AA အဖွဲ့နှင့်ပတ်သက်၍ အကြမ်းဖက်မှုနှင့် သောင်းကျန်းသူနှိမ်နင်းရေး စစ်ဆင်ရေးများကို ထိထိရောက်ရောက် ဆောင်ရွက်မည်ဟု တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ပြောကြား

AA အဖွဲ့နှင့်ပတ်သက်၍ အကြမ်းဖက်မှုနှင့် သောင်းကျန်းသူနှိမ်နင်းရေး စစ်ဆင်ရေးများကို ထိထိရောက်ရောက် ဆောင်ရွက်မည်ဟု တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ပြောကြား
Published 26 March 2020

AA အဖွဲ့နှင့်ပတ်သက်၍ အကြမ်းဖက်မှုနှင့် သောင်းကျန်းသူနှိမ်နင်းရေး စစ်ဆင်ရေးများကို တပ်မတော်က ထိထိရောက်ရောက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

အစိုးရက ရခိုင်အမျိုးသားအဖွဲ့ချုပ်/ရခိုင်လက်နက်ကိုင်အဖွဲ့ (ULA/AA) ကို အကြမ်းဖက် အဖွဲ့အစည်းနှင့် မတရားအသင်းအဖြစ် မတ် ၂၃ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့ပြီးနောက် တပ်မတော်က ဆက်လက် ဆောင်ရွက်မည့် အခြေအနေနှင့် ပတ်သက်၍ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ထိုသို့ ပြောကြားခြင်းဖြစ်သည်။

“အကြမ်းဖက်အဖွဲ့ ဖြစ်တဲ့အတွက်ကြောင့် သောင်းကျန်းမှုနှိမ်နင်းရေး စစ်ဆင်ရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေး စစ်ဆင်ရေးတွေကို ထိထိရောက်ရောက် ဆက်လက် ဆောင်ရွက်သွားရမှာဖြစ်တယ်” ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

တပ်မတော်အနေဖြင့် ရခိုင်ပြည်နယ်အတွင်း စစ်ဆင်ရေး ဆောင်ရွက်ရာတွင် စစ်ပွဲဥပဒေသများ အတိုင်းသာ ဆောင်ရွက်နေပြီး ထိုသို့ဆောင်ရွက်ရာတွင် တိုက်ခိုက်ရေး သမားများနှင့် တိုက်ခိုက်ရေးသမား မဟုတ်သူများကို အတတ်နိုင်ဆုံး ခွဲခြားဆောင်ရွက်နေကြောင်းလည်း ၎င်းကပြောကြားသည်။

“လောလောဆယ် ရခိုင်စစ်မြေပြင်မှာက တွေ့ကြုံနေတာက သူတို့က အရပ်ဝတ်တွေနဲ့ ဆောင်ရွက်တာ ဖြစ်တယ်။ ဒါကြောင့်မို့ အခက်အခဲ အနည်းငယ်ရှိတယ်။ ဒါကိုလည်း ကျွန်တော်တို့ အတတ်နိုင်ဆုံး ခွဲခြားပြီးတော့ ဆောင်ရွက်သွားမှာဖြစ်တယ်” ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

လက်ရှိအချိန်တွင် အစိုးရအနေဖြင့် မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ လေးဖွဲ့နှင့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်နေပြီး ထိုသို့ ဆောင်ရွက်ရာတွင် မြောက်ပိုင်းလေးဖွဲ့၌ AA အဖွဲ့ပါဝင်နေကာ နိုင်ငံရေးအရ ဆက်လက်ဆွေးနွေးရန် ရှိ၊ မရှိသည် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ၏ သဘောထားအပေါ်တွင် မူတည်ကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

သို့သော်လည်း ဥပဒေကြောင်းအရ AA အဖွဲ့နှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် အလွန်ပင် ခဲယဉ်းသွားပြီဟုလည်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

“ကျွန်တော်ပြောနိုင်တာကတော့ ဥပဒေကြောင်းချင်းရာ အရတော့ ငြိမ်းချမ်းရေးကို AA နဲ့ ဆွေးနွေးဖို့ ဆိုတာကတော့ ဥပဒေကြောင်းချင်းရာအရ တော်တော်ခဲယဉ်းသွားပြီ” ဟု ၎င်းကဆိုသည်။

AA အဖွဲ့သည် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ပြည်သူများအား စည်းရုံး၍လည်းကောင်း၊ အကြောက်တရားဖြင့် လွှမ်းမိုး၍လည်းကောင်း၊ ဒေသခံပြည်သူများအား အကာအကွယ်ရယူ၍ လည်းကောင်း၊ တပ်မတော် စစ်ကြောင်းများနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ လုံခြုံရေးစခန်းများကို တိုက်ခိုက်ခြင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် အစိုးရဝန်ထမ်းများ၊ အပြစ်မဲ့ အရပ်သား ပြည်သူများအား ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ နှိပ်စက်ခြင်း၊ ကျေးရွာများအတွင်း ပစ်ခတ်ခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်းများ ပြုလုပ်နေကြောင်း အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့က မတ် ၂၃ ရက် ကြေညာခဲ့သည်။

ထို့ပြင် AA အဖွဲ့သည် အမျိုးမျိုးသော အကြမ်းဖက်မှုများအား ကျူးလွန်နေသည့်အပြင် နိုင်ငံတော်အတွင်း အခြေပြု၍ နိုင်ငံတော်ကို အကြမ်းဖက်မှုများ ကျူးလွန်နေသည့်အတွက် AA အဖွဲ့ကို အကြမ်းဖက်အုပ်စုအဖြစ် အစိုးရက ကြေညာခဲ့ခြင်းဖြစ်သည်။

AA အဖွဲ့နှင့် အဖွဲ့ဝင်များ၊ ယင်း၏ လက်အောက်ခံအဖွဲ့၊ ယင်းအဖွဲ့နှင့် ဆက်နွှယ်သည့်ပုဂ္ဂိုလ်များ၏ ရည်ရွယ်ချက်နှင့် လုပ်ရပ်များမှာ နိုင်ငံတော်၏ တရားဥပဒေ စိုးမိုးရေးကိုလည်းကောင်း၊ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို လည်းကောင်း၊ အများပြည်သူတို့၏ အေးချမ်းသာယာရေးကိုလည်းကောင်း အနှောင့်အယှက် ဖြစ်စေသည်ဟု သမ္မတက ယူဆသည့်အတွက် ယင်းအဖွဲ့အား မတရားအသင်းအဖြစ် ပြည်ထဲရေး ဝန်ကြီးဌာနက မတ် ၂၃ ရက်တွင် ကြေညာခဲ့သည်။

 

Most Read

Most Recent