မိုင်းတုံမြို့နယ်တွင် တပ်မတော်နှင့် RCSS/SSA တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲဖြစ်ပွားရခြင်းနှင့်ပတ်သက်၍ နှစ်ဖက်ပြောဆို ဖော်ပြချက်များတွင် ကွဲလွဲမှုများရှိနေ

မိုင်းတုံမြို့နယ်တွင် တပ်မတော်နှင့် RCSS/SSA တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲဖြစ်ပွားရခြင်းနှင့်ပတ်သက်၍ နှစ်ဖက်ပြောဆို ဖော်ပြချက်များတွင် ကွဲလွဲမှုများရှိနေ
RCSS တပ်ဖွဲ့ဝင်အချို့အား တွေ့ရစဉ် (Photo: Tai Freedom)
RCSS တပ်ဖွဲ့ဝင်အချို့အား တွေ့ရစဉ် (Photo: Tai Freedom)
Published 25 March 2020
မင်းနိုင်စိုး

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်ခရိုင် မိုင်းတုံမြို့နယ်တွင် မတ် ၂၅ ရက် နံနက်ပိုင်းက တပ်မတော်နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တောင်ပိုင်း လက်နက်ကိုင်အဖွဲ့ (RCSS/SSA) တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အဆိုပါ တိုက်ပွဲဖြစ်ပွားရခြင်းနှင့်ပတ်သက်၍ နှစ်ဖက်၏ ပြောဆိုဖော်ပြချက်များတွင် ကွဲလွဲမှုများ ရှိနေသည်။

အဆိုပါတိုက်ပွဲသည် မိုင်းတုံမြို့နယ်၏ အရှေ့ဘက် ၁၀ မိုင်ကျော်ခန့်အကွာရှိ မိုင်းအစ်ကျေးရွာအနီးတွင် ပုံမှန်လုံခြုံရေး ဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းတစ်ခုကို RCSS/SSA ဘက်က ချောင်းမြောင်းပစ်ခတ်ခဲ့သည့်အတွက် တပ်မတော်နှင့် RCSS/SSA တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထိုသို့ချောင်းမြောင်းပစ်ခတ်မှုကြောင့် တပ်မတော်ဘက်မှ စစ်သည်တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

“ ဒီနေ့ မနက် ကျွန်တော်တို့ ၁၁ နာရီခွဲလောက်မှာ မိုင်းတုံမြို့နယ်ရဲ့အရှေ့ဘက် ၁၀ မိုင်ကျော်ကျော်လောက် ကွာတယ်။ အဲဒီ မိုင်းအစ်ကျေးရွာနားလေးမှာတော့ ကျွန်တော်တို့ တပ်မတော်က ပုံမှန်လုံခြုံရေး လှုပ်ရှားနေတဲ့ စစ်ကြောင်းတစ်ခုကို RCSS က ချောင်းမြောင်းပစ်ခတ်ခဲ့တာ ရှိတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ဘက်က စစ်သည်တစ်ဦး စိုးရိမ်ရဒဏ်ရာရရှိခဲ့တယ်။ ၁၅ မိနစ်လောက် ထိတွေ့တိုက်ပွဲဖြစ်တယ်” ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ထိုသို့ တိုက်ပွဲဖြစ်ပွားမှုနှင့်ပတ်သက်၍ RCSS/SSA အဖွဲ့ပိုင် Tai Freedom က မမှန်သတင်း ရေးသားဖော်ပြခဲ့သည်ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။

“ အဲဒီမှာလည်း RCSS က ဒီဘက်က ထိုးစစ်ဆင်နေပြီတို့ ဘာတို့ လျှောက်ရေးထားတာ တွေ့ပါတယ်။ တစ်ခါတုန်းကလည်း အဲဒီလိုပါပဲ။ ကြိုတင်သတင်းပေးပို့တယ်။ ဘိန်းဖြူ သတင်းရလို့ နယ်မြေမှာ လိုက်ရှာတဲ့အခါလည်း ကျေးသီးတို့ မိုင်းနောင်တို့မှာ စောင့်ကြိုတိုက်ခိုက်ပြီးတော့ သူတို့ပဲ အရင်ကြေညာချက် ထုတ်ခဲ့တယ်” ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားမှုနှင့်ပတ်သက်၍ RCSS/SSA တပ်စခန်းအား မတ် ၂၅ ရက် နံနက်ပိုင်းတွင် တပ်မတော်စစ်ကြောင်းက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည့်အတွက် တပ်မတော်နှင့် RCSS အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း RCSS အဖွဲ့ပိုင် Tai Freedom သတင်းဌာနက သတင်းဖော်ပြခဲ့သည်။

