ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပထမနေ့ မဲခွဲဆုံးဖြတ်မှုတွင် တပ်မတော်နှင့် သက်ဆိုင်သည့် ပြင်ဆင်ချက် ပုဒ်မအချို့ကို မပြင်ဆင်နိုင်ဘဲ မသန်စွမ်းနှင့် သက်ကြီးရွယ်အို စကားရပ်ပြင်ဆင်ချက် ပုဒ်မခွဲနှစ်ခုသာ ပြင်ဆင်နိုင်ခဲ့

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပထမနေ့ မဲခွဲဆုံးဖြတ်မှုတွင် တပ်မတော်နှင့် သက်ဆိုင်သည့် ပြင်ဆင်ချက် ပုဒ်မအချို့ကို မပြင်ဆင်နိုင်ဘဲ မသန်စွမ်းနှင့် သက်ကြီးရွယ်အို စကားရပ်ပြင်ဆင်ချက် ပုဒ်မခွဲနှစ်ခုသာ ပြင်ဆင်နိုင်ခဲ့
မတ် ၁၀ ရက်က ပြည်ထောင်စုလွှတ်တော်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပထမနေ့ မဲခွဲဆုံးဖြတ်မှု ပြုလုပ်စဉ် (ဓာတ်ပုံ-ပြည့်ဖြိုးအောင်)
မတ် ၁၀ ရက်က ပြည်ထောင်စုလွှတ်တော်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပထမနေ့ မဲခွဲဆုံးဖြတ်မှု ပြုလုပ်စဉ် (ဓာတ်ပုံ-ပြည့်ဖြိုးအောင်)
Published 10 March 2020

ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းများပါ ပုဒ်မ၊ ပုဒ်မခွဲများအား မဲခွဲဆုံးဖြတ်မှုကို မတ်် ၁၀ ရက်တွင် ပြည်ထောင်စုလွှတ်တော်၌ စတင်ပြုလုပ်ခဲ့သည်။

ထို့သို့ မဲခွဲဆုံးဖြတ်ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆(က) ၌ အကျုံးဝင်သော တပ်မတော်သားကိုယ်စားလှယ် အရေအတွက်ကို သက်တမ်းအလိုက် လျှော့မည့်ပြင်ဆင်ချက် အပါအဝင် ပုဒ်မ၊ ပုဒ်မခွဲ ၁၄ ခုအား စုစည်းထားသည့် ဆန္ဒမဲလက်မှတ်(၁)ကို မဲခွဲဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး မဲခွဲဆုံးဖြတ်မှုတွင် ပုဒ်မ ၁၄ ခုအနက် တပ်မတော်နှင့် သက်ဆိုင်သည့် ပြင်ဆင်ချက် ပုဒ်မအချို့ကို ပြင်ဆင်နိုင်ခဲ့ခြင်းမရှိဘဲ မသန်စွမ်းနှင့် သက်ကြီးရွယ်အို စကားရပ်နှစ်ခု ပါဝင်သော ပုဒ်မခွဲ နှစ်ခုသာ ပြင်ဆင်နိုင်ခဲ့သည်။

လွှတ်တော်တွင် ပြင်ဆင်နိုင်ခဲ့သည့် ပုဒ်မခွဲ နှစ်ခုမှာ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၂ (က)နှင့်ပုဒ်မ ၃၂ (ခ) နှစ်ခုဖြစ်ပြီး  ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၂(က) မိခင်နှင့် ကလေးသူငယ်များ၊ မိဘမဲ့ကလေးများ ၊ ကျဆုံးသော တပ်မတော်သားများ၏ ကလေးများ၊ အိုမင်းမစွမ်းသူများ၊ မသန်မစွမ်းသူများအား ကြည့်ရှုစောင့်ရှောက်ရမည်ဟု မူလပြဋ္ဌာန်းချက်မှ  အိုမင်းမစွမ်းသူများ စကားရပ်အား  သက်ကြီးရွယ်အိုများဟု လည်းကောင်း၊ မသန်မစွမ်း စကားရပ်အား မသန်စွမ်းဟုလည်းကောင်း ပြင်ဆင်ထားချက်ကို လွှတ်တော်ကိုယ်စားလှယ် ၅၈၄ ဦးက ထောက်ခံမဲ ပေးခဲ့သဖြင့် ပြင်ဆင်နိုင်ရေး ဆက်လက် ဆောင်ရွက်ရမည် ဖြစ်သည်။

