ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေး တပ်မတော်အပါအဝင် အခြားသောနိုင်ငံရေးပါတီများနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်များ၏ ထောက်ခံမှုရှိလာနိုင်ရန် စေ့စပ်ညှိနှိုင်းပေးနိုင်မည့်သူ လိုအပ်ကြောင်း တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ် အကြံပြု

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေး တပ်မတော်အပါအဝင် အခြားသောနိုင်ငံရေးပါတီများနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်များ၏ ထောက်ခံမှုရှိလာနိုင်ရန် စေ့စပ်ညှိနှိုင်းပေးနိုင်မည့်သူ လိုအပ်ကြောင်း တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ် အကြံပြု
မတ် ၁၃ ရက်က ပြည်ထောင်စုလွှတ်တော်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး မဲခွဲဆုံးဖြတ်မှု ပြုလုပ်စဉ် (ဓာတ်ပုံ- ပြည့်ဖြိုးအောင်)
မတ် ၁၃ ရက်က ပြည်ထောင်စုလွှတ်တော်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး မဲခွဲဆုံးဖြတ်မှု ပြုလုပ်စဉ် (ဓာတ်ပုံ- ပြည့်ဖြိုးအောင်)
Published 14 March 2020
အောင်မင်းသိန်း၊ ပြည့်ဖြိုးအောင်

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး တပ်မတော်အပါအဝင် အခြားသော နိုင်ငံရေးပါတီများနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်များ၏ ထောက်ခံမှုရှိလာနိုင်ရန် စေ့စပ်ညှိနှိုင်းပေးနိုင်မည့်သူ လိုအပ်ကြောင်း ကယားပြည်နယ် မဲဆန္ဒနယ်အမှတ် (၉) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုးသိန်းက ပြောကြားသည်။

မတ် ၁၃ ရက်က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းများပါ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၃၆(က) တွင် အကျုံးဝင်သည့် ပုဒ်မ၊ ပုဒ်မခွဲ ၁၂ ခုကို စုစည်းထားသည့် ဆန္ဒမဲလက်မှတ်(၄)နှင့် စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်းအစီအစဉ်အပြီးတွင် အဆုံးအဖြတ်ရယူခဲ့သည့် အစီအစဉ်များ၏ ရလဒ်များနှင့်ပတ်သက်ပြီး မေးမြန်းမှုကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုးသိန်းက အထက်ပါကဲ့သို့ ထည့်သွင်းဖြေကြားခဲ့ခြင်း ဖြစ်သည်။

“ တကယ်တော့ စတည်ကတည်းက နည်းနည်းချော်တာပေါ့။ တကယ်တော့ ညှိနှိုင်းပြီးမှ တည်ရတယ်။ ဒါကျွန်တော့်အမြင်ပေါ့။ ဒါတော့ပြီးပါပြီ။ သို့သော်လည်းပဲ အခုကြည့်လိုက်ရင် ၆၀ ကျော် ရာခိုင်နှုန်းလောက် ပျမ်းမျှရတယ်ပေါ့။ ဒီနေ့ဆိုရင်များတယ်၊ မဆိုးဘူးပေါ့။ ၄၁၇၊ ၄၁၆ ဆိုတော့ ၆၄ ရာခိုင်နှုန်း ဆိုကြပါစို့။ တကယ်တော့ တပ်ကိစ္စခဏထား။ တို့က ၇၅ ရအောင် ကြိုးစားရမှာ။ မဟုတ်ဘူးလား။ အဲဒီတော့ တပ်မတော်ကို ဘာမှပြောမနေနဲ့။ ၇၅ ရအောင် အရင်လုပ်ရမှာ။ ၇၅ တောင်မရဘဲ တို့က အခု ၆၃ လောက်ပဲ ရနေတော့။ ဒါ ကြိုးစားရမယ်ဆိုတာတစ်ချက် တွေ့ရတယ်။ နောက်တစ်ခုက အများကြီး တစ်အုပ်နီးပါး ပြင်တဲ့အခါကျတော့ ကျွန်တော် အရင်ပြောသလိုပဲ။ နည်းနည်းခက်တာပေါ့။ တစ်အုပ်လုံးနီးပါးက” ဟု ဦးစိုးသိန်းက ပြောကြားသည်။

 ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ငန်းစဉ်နှင့်ပတ်သက်၍ အမှန်တကယ် အရေးကြီးသော ဥပဒေကြမ်းငါးခု၊ ခြောက်ခုခန့်ကို တပ်မတော်နှင့်ညှိနှိုင်း၍ ဆောင်ရွက်ပါက ယခုထက်ပို၍ အဆင်ပြေနိုင်ကြောင်း ဦးစိုးသိန်းက ပြောကြားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆ ပုဒ်မ ခွဲ(က)နှင့် ပုဒ်မခွဲ(ခ) ပြင်ဆင်ချက်များကို သုံးပုံနှစ်ပုံအဖြစ် တစ်ကြိမ်တည်းသွားရန် မသင့်သေးဟု မြင်မိကြောင်း၊ ရာခိုင်နှုန်း ၇၀ ခန့်ဖြင့် သွားသင့်ကြောင်းနှင့် သုံးပုံနှစ်ပုံဆိုသည်က ရာခိုင်နှုန်းအားဖြင့် ၆၆ ရာခိုင်နှုန်းခန့်သာ ရှိမည်ဖြစ်ကြောင်း ဦးစိုးသိန်းက ပြောကြားသည်။

“ အဓိက ကတော့ ကျွန်တော်ပြောပြရရင်တော့ နောက်ပိုးပိုးသလိုပဲဗျ။ အောင်သွယ်လိုတာဗျ။ အောင်သွယ်မရှိရင်တော့ ခက်တယ်။ အဲဒီတော့ နည်းနည်းကြီးကြီးကျယ်ကျယ် ပြောရရင် စေ့စပ်ညှိနှိုင်းတဲ့ ပွဲစားလိုတာပေါ့။ တပ်မတော်က Key ဖြစ်တယ်။ ဒါပေမဲ့ ကျွန်တော်တို့လို အခြားပါတီနဲ့ တစ်သီးပုဂ္ဂလတွေက Key ဖြစ်သေးတယ်ဗျ။ တပ်မတော်ချည်းပဲလည်း မဟုတ်သေးဘူး။ ကျွန်တော်တို့ရဲ့ Key ကလည်းရှိသေးတယ်။ ပြည်ခိုင်ဖြိုးတို့၊ အခြားပါတီတို့၊ ဒေါ်သက်သက်ခိုင်တို့ပါတီတို့၊ တစ်သီးပုဂ္ဂလတို့ ဟုတ်တယ်မလား။ အဲဒါတွေ အားလုံးညှိနှိုင်းပြီးဆောင်ရွက်ရတယ်လို့ ကျွန်တော်က ပြောချင်တယ်။ အဲဒါဆိုရင် အောင်မြင်မှာ” ဟု ဦးစိုးသိန်းက ပြောကြားသည်။

လာမည့်တစ်ပတ်တွင် ဆက်လက်မဲခွဲဆုံးဖြတ်မှုလုပ်ရာတွင် ပုဒ်မ ၂၆၁ နှင့်ပတ်သက်၍ မည်သို့ဖြစ်လာမည်ဆိုသည်မှာ စိတ်ဝင်စားစရာကောင်းကြောင်းလည်း ဦးစိုးသိန်းက ပြောကြားသည်။

Most Read

Most Recent