၂၀၂၀ ပြည့်နှစ် မတ် ၂၅ ရက် နံနက် ၈ နာရီ မိနစ် ၂၀ အချိန်ခန့်တွင် တပ်မတော် အမှတ် (၅၁၉) ခြေမြန်တပ်ရင်း၊ အမှတ် (၂၇၇)၊ အမှတ် (၂၂၅) ခြေလျင်တပ်ရင်းတို့မှ အင်အား ၄၀ ခန့်က မိုင်းတုံမြို့နယ် ဖာချယ်ကျေးရွာအုပ်စု ဖာချယ်ကျေးရွာမှတစ်ဆင့် မိုင်းအစ်ကျေးရွာအနီးရှိ RCSS/SSA တပ်စခန်းအား ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း Tai Freedom ၏ သတင်းဖော်ပြချက်အရ သိရသည်။

ထို့ကြောင့် တပ်မတော်စစ်ကြောင်းများနှင့် RCSS အဖွဲ့တို့သည် မိုင်းအစ်ကျေးရွာအနီးရှိ ဟိုနမ့်တောင်ကုန်းတွင် နံနက် ၈ နာရီ မိနစ် ၂၀ အချိန်ခန့်မှစ၍ ၈ နာရီ မိနစ် ၅၀ အချိန်ခန့်အထိ မိနစ် ၃၀ ခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားမှုနှင့်ပတ်သက်၍ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ပါ အခန်း (၃) အပိုဒ် (၇) တွင် ထိပ်တိုက်ရင်ဆိုင်ပစ်ခတ်မှုကို ရှောင်ရှားနိုင်ရန်အတွက် နှစ်ဖက်တိုက်ရိုက်ထိတွေ့ ရင်ဆိုင်မှုရှိသော နေရာများတွင် ထိတွေ့ပစ်ခတ်မှု မရှိစေရေးအတွက် စက်ဆက်သွယ်မှု၊ မြေပြင်ဆက်သွယ်မှုနှင့် အခြားဆက်သွယ်မှုနည်းလမ်းများ ရယူလျက် ချက်ချင်းဆောင်ရွက်ရန်ပါရှိသည်ဟု Tai Freedom ၏ သတင်းဖော်ပြချက်တွင် ပါရှိသည်။

သို့သော်လည်း ထိုသို့ဖော်ပြထားချက်အတိုင်း တပ်မတော်က RCSS/SSA ထိန်းချုပ်နယ်မြေအတွင်းသို့ လှုပ်ရှားသွားလာရာတွင် RCSS/SSA ဆက်ဆံရေးရုံး တာဝန်ရှိသူများအား ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ ဝင်ရောက်လှုပ်ရှားမှုကြောင့် မလိုလားဘဲ တိုက်ပွဲဖြစ်ပွားခဲ့ရသည်ဟု Tai Freedom က သတင်းဖော်ပြခဲ့သည်။

ထိုတိုက်ပွဲတွင် တပ်မတော်ဘက်မှ ဒဏ်ရာရသူအနည်းငယ်ရှိခဲ့ပြီး နှစ်ဖက်တပ်၏ ထိခိုက်ကျဆုံးမှု အသေးစိတ်ကိုတော့ မသိရှိရသေးကြောင်း Tai Freedom ၏ သတင်းဖော်ပြချက်အရ သိရသည်။

တပ်မတော် အမှတ် (၅၁၉) ခြေမြန် တပ်ရင်းအမှတ်နှင့် အမှတ် (၂၇၇) ၊ (၂၂၅) ခြေလျင်တပ်ရင်းတို့သည် မိုင်းတုံမြို့နယ်တွင် အခြေစိုက်ထားပြီး အမှတ်-၁၄ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် (စကခ-၁၄) နှင့် တြိဂံဒေသတိုင်းစစ်ဌာနချုပ် (ကျိုင်းတုံ) လက်အောက်ခံတပ်ရင်းများဖြစ်ကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၂၇ ရက်မှ မတ် ၃ ရက်အထိ တပ်မတော်နှင့် RCSS/SSA တို့ ရှမ်းပြည်နယ် (တောင်ပိုင်း) မိုင်းကိုင်၊ ကျေးသီးနှင့် မိုင်းနောင်မြို့နယ်တို့တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး အဆိုပါ တိုက်ပွဲတွင် လွယ်တောင်းတောင်ကြောတစ်လျှောက်ရှိ RCSS/SSA တပ်စခန်းများ ဆုတ်ခွာပေးခဲ့ရကာ ထိုတိုက်ပွဲကြောင့် ဒေသခံလူထု ရာနှင့်ချီ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။

Most Read

Most Recent