အလားတူ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၂(ခ) မသန်မစွမ်း ဖြစ်လာသော တပ်မတော်သားများအား သင့်တင့်လျောက်ပတ်စွာ နေထိုင်စားသောက်နိုင်စေရန်နှင့် အသက်မွေးပညာကို အခလွတ်သင်ယူနိုင်စေရန် စီမံဆောင်ရွက်ရမည်ဟု မူလပြဋ္ဌာန်းချက်မှ မသန်မစွမ်း စကားရပ်အား မသန်စွမ်းဟု ပြင်ဆင်ထားချက်ကို လွှတ်တော်ကိုယ်စားလှယ် ၅၈၆ ဦးက ထောက်ခံမဲပေးခဲ့သဖြင့် ပြင်ဆင်နိုင်ရေး ဆက်လက် ဆောင်ရွက်မည်ဖြစ်ကြောင်း လွှတ်တော်နာယက ကြေညာခဲ့သည်။

အဆိုပါ ဆန္ဒမဲလက်မှတ် (၁) တွင် ပါရှိသည့် အခြားပုဒ်မ ၁၂ ခုဖြစ်သော ပုဒ်မ ၅၊ ပုဒ်မ ၆ (ဃ)၊ ပုဒ်မ ၆ (စ)၊ ပုဒ်မ ၇ ၊ပုဒ်မ ၈၊ ပုဒ်မ ၁၄၊ ပုဒ်မ ၁၇ (ခ) ၊ပုဒ်မ ၂၀ (ဂ)၊ ပုဒ်မ ၂၆ (က)၊ ပုဒ်မ ၃၉၊ ပုဒ်မ  ၄၀ (ခ)၊ ပုဒ်မ ၄၀ (ဂ) တို့ မှာ လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံဆန္ဒမဲ မရရှိသဖြင့် မပြင်ဆင်နိုင်ခဲ့ကြောင်း သိရသည်။

ပုဒ်မ ၅  နိုင်ငံတော်၏ မြေထု၊ ရေထုနှင့် လေထုတို့ပါဝင်သော နယ်နိမိတ်သည် ဤဖွဲ့ စည်းပုံအခြေခံဥပဒေ အတည်ဖြစ်သည့်နေ့တွင် တည်ရှိသည့်အတိုင်းဖြစ်သည်ဟု မူလပြဌာန်းချက်ကို နိုင်ငံတော်၏ မြေထု၊ ရေထု နှင့် လေထုတို့ ပါဝင်သော နယ်နိမိတ်သည် ဤဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ဖြစ်သည့်နေ့တွင် တည်ရှိသည့်အတိုင်း ဖြစ်သည့်အပြင် ရရှိလာသည့် အခြားနယ်မြေများရှိလျှင် ထိုအခြားနယ်မြေများလည်း ပါဝင်သည်ဟု ပြင်ဆင်ချက်ကို ထောက်ခံမဲ ၂၃၆ သာရရှိသဖြင့် ပြင်ဆင်နိုင်ခြင်း မရှိခဲ့ကြောင်းသိရသည်။

ထို့ပြင် ပုဒ်မ ၆(ဃ) စစ်မှန်၍ စည်းကမ်း ပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ထွန်းကားရေးဆိုသည့် မူလပြဋ္ဌာန်းချက်ကို စစ်မှန်သော ပါတီစုံဒီမိုကရေစီစနစ် ထွန်းကားရေးဟု ပြင်ဆင်ချက်အား ထောက်ခံမဲ ၄၁၄မဲ၊ ပုဒ်မ ၆(စ) နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက်ဦးတည်သည်ဟု မူလပြဋ္ဌာန်းချက်မှ ဦးဆောင်မှုဆိုသည့် စကားရပ်နှင့် အစဉ်တစိုက် စကားရပ်ကိုဖြုတ်၍ ပြည်သူ့ဆန္ဒနှင့်အညီဟု ပြင်ဆင်ချက်ကို ထောက်ခံမဲ ၄၁၀ မဲ၊ ပုဒ်မ ၇ နိုင်ငံတော်သည် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးသည်ဟု မူလပြဋ္ဌာန်းချက်ကို နိုင်ငံတော်သည် စစ်မှန်သော ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးသည်ဟု ပြင်ဆင်ချက်အား ထောက်ခံမဲ ၄၁၃ မဲ၊ ပုဒ်မ ၈ နိုင်ငံတော်ကို ပြည်ထောင်စုစနစ်ဖြင့် ဖွဲ့စည်း တည်ဆောက်သည်ဟု မူလပြဋ္ဌာန်းချက်ကို နိုင်ငံတော်ကို ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုစနစ်ဖြင့် ဖွဲ့စည်းတည်ဆောက်သည်ဟု ပြင်ဆင်ချက်အား ထောက်ခံမဲ ၄၁၄ မဲသာ ရရှိခဲ့သဖြင့် ပြင်ဆင်ရန် ထောက်ခံမဲ ၇၅ ရာခိုင်နှုန်း မကျော်သဖြင့် မူလပြဋ္ဌာန်းချက်အတိုင်းသာ ရှိမည်ဖြစ်သည်။

