ဖက်ဒရယ်အခြေခံမူနှင့်ပတ်သက်၍ အစိုးရနှင့် NCA ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲဲ့အစည်းများကြား အလုံးစုံတူညီသည့် အနေအထားမျိုးမဟုတ်သေးကြောင်း ALP ဗဟိုကော်မတီဝင် ပြောကြား

ဖက်ဒရယ်အခြေခံမူနှင့်ပတ်သက်၍ အစိုးရနှင့် NCA ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲဲ့အစည်းများကြား အလုံးစုံတူညီသည့် အနေအထားမျိုးမဟုတ်သေးကြောင်း ALP ဗဟိုကော်မတီဝင် ပြောကြား
Published 9 March 2020
မင်းနိုင်စိုး

ဖက်ဒရယ်အခြေခံမူနှင့်ပတ်သက်၍ အစိုးရနှင့် NCA ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲဲ့အစည်းများ ကြား အလုံးစုံတူညီသည့် အနေအထားမျိုး မဟုတ်သေးကြောင်း ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP ဗဟိုကော်မတီဝင် ဒေါ်စောမြရာဇာလင်းက ပြောကြားသည်။

ရန်ကုန်မြို့ ရွှေလီလမ်းရှိ NRPC ဌာနတွင် မတ် ၆ ရက်မှ ၇ ရက်အထိ အစိုးရနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ BCA0 SAO ၏ ညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ပြီး ယင်းအစည်းအဝေးအပြီး သတင်းမီဒီယာများ၏ မေးမြန်းမှုများအား ဖြေကြားရာတွင် ဒေါ်စောမြရာဇာလင်းက ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“ဖက်ဒရယ်အခြေခံမူနဲ့ ပတ်သက်လို့ ကျွန်မတို့ နှစ်ဖက်ဆွေးနွေးနေကြတာ ဖြစ်ပါတယ်။ အစိုးရဘက်ကလည်း အဆိုတင် တာတွေရှိတယ်။ ကျွန်မတို့ဘက်ကလည်း အဆိုတင်တာတွေရှိတယ်။ အဲဒါကတော့ အားလုံးပြီးပြည့်စုံအောင် တူညီတယ်လို့တော့ ကျွန်မတို့ ပြောလို့မရသေးဘူး။ ကျွန်မတို့ ဒီလအတွင်းမှာ UPDJC ကို ဆက်လက် ကျင်းပမယ်။ UPDJC မှာ ကျွန်မတို့ ဆုံးဖြတ်ချက် ချသွားဖို့ရှိပါတယ်။ အဲဒီအစည်းအဝေး ကိုတော့ မျှော်ရမှာဖြစ်ပါတယ်။ UPDJC မှာ ဆုံးဖြတ်လိုက်ပြီးတော့မှ ကျွန်မတို့တွေက အားလုံးအတည်ဖြစ်သွားမှာဖြစ်ပါတယ်” ဟု ဒေါ်စောမြရာဇာလင်းက ပြောကြားသည်။

ထို့ပြင် ဖက်ဒရယ်စနစ်သာလျှင် မိမိတို့တိုင်းပြည်အတွက် အနာဂတ်တွင် သွေးချောင်းစီးသည့် ပြဿနာများမဖြစ်ရန်နှင့် အေးအေးဆေးဆေး ဖြေရှင်းနိုင်သည့် နည်းလမ်းအဖြစ် ခံယူထားသည်ကို တွေ့ရကြောင်း ၎င်းက ပြောကြားသည်။

“ဖက်ဒရယ်စနစ်သည်သာလျှင် ကျွန်မတို့တိုင်းပြည်အတွက် အနာဂတ်မှာသွေးချောင်းစီးတဲ့ ပြဿနာတွေ မဖြစ်ဖို့နဲ့ အေးအေးဆေးဆေး ကျွန်မတို့ ဖြေရှင်းနိုင်တဲ့နည်း လမ်းအဲဒီလိုမျိုး ကျွန်မတို့ ခံယူထားကြတာကိုအများကြီးတွေ့ရပါတယ်။ တိုင်းပြည်ကတော့ သေချာပေါက်ကိုတော့ အပြောင်းအလဲ တစ်ခုခုကိုသွားဖို့အတွက် အရွေ့တစ်ခုခုကိုတော့ အစိုးရရော၊ တပ်မတော်ရော၊ EAO ရော ကြိုးစားနေကြတဲ့အပိုင်းဖြစ်ပါတယ်” ဟုဒေါ်စောမြရာဇာလင်းက ပြောကြားသည်။

ထိုသို့ ကြိုးစားရာတွင် NCA စာချုပ်တွင် ပါသောလုံခြုံရေးဆိုင်ရာပြန်လည်ပေါင်းစည်းရေး (Security Sector Reform) ကိစ္စသည်လည်း ရှိနေပြီးအဆိုပါကိစ္စသည် နိုင်ငံရေးလမ်းပြမြေပုံတွင် ပါဝင်သော ကိစ္စဖြစ်သည့်အတွက် တစ်ချိန်ချိန်တွင် နည်းလမ်းတစ်ခုခုဖြင့် စဉ်းစားဆွေးနွေးရမည်ဖြစ်ကာ ယင်းကိစ္စအား မဆွေးနွေး၍ မရဟူသော ဆွေးနွေးချက်များ အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့စည်းများအကြားတွင် ရှိနေသည်ဟု ဒေါ်စောမြရာဇာလင်းက ပြောကြားသည်။

မကြာမီကာလအတွင်း တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး JICM ကျင်းပရန် ရှိနေပြီး အဆိုပါအစည်းအဝေးတွင် အနာဂတ်၌ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ UPC အား မည်သို့သွားမည်ဆိုသည်ကို ဆုံးဖြတ်သွားမည်ဖြစ်ကာ အဓိကအားဖြင့် ဖက်ဒရယ်စနစ်ကို ပုံဖော်ရန် ကြိုးစားရာတွင် ဖက်ဒရယ်တိုင်းပြည်တစ်ခု၏ လက္ခဏာများကို အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက စဉ်းစားနေသည်ဟုလည်း ၎င်းက ပြောကြားသည်။

ယခုလအတွင်းတွင် ပြည်ထောင်စုငြိမ်း ချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အစည်းအဝေးကျင်းပရန် ရှိနေပြီး အဆိုပါအစည်းအဝေးများတွင် ဖက်ဒရယ်အခြေခံမူများနှင့် ပတ်သက်၍ ဆုံးဖြတ်ချက် ချသွားမည်ဖြစ်ကြောင်း ဒေါ်စောမြရာဇာလင်းက ပြောကြားသည်။