ဖွဲ့စည်းပုံပြင်ဆင်ရေး ပဥ္စမနေ့မဲခွဲဆုံးဖြတ်မှု ကာ/လုံ ထောက်ခံချက်မလိုဘဲ လွတ်ငြိမ်းချမ်းသာခွင့်ပေးနိုင်မည့် ပြင်ဆင်ချက်အပါအဝင် ပုဒ်မ ၁၅ ခုစလုံး ပြင်ဆင်နိုင်ခြင်း မရှိ

ဖွဲ့စည်းပုံပြင်ဆင်ရေး ပဥ္စမနေ့မဲခွဲဆုံးဖြတ်မှု ကာ/လုံ ထောက်ခံချက်မလိုဘဲ လွတ်ငြိမ်းချမ်းသာခွင့်ပေးနိုင်မည့် ပြင်ဆင်ချက်အပါအဝင် ပုဒ်မ ၁၅ ခုစလုံး ပြင်ဆင်နိုင်ခြင်း မရှိ
မတ် ၁၆ ရက်က ပြည်ထောင်စုလွှတ်တော်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များ မဲပေးနေကြစဉ်
မတ် ၁၆ ရက်က ပြည်ထောင်စုလွှတ်တော်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များ မဲပေးနေကြစဉ်
Published 16 March 2020
ပြည့်ဖြိုးအောင်၊ အောင်မင်းသိန်း

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး မဲခွဲဆုံးဖြတ်မှု ပဥ္စမနေ့အဖြစ် မတ် ၁၆ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်တွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာ/လုံ) ထောက်ခံချက်မလိုဘဲ လွတ်ငြိမ်းချမ်းသာခွင့် ပေးနိုင်သည့် ပုဒ်မ ၂၀၄ (ခ) ပြင်ဆင်ချက် အပါအဝင် ပုဒ်မ ၁၅ ခုကို မဲခွဲဆုံးဖြတ်ခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းပါ ပုဒ်မ ၄၃၆ (ခ) နှင့် အကျုံးဝင်သော ပုဒ်မ၊ ပုဒ်မခွဲ ၁၅ ခုကို စုစည်းထားသည့် ဆန္ဒမဲလက်မှတ် (၁) ကို မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံမဲ ၇၅ ရာခိုင်နှုန်းမကျော်သဖြင့် ပြင်ဆင်နိုင်ခြင်းမရှိဘဲ မူလအတိုင်းသာ ထားရှိမည်ဖြစ်ကြောင်း လွှတ်တော်နာယက က ကြေညာခဲ့သည်။

အဆိုပါမဲခွဲဆုံးဖြတ်ခဲ့သည့် ပုဒ်မများမှာ NLD ပါတီမှ ဦးထွန်းထွန်းဟိန် ဦးဆောင်တင်သွင်းထားသည့် ပြင်ဆင်ချက် ပုဒ်မများဖြစ်ပြီး ပုဒ်မ ၁၁၅ (ခ) ၊ ပုဒ်မ ၁၂၁ (ဋ) ၊ ပုဒ်မ ၁၂၄ (က) ၊ ပုဒ်မ ၁၂၄ (ခ) ၊ ပုဒ်မ ၁၄၇ (ခ) ၊ ပုဒ်မ ၁၇၂ (က) ၊ ပုဒ်မ ၁၇၂ (ခ) ၊ ပုဒ်မ ၁၈၈ ၊ ပုဒ်မ ၁၉၆ ၊ပုဒ်မ ၁၉၈ (ခ) ၊ ပုဒ်မ ၁၉၈ (ဃ) ၊ ပုဒ်မ ၂၀၄ (ခ) ၊ ပုဒ်မ ၂၂၅ ၊ ပုဒ်မ ၂၂၆ (က) ၊ ပုဒ်မ ၂၂၆ (ခ) တို့ဖြစ်ကာ ထောက်ခံမဲ ၇၅ ရာခိုင်နှုန်း မကျော်ခဲ့ပေ။