အလားတူ ပုဒ်မ ၁၄ မူလပြဋ္ဌာန်းချက်ပါ လွှတ်တော်အသီးသီးမှ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အရေအတွက်ကို သက်တမ်းအလိုက် လျှော့ချရမည့် ပြင်ဆင်ချက်ကို ထောက်ခံမဲ ၄၀၄ မဲ၊ ပုဒ်မ ၁၇(ခ) မူလပြဋ္ဌာန်းပါ ပြည်ထောင်စု၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ပြည်ထောင်စုနယ်မြေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုနှင့် ခရိုင်အုပ်ချုပ်ရေးစသည့် တာဝန်များထမ်းဆောင်ရန် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်း တင်သွင်းသည့် တပ်မတော်သားများ ပါဝင်သည်ဟု မူလပြဋ္ဌာန်းချက်ကို ပယ်ဖျက်ရန် ထောက်ခံမဲ ၄၀၁ မဲ၊ ပုဒ်မ ၂၀(ဂ) တပ်မတော်ကာကွယ်ဦးစီးချုပ်သည် လက်နက်တပ်ဖွဲ့ အားလုံး၏ အကြီးအကဲဖြစ်သည်ဟု မူလပြဋ္ဌာန်းချက်ကို ပယ်ဖျက်ရန် ထောက်ခံမဲ ၄၀၃ မဲ၊ ပုဒ်မ ၂၆(က) နိုင်ငံ့ဝန်ထမ်းများသည် ပါတီနိုင်ငံရေးနှင့် ကင်းရှင်းရမည်ဟု မူလပြဋ္ဌာန်းချက်ကို ပယ်ဖျက်ရန် ထောက်ခံမဲ ၃၉၅ မဲသာ ရရှိသဖြင့် ပြင်ဆင်နိုင်ခြင်းမရှိဘဲ မူလအတိုင်းသာ ထားရှိရမည် ဖြစ်သည်။

ထို့ပြင် ပုဒ်မ ၃၉ နိုင်ငံတော်သည် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ထွန်းကားရေးအတွက် နိုင်ငံရေးပါတီများကို စနစ်တကျဖွဲ့စည်းနိုင်ရန် လိုအပ်သည့် ဥပဒေပြဋ္ဌာန်း ဆောင်ရွက်ရမည်ဟု မူလပြဋ္ဌာန်းချက်မှ စစ်မှန်၍ စည်းကမ်းပြည့်ဝ စကားရပ်အစား စစ်မှန်သောဆိုသည့် ပြင်ဆင်ချက်ကို ထောက်ခံမဲ ၄၀၆ မဲ၊ ပုဒ်မ ၄၀(ခ) တိုင်းဒေသကြီး တစ်ခုတွင်ဖြစ်စေ၊ ပြည်နယ်တစ်နယ်တွင်ဖြစ်စေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုတစ်စုတွင်ဖြစ်စေ၊ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ထိပါးအန္တရာယ်ပြုမည့် အရေးပေါ်အခြေအနေ ပေါ်ပေါက်လျှင် သို့မဟုတ်  ပေါ်ပေါက်ရန် လုံလောက်သော အကြောင်းရှိလျှင် ထိုအန္တရာယ်ကို တပ်မတော်သည် ဤဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ်ပြဋ္ဌာန်းထားချက်များနှင့်အညီ တားဆီးကာကွယ် စောင့်ရှောက်ခွင့်ရှိသည်ဟု မူလပြဋ္ဌာန်းချက်မှ ထိုအန္တရာယ်ကိုဆိုသည့် စကားရပ်အစား နိုင်ငံတော်သမ္မတ၏ တာဝန်ပေးချက်အရဆိုသော အစားထိုးပြင်ဆင်ချက်ကို ထောက်ခံမဲ ၄၀၂ မဲ၊ ပုဒ်မ ၄၀(ဂ) မူလပြဋ္ဌာန်းချက်ပါ အရေးပေါ်အခြေအနေ ပေါ်ပေါက်လျှင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် နိုင်ငံတော်အာဏာကို ဤဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ်ပြဋ္ဌာန်းချက်များနှင့်အညီ ရယူသုံးစွဲခွင့်ရှိသည်ဟု စကားရပ်အစား ပြည်ထောင်စုလွှတ်တော်သည် နိုင်ငံတော်အာဏာကို နိုင်ငံတော်သမ္မတက ဦးဆောင်၍ တာဝန်ယူဆောင်ရွက်နိုင်မည့် အစီအစဉ်တစ်ရပ်အား အတည်ပြုဆုံးဖြတ် ဆောင်ရွက်ရမည်ဟု ပြင်ဆင်ချက်ကို ထောက်ခံမဲ ၃၄၃ မဲသာရရှိခဲ့သဖြင့် ပြင်ဆင်ရန် မဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

