကို ခွင့်ပြုချက်ရမှသာ ဆောင်ရွက်နိုင်မည်ဟုဆို

COVID-19 ရောဂါသည် တစ်မျိုးသားလုံးနှင့်ဆိုင်သည့် ကိစ္စဖြစ်ခြင်းကြောင့် တပ်မတော်သည် ဆောင်ရွက်နိုင်သည် မှန်သမျှဆောင်ရွက်မည်ဖြစ်ပြီး လုံခြုံရေးနှင့်ဆိုင်သော လုပ်ငန်းများကို ခွင့်ပြုချက်ရမှသာ ဆောင်ရွက်နိုင်မည်ဟုဆို
မတ် ၂၈ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းအား တွေ့ရစဉ်
မတ် ၂၈ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းအား တွေ့ရစဉ်
Published 28 March 2020
အောင်မင်းသိန်း

ရောဂါသည် တစ်မျိုးသားလုံးနှင့်ဆိုင်သည့် ကိစ္စဖြစ်ခြင်းကြောင့် တပ်မတော်သည် ဆောင်ရွက်နိုင်သည် မှန်သမျှ ဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် လုံခြုံရေးနှင့်ဆိုင်သော ထိန်းချုပ်ကန့်သတ်ခြင်း၊ အဝင်အထွက် ကန့်သတ်ခြင်း လုပ်ငန်းများသည် ခွင့်ပြုချက်ရမှသာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

မတ် ၂၈ ရက်က နေပြည်တော်ရှိ တပ်မတော်စစ်သမိုင်းပြတိုက်၌ ကျင်းပသည့် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ သတင်းစာရှင်းလင်းပွဲတွင် တပ်မတော်အနေဖြင့် အကူညီတောင်းခံမှသာ ကူညီဆောင်မှုများကို ပြုလုပ်သွားမည်လားဆိုသည့် သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက အထက်ပါအတိုင်း ထည့်သွင်းဖြေကြားခဲ့ခြင်းဖြစ်သည်။

“တချို့ဟာတွေက ခုနကပြောတဲ့ ဆေးဖျန်းတဲ့လုပ်ငန်းတွေ ရှိတယ်။ လုပ်ဆောင်တဲ့ လုပ်ငန်းတွေရှိတယ်။ သွားရောက်ပြီးတော့ အသင့်ပြင်ထားတဲ့ ကုသတဲ့လုပ်ငန်းတွေရှိတယ်။ အဲဒီကုသတဲ့လုပ်ငန်းတွေကတော့ ကျွန်တော်တို့ ဆောင်ရွက်နေတာရှိပါတယ်။ သို့သော် လုံခြုံရေးနဲ့ဆိုင်တဲ့ လုပ်ငန်းတွေပေါ့၊ လုံခြုံရေးနဲ့ဆိုင်တဲ့ လုပ်ငန်းတွေဆိုတာက ထိန်းချုပ်ကန့်သတ်တဲ့ နေရာတွေကို ထိန်းချုပ် ကန့်သတ်ဖို့ လိုဟာမျိုးတွေ၊ အဝင်အထွက်တွေလို ဟာမျိုးတွေကျတော့ ကျွန်တော်တို့က ခွင့်ပြုချက်ရမှကျွန်တော်တို့က ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ခွင့်ပြုချက်ရမှာပေါ့၊ ခွင့်ပြုချက်ရမှ ဆောင်ရွက်တာသည် ဒါက ပိုပြီးတော့ကျ လုပ်ထုံးလုပ်ငန်းနဲ့ ညီညွတ်နိုင်တာပေါ့။ သို့သော် ကျွန်တော်တို့အနေနဲ့ ဆောင်ရွက်နိုင်သမျှဟာတွေ အားလုံးကို အသင့်ပြင်ထားပါတယ်။ ဆောင်ရွက်ထားပါတယ်။ သို့သော်ထပ်ပြီးပြောလိုတာကတော့ ဘယ်လိုပဲပြောပြော ဒီ COVID-19 ဆိုတာသည် တစ်မျိုးသားလုံးနဲ့ဆိုင်တဲ့ အမျိုးသားရေးကိစ္စ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီဟာတွေနဲ့ ပတ်သက်ပြီးတော့ တပ်မတော်အနေနဲ့က ဆောင်ရွက်နိုင်တာ မှန်သမျှကို ဆောင်ရွက်သွားမယ်လို့ပဲ ကျွန်တော်ပြောလိုပါတယ်” ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