အဆိုပါပုဒ်မများ၏ အဓိကအကြောင်းအရာများမှာ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အခန်းကဏ္ဍကို လျှော့ချခြင်း၊ ဖွဲ့စည်းပုံအ‌ခြေခံဥပဒေ အာဏာတည်ပြီးနောက် ပထမအကြိမ် ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များကို နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ခေါ်ယူကျင်းပခြင်း စကားရပ်ကို ပယ်ဖျက်ခြင်းနှင့် ပြင်ဆင်ခြင်း၊ ကာ/လုံ ထောက်ခံချက်နှင့်အညီ လွတ်ငြိမ်းချမ်းသာခွင့်ပေးပိုင်ခွင့်ကို ပြင်ဆင်ခြင်းစသည့် ပုဒ်မများ ဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၁၅ (ခ) တွင် ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စများကိုလည်းကောင်း၊ တပ်မတော်ဆိုင်ရာ ကိစ္စများကိုလည်းကောင်း လေ့လာတင်ပြစေရန် အကြောင်းပေါ်ပေါက်ပါက ပြည်သူ့လွှတ်တော်သည် ကာကွယ်ရေးနှင့် လုံခြုံရေးကော်မတီကို တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များဖြင့် ကာလသတ်မှတ်၍ ဖွဲ့စည်းရမည်။ ထို့သို့ဖွဲ့စည်းသည့်  ကာကွယ်ရေးနှင့် လုံခြုံရေးကော်မတီသည် လုပ်ငန်းလိုအပ်ချက်အရ တပ်မတော်သား မဟုတ်သော သင့်လျော်သည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များကိုလည်း ထည့်သွင်းဖွဲ့စည်းရန်လိုအပ်ပါက ဖွဲ့စည်းနိုင်သည်ဟု ပြဋ္ဌာန်းချက်ကို ပယ်ဖျက်ရန် အဆိုပြုခဲ့သော်လည်း ထောက်ခံမဲ ၇၅ ရာခိုင်နှုန်း မကျော်၍ ပြင်ဆင်နိုင်ခြင်း မရှိခဲ့ပေ။

အလားတူ အထက်ပါပုဒ်မနှင့် အဓိပ္ပာယ်တူသည့် အမျိုးသားလွှတ်တော်နှင့်သက်ဆိုင်သည့် ပုဒ်မ ၁၄၇ (ခ) ပြဋ္ဌာန်းချက်ကို ပယ်ဖျက်ရန် အချက်သည်လည်း ရှုံးနိမ့်ခဲ့သည်။

ထို့ပြင် ပုဒ်မ ၁၂၄ (က) တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာတည်ပြီးနောက် ပထမအကြိမ်ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးကို နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ခေါ်ယူကျင်းပမည်ဟု ပြဋ္ဌာန်းချက်ကို ပယ်ဖျက်ရန် ပြင်ဆင်ချက်သည်လည်း မအောင်မြင်ခဲ့ပေ။

ပုဒ်မ ၁၇၂ (က) ပါ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်များနှင့်သက်ဆိုင်သော အထက်ပါပုဒ်မနှင့်အလားတူသည် ပယ်ဖျက်ရန် အဆိုပြုချက်သည်လည်း ထောက်ခံမဲ ၇၅ ရာခိုင်နှုန်းမကျော်သဖြင့် မူလအတိုင်းထားရှိမည်ဖြစ်သည်။

ထို့အတူ ပုဒ်မ ၁၂၄ (ခ) တွင် ပြည်သူ့လွှတ်တော်၏ နောင်သက်တမ်းများအတွက် ပထမအကြိမ် ပုံမှန်အစည်းအဝေးများကို ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်နှင့်အညီ တာဝန်ဆက်လက် ထမ်းဆောင်လျက်ရှိသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ခေါ်ယူကျင်းပရမည်ဟု မူလပြဋ္ဌာန်းချက်မှ ပြည်သူလွှတ်တော်၏ နောက်သက်တမ်းများအတွက် စကားရပ်အစား ပြည်သူ့လွှတ်တော် သက်တမ်းတိုင်း၏ စကားရပ်ဖြင့်ပြင်ဆင်ရန် အဆိုပြုချက်များမှာလည်း ထောက်ခံမဲ ၇၅ ရာခိုင်နှုန်းကျော် မရရှိသဖြင့် မူလအတိုင်း ထားရှိရမည်ဖြစ်သည်။