မတ် ၁၀ ရက်တွင် မဲခွဲဆုံးဖြတ်၍ ပြင်ဆင်နိုင်ခဲ့သည့် ပုဒ်မ နှစ်ခုမှာ ပုဒ်မ ၄၃၆ (က)တွင် အကျုံးဝင်သော ပုဒ်မ ဖြစ်သောကြောင့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပကာ သဘောထားရယူပြီးမှသာ အပြီးသတ် ပြင်ဆင်နိုင်မည် ဖြစ်သည်။ မတ် ၁၀ ရက်တွင် မဲခွဲဆုံးဖြတ်ခဲ့သည့် ဆန္ဒမဲလက်မှတ်(၁) ပါ  ပုဒ်မ ၄၃၆ (က) တွင် ပုဒ်မ၊ ပုဒ်မခွဲ ၁၄ ခုအနက် ၁၃ ခုမှာ NLD ပါတီမှ ဦးထွန်းထွန်းဟိန် တင်သွင်းသည့် ပုဒ်မများဖြစ်ပြီး ပုဒ်မအများစုမှာ တပ်မတော်၏ အခန်းကဏ္ဍများကို လျှော့ချထားသည့် ပြင်ဆင်ချက်များဖြစ်သဖြင့်  လွှတ်တော်အတွင်း ဆွေးနွေးစဉ်  တပ်မတော်သားကိုယ်စားလှယ်များက အပြင်းအထန် ကန့်ကွက်ထားသော ပုဒ်မများဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် မဲခွဲဆုံးဖြတ်ခြင်း ပထမနေ့အပြီးတွင် လွှတ်တော်ကိုယ်စားလှယ်အချို့၏အမြင်

 ရခိုင်အမျိုးသားပါတီ(ANP)မှ မြေပုံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်း

အဲဒါကတော့ စကားလုံးလေး တစ်လုံးအပေါ်မှာ ထောက်ခံ အတည်ပြုကြတာပေါ့။ အဲဒီတော့ ဒါက အနှစ်သာရပါတဲ့ ပြောင်းလဲခြင်းတော့ မဟုတ်ဘူးပေါ့။ ပြီးတော့ အဲဒီစကားလုံး တစ်လုံးအပေါ်မှာ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ လုပ်ရဦးမယ်ဆိုတော့ ဒါက သိပ်ဖြစ်မှာလည်း မဟုတ်ပါဘူး။ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲဖြစ်မှာလည်း မဟုတ်ပါဘူး။ ရွေးကောက်ပွဲက နီးနေပြီလေ။ အရင်ကာကွယ်ရေးနဲ့ စစ်ရေးအမြင် အဲဒီလိုပဲ ဖြစ်သွားမှာပေါ့။ ဒါပေမဲ့ အဲဒီလောက်တောင်မှ အရေးပါတာ မဟုတ်ဘူးလေ။ စကားလုံးက။ ဒါ ဥပဒေတစ်ခုထဲမှာ ရေးဆွဲပေးလို့ရတယ်။ မသန်မစွမ်းဥပဒေဆိုပြီးတော့ ပြဋ္ဌာန်းပြီးတော့ အဲဒီစကားလုံးကို ပြောင်းလဲပစ်လို့တောင်ရတယ်။ ဆိုလိုတာကတော့ အရေးမပါတာမှာ သွားပြီး ညီညွတ်နေကြတာပေါ့။ အရေးပါတဲ့ကိစ္စတွေဆို မညီညွတ်ဘူး။

 အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုးသိန်း

နှစ်ချက်ထဲက ဒါကတော့ သဘာဝကျတယ်လေ။ တပ်က အကြောင်းအရာပေါ်မှာ ကြည့်ပြီး သူက ထောက်ခံမယ်ဆိုတာ ပေါ်တာပေါ့။ တို့ကလည်း အကြောင်းအရာအပေါ်မှာကြည့်ပြီး သူရယ်၊ ကိုယ်ရယ် မဟုတ်ဘူး။ မဲ ဒါကြောင့် ၅၈၀ ကျော်ရတယ်။ ဟိုဟာတွေက မဖြစ်သင့်သေးလို့ ကန့်ကွက်တာပေါ့။

 

Most Read

Most Recent