နိုင်ငံတော်ကို ဖြိုခွဲလိုသူများက တပ်မတော် ပြိုကွဲစေရန် ကြိုးစားနေမည်ဖြစ်၍ စစ်ရေးသတိရှိရန်နှင့် တိုက်ပွဲဝင်ရန် အသင့်ရှိနေရမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ တပ်မတော်နေ့အထိမ်းအမှတ် သဝဏ်လွှာတွင် ဖော်ပြ

နိုင်ငံတော်ကို ဖြိုခွဲလိုသူများက တပ်မတော် ပြိုကွဲစေရန် ကြိုးစားနေမည်ဖြစ်၍ စစ်ရေးသတိရှိရန်နှင့် တိုက်ပွဲဝင်ရန် အသင့်ရှိနေရမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ တပ်မတော်နေ့အထိမ်းအမှတ် သဝဏ်လွှာတွင် ဖော်ပြ
၂၀၁၉ ခုနှစ်က ကျင်းပခဲ့သည့် ၇၄ နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကို တွေ့ရစဉ် (ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)
၂၀၁၉ ခုနှစ်က ကျင်းပခဲ့သည့် ၇၄ နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကို တွေ့ရစဉ် (ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)
Published 27 March 2020

နိုင်ငံတော်ကို ဖြိုခွဲလိုသူများက တပ်မတော် ပြိုကွဲစေရန် ကြိုးစားနေမည်ဖြစ်၍ အမြဲတမ်း စစ်ရေးသတိရှိရန်နှင့် တိုက်ပွဲဝင်ရန် အသင့်ရှိနေရမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောကြားသည်။

၂၀၂၀ ပြည့်နှစ် မတ် ၂၇ ရက်တွင် ကျရောက်သော (၇၅) နှစ်မြောက် စိန်ရတုတပ်မတော်နေ့ အထိမ်းအမှတ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ သဝဏ်လွှာတွင် ထိုသို့ ထည့်သွင်း ပြောကြားထားခြင်း ဖြစ်သည်။

(၇၅) နှစ်မြောက် စိန်ရတုတပ်မတော်နေ့ အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားကို COVID -19 ရောဂါ ကြိုတင်ကာကွယ်ရန် တပ်မတော်က ဆိုင်းငံ့ထားပြီး ယခုကဲ့သို့ တပ်မတော်နေ့ သဝဏ်လွှာသာ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

“နိုင်ငံတော်ကို ဖြိုခွဲချင်သူများက အတိတ်၊ ပစ္စုပ္ပန်ကာလတို့တွင် တပ်မတော် ပြိုကွဲစေရန် ကြိုးစားရန် ကြိုးစားခဲ့၊ ကြိုးစားနေကြဆဲ၊ အနာဂတ်တွင်လည်း ကြိုးစားနေကြမည်ဖြစ်၍ သတိတမံ၊ ဉာဏ်မြေကတုတ်ဖြင့် အမြဲတမ်း လေ့ကျင့်၊ အမြဲတမ်း စစ်ရေးသတိရှိ၊ အမြဲတမ်း တိုက်ပွဲဝင် အသင့်ရှိနေရမည် ဖြစ်သည်”ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ပြည်သူများ၏ ဆန္ဒဖြစ်သော ပါတီစုံ ဒီမိုကရေစီလမ်းကြောင်းကို ခိုင်ခိုင်မြဲမြဲ မယိုင်လဲစေရန်နှင့် နိုင်ငံ၏ အဓိက လိုအပ်ချက်ဖြစ်သော နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေးအရ တည်ငြိမ်အေးချမ်းရေး၊ ထာဝရ ငြိမ်းချမ်းရေးတို့အတွက် မည်သို့သော အခက်အခဲများနှင့် ရင်ဆိုင်ရသည်ဖြစ်စေ တိုင်းပြည်၏ မျက်နှာ၊ နိုင်ငံသားတို့၏ အကျိုးစီးပွားအတွက်သာ ရှေးရှု၍ ကာကွယ်ရေးတာဝန်၊ သမိုင်းပေးတာဝန်များကို တပ်မတော်က ဦးလည်မသုန် ကျေပွန်အောင် ထမ်းရွက်နေကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

အနာဂတ်တွင် ဒေသတွင်း၊ ကမ္ဘာ့နိုင်ငံ တပ်မတော်များနှင့် ရင်ပေါင်တန်းနိုင်သည့် အင်အားတောင့်တင်း၍ စွမ်းရည်ထက်မြက်သော ခေတ်မီမျိုးချစ် တပ်မတော်ဖြစ်စေရန် အရှိန်အဟုန်ဖြင့် တည်ဆောက်နေပြီး နိုင်ငံအတွက် တပ်မတော် ပြိုကွဲ၍မရဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဆက်လက် ပြောကြားသည်။

“နိုင်ငံတော်၏ မြေပြင်၊ ရေပြင်၊ ဝေဟင် နယ်နိမိတ်များကို တစ်လက်မမျှ အထိမခံ၊ နိုင်ငံသူ၊ နိုင်ငံသား မိဘပြည်သူများ အားလုံးရှေ့မှ အဓိဋ္ဌာန်ပြုလျက် မားမားမတ်မတ် ရပ်တည်ကာ ကမ္ဘာတည်သရွေ့ မြန်မာတည်စေရမည် ဖြစ်ကြောင်း” တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

ထို့ပြင် တပ်မတော်သည် ပြည်ထောင်စုတိုင်းရင်းသား ပြည်သူများမှ မွေးဖွားလာကြသော ပြည်သူများ၏ သားသမီးများနှင့် ဖွဲ့စည်းတည်ဆောက်ထားသည့် တစ်ခုတည်းသော ပြည်ထောင်စုတပ်မတော် စစ်စစ်ဖြစ်ပြီး  တပ်မတော်သည် နိုင်ငံတော်၏ အစိတ်အပိုင်း၊ တပ်မတော်သားများသည် ပြည်သူများ၏ အစိတ်အပိုင်းပင် ဖြစ်သည်ဟုလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

ကာလအပိုင်အခြားများကို အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ဟူ၍ ပိုင်းခြားရာတွင် တပ်မတော်သည် အတိတ်ကာလ ဖြစ်သော (၇၅) နှစ်တာ ကာလတစ်လျှောက်လုံး နိုင်ငံနှင့် ပြည်သူအပေါ် သစ္စာစောင့်သိလျက် လွတ်လပ်ရေး ရရှိရန်၊ ရရှိပြီးသော လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာအား တည်တံ့ခိုင်မြဲရန် မားမားမတ်မတ် ရပ်တည် ဆောင်ရွက်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

Most Read

Most Recent