အထက်ပါပုဒ်မနှင့် ပြင်ဆင်ချက် အလားတူသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များနှင့် သက်ဆိုင်သော ပုဒ်မ ၁၇၂ (ခ) ပြင်ဆင်ချက်သည်လည်း ထောက်ခံမဲ ၇၅ ရာခိုင်နှုန်းမကျော်ခဲ့ပေ။

ပုဒ်မ ၁၈၈ ပါ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဥပဒေပြုစာရင်းပါ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အာဏာသက်ရောက်စေရန် ဥပဒေခွင်ပြုခွင့်နှင့်ပတ်သည့် ပြင်ဆင်ချက် ၊ ပုဒ်မ ၁၉၆ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့များအား ဥပဒေပြုစာရင်းပါ ကိစ္စရပ်များနှင့်စပ်လျဉ်းသည့် ဥပဒေပြုခွင့် အာဏာများကို ခွဲဝေအပ်နှင်းခြင်းနှင့်ပတ်သက်သည့် ပြင်ဆင်ချက်များသည်လည်း ထောက်ခံမဲ ၇၅ ရာခိုင်နှုန်းမကျော်သဖြင့် ပြင်ဆင်နိုင်ခြင်း မရှိခဲ့ပေ။

အလားတူ ပုဒ်မ ၂၀၄ (ခ) ပါ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ထောက်ခံချက်နှင့်အညီ လွတ်ငြိမ်းချမ်းသာခွင့် ပေးပိုင်ခွင့်ရှိသည်ဟုု ပြဋ္ဌာန်းချက်မှ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ထောက်ခံချက်နှင့်အညီဆိုသည့် စကားရပ်ကို ဖြုတ်ထားသည့် ပြင်ဆင်ချက်၊ ပုဒ်မ ၂၂၅ နှင့် ပုဒ်မ ၂၂၆ (က) ပါ မူလပြဋ္ဌာန်းချက် စကားရပ်တစ်ခုလုံးအဆုံးတွင် ပေါင်းစပ်ပေးသည် စကားရပ်အစား ပေါင်းစပ်ညှိနှိုင်းပေးနိုင်သည် ဟုပြင်ဆင်ချက်သည်လည်း သတ်မှတ်ထောက်ခံမဲမရသဖြင့် မူလအတိုင်းသာ ထားရှိမည်ဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းပါ ပုဒ်မ၊ ပုဒ်မခွဲများကို လွှတ်တော်အဆုံးအဖြတ်ရယူရာတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် ပြည်ထောင်စုလွှတ်တော််ကိုယ်စားလှယ် ၆၅၄ ဦး ရှိပြီး ဆန္ဒမဲပေးမည့်အစည်းအဝေးသို့ တက်ရောက်လာသော ကိုယ်စားလှယ်များ၏ ရာခိုင်နှုန်းဖြင့် တွက်ချက်ခြင်းမဟုတ်ဘဲ ၆၅၄ ဦးသော ကိုယ်စားလှယ်စုစုပေါင်း၏ ရာခိုင်နှုန်းဖြင့်သာ တွက်ချက်ခြင်းဖြစ်သဖြင့် လွှတ်တော်ကိုယ်စားလှယ် ၄၉၁ ဦးကျော် ထောက်ခံမှသာ အောင်မြင်မည်ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုလွှတ်တော်တွင် NLD ပါတီမှ ကိုယ်စားလှယ် ၃၈၂ ဦး အများဆုံးရှိပြီး ဒုတိယအများဆုံးမှာ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၁၆၆ ဦးနှင့် အခြားသော နိုင်ငံရေးပါတီများနှင့် တသီးပုဂ္ဂလကိုယ်စားလှယ် အရေအတွက်သည် ၁၀၄ ဦးရှိကြောင်း သိရသည်။ မတ် ၁၆ ရက်တွင် ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်သို့ လွှတ်တော်ကိုယ်စားလှယ် ၆၃၀ တက်ရောက်ခဲ့ပြီး ခွင့်တိုင်ကြားသူ ၂၄ ဦး ရှိခဲ့သည်။

Most Read

Most Recent