COVID-19 နှင့်ပတ်သက်၍ တပ်မတော်၏ လုပ်ဆောင်ချက်များကို နေ့စဉ် သတင်းထုတ်ပြန်မှုများ ပြုလုပ်လျက်ရှိပြီး တိုင်းစစ်ဌာချုပ်နယ်မြေများအလိုက် စစ်ဆေးရုံနှင့် စစ်မြေပြင် ဆေးတပ်ရင်းများတွင် အရေးပေါ်လူနာများအတွက် ခုတင်အလုံး ၁၃၀ နှင့် သာမန်သံသယလူနာများအတွက် ခုတင်အလုံး ၁၁၀၀ ကျော် ပြင်ဆင်ထားရှိပြီးဖြစ်ကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ထို့ပြင် နေ့စဉ်စစ်ဆေးမှုများ လိုအပ်သည့် ဘုရား၊ ကျောင်း၊ ကန်၊ ဘူတာရုံ၊ ကားဂိတ်စသည့် လူစည်ကားရာနေရာများကို ပိုးသတ်ဆေးဖျန်းခြင်း၊ ပတ်ဝန်းကျင် သန်ရှင်းရေး လုပ်ဆောင်ပေးခြင်းများနှင့် တိုင်းစစ်ဌာနချုပ် အသီးသီးရှိ တပ်မတော်သားများနှင့် မိသားစုဝင်များ၊ ဝေးလံခေါင်းပါးသည့် ဒေသခံပြည်သူများ အသုံးပြုရန်အတွက် Mask တစ်သိန်းခြောက်သောင်းကျော်ကို ပို့ဆောင် ဖြန့်ဝေပေးထားကြောင်း၊ တပ်မတော်အနေဖြင့် COVID-19 နှင့်ပတ်သက်ပြီး ကြိုတင်ပြင်ဆင်မှု၊ ပူးပေါင်ဆောင်ရွက်မှုများကို လုပ်ဆောင်လျက်ရှိဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

COVID-19 နှင့်ပတ်သက်၍ ကိုယ်စားလှယ်အချို့က လွှတ်တော်တွင် ကာ/လုံ ခေါ်စေလိုသည့် အဆိုအချို့တင်သွင်းခြင်းနှင့် နိုင်ငံရေးပါတီအချို့က ကာ/လုံ ခေါ်ပေးရန် တောင်းဆိုမှုများနှင့်ပတ်သက်ပြီး တပ်မတော်၏ သဘောထားက မည်သို့ရှိသနည်းဆိုသည့် မေးမြန်းမှုကို “ ဒီဥစ္စာကတော့ အခြေခံဥပဒေအရပဲ ကျွန်တော်တို့ပြောပါမယ်။ ဒီဟာနဲ့ ပတ်သက်ပြီးတော့ ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနဲ့ပတ်သက်ပြီးတော့ အခြေခံဥပဒေမှာ ပြဋ္ဌာန်းထားတာရှိပါတယ်။ အခြေခံဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ဟာတွေကတော့ ကာ/လုံ နဲ့ပတ်သက်ပြီး ဖွဲ့စည်းတဲ့ဟာတွေ၊ ကာ/လုံ နဲ့ပတ်သက်ပြီးတော့ လုပ်ဆောင်ရမယ့်ဟာတွေ ပြဋ္ဌာန်းထားတာရှိတယ်။ ဒီခေါ်ခြင်း မခေါ်ခြင်းကတော့ ဘယ်လိုပြောမလဲဆိုတော့ လက်ရှိနိုင်ငံရေးအာဏာ ယူထားတဲ့သူအပေါ်မှာပဲ မူတည်လိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြန်လည်ဖြေကြားခဲ့သည်။

Most Read

Most Recent