မဟာလူမျိုးကြီးဝါဒနှင့် ကျဉ်းမြောင်းသည့် လူမျိုးရေးအမြင်ရှိ တိုင်းရင်းသားများကို ဆန့်ကျင်ကြောင်းနှင့် ဖက်ဒရယ်စနစ်တည်ဆောက်လိုသည့် မည်သည့်ပါတီနှင့်မဆို လက်တွဲသွားမည်ဟု မွန်ညီညွတ်ရေးပါတီ ပြောကြား

မဟာလူမျိုးကြီးဝါဒနှင့် ကျဉ်းမြောင်းသည့် လူမျိုးရေးအမြင်ရှိ တိုင်းရင်းသားများကို ဆန့်ကျင်ကြောင်းနှင့် ဖက်ဒရယ်စနစ်တည်ဆောက်လိုသည့် မည်သည့်ပါတီနှင့်မဆို လက်တွဲသွားမည်ဟု မွန်ညီညွတ်ရေးပါတီ ပြောကြား
မွန်ညီညွတ်ရေးပါတီ (ရန်ကုန်တိုင်းဒေသကြီး) ဆိုင်းဘုတ်ဖွင့်ပွဲနှင့် ရုံးဖွင့်ပွဲကို ဗဟန်းမြို့ရှိ ပါတီရုံးခန်းတွင် ပြုလုပ်စဉ်
မွန်ညီညွတ်ရေးပါတီ (ရန်ကုန်တိုင်းဒေသကြီး) ဆိုင်းဘုတ်ဖွင့်ပွဲနှင့် ရုံးဖွင့်ပွဲကို ဗဟန်းမြို့ရှိ ပါတီရုံးခန်းတွင် ပြုလုပ်စဉ်
Published 8 March 2020
ဉာဏ်လင်းထွန်း

မဟာလူမျိုးကြီးဝါဒနှင့် ကျဉ်းမြောင်းသည့် လူမျိုးရေးအမြင်ရှိ တိုင်းရင်းသားများကို ဆန့်ကျင်ကြောင်းနှင့် ဖက်ဒရယ်စနစ်ကို တည်ဆောက်လိုသည့် မည်သည့်ပါတီနှင့်မဆို လက်တွဲဆောင်ရွက်မည်ဖြစ်ကြောင်း မွန်ညီညွတ်ရေးပါတီ (MUP) တွဲဖက်အထွေထွေအတွင်းရေးမှူး (၁) နိုင်လယိတမက ပြောကြားသည်။

မတ် ၈ ရက်က မွန်ညီညွတ်ရေးပါတီ၏ ရန်ကုန်တိုင်းဒေသကြီး ပါတီရုံးခွဲဖွင့်လှစ်ခြင်းနှင့် ဆိုင်းဘုတ်တင် အခမ်းအနားကို ဗဟန်းမြို့နယ်ရှိ ပါတီရုံးခန်းတွင်ကျင်းပစဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“ ဒီမိုကရေစီ နိုင်ငံကိုသွားတဲ့အခါမှာ ကျွန်တော်တို့ အဓိကဆန့်ကျင်တာ နှစ်ချက်ပေါ့။ (၁) က မဟာလူမျိုးကြီးဝါဒကို စွဲကိုင်ထားတဲ့ မည်သည့်ပုဂ္ဂိုလ် အဖွဲ့အစည်းကိုမဆို လုံးဝ ဆန့်ကျင်တယ်။ ထိုနည်းတူစွာ ကျွန်တော်တို့ လူနည်းစုတိုင်းရင်းသားထဲက ကျဉ်းမြောင်းတဲ့ လူမျိုးရေးအမြင်ရှိခဲ့တဲ့ပုဂ္ဂိုလ် တိုင်းရင်းသားတွေကိုလည်း ဆန့်ကျင်တယ်။  အဲဒီတော့ ဒီနှစ်ရပ်ကိုဆန့်ကျင်တယ်ဆိုရင် တိုင်းရင်းသားအခွင့်အရေးကို အသိအမှတ်ပြုတဲ့ ဖက်ဒရယ်နိုင်ငံရေးစနစ်ကို တည်ဆောက်ဖို့ သဘောတူတဲ့ ဘယ်ဗမာ၊ တိုင်းရင်းသား ပါတီနဲ့မဆိုပူးပေါင်းဖို့ အဆင့်သင်ပဲ။ လက်တွဲဖို့ အဆင်သင့်ပဲ” ဟု နိုင်လယိတမက ပြောကြားသည်။

နိုင်ငံအတွင်း နှစ် ၇၀ ကျော်ကြာ ဖြစ်ပွားနေသည့် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခကို လူမျိုးရေးပြဿနာအဖြစ် ပါတီကရှုမြင်ပြီး ယင်းပြဿနာကို ကိုင်တွယ်ဖြေရှင်းကာ အားလုံးလက်ခံသော အဖြေတစ်ခုရမှာသာ နိုင်ငံအနေဖြင့် ငြိမ်းချမ်းရေးရရှိမည်ဟု ပါတီကခံယူထားကြောင်းအထက်ပါ မွန်ညီညွတ်ရေးပါတီ တာဝန်ရှိသူက ဆိုသည်။

ပါတီကြီးအချို့က ဒီမိုကရေစီကိုသာ ဦးစားပေးဆောင်ရွက်လျက်ရှိပြီး ဒီမိုကရေစီရရှိမှ ဖက်ဒရယ်တည်ဆောက်ရေးကို ဆက်လက်ဆွေးနွေးရမည်ဆိုသည့် ပြောဆိုသံများ ကြားရပြီး ယင်းအယူအဆက မှားယွင်းသော ယူဆချက်ဖြစ်သည်ဟု မွန်ညီညွတ်ရေးပါတီ တာဝန်ရှိသူများက ဝေဖန်ပြောကြားသည်။

ဖက်ဒရယ်ဆိုသည့် နိုင်ငံတည်ဆောက်ပုံစနစ်နှင့် ဒီမိုကရေစီဆိုသည့် နိုင်ငံ အုပ်ချုပ်ရေးစနစ်သည် တစ်ခုနှင့်တစ်ခုဆက်စပ်နေပြီး အဆိုပါကိစ္စ ရပ်နှစ်ခုကိုတစ်ပြိုင်နက် အဖြေရှာဆောင်ရွက်မှသာ ဖြစ်ပွားနေသည့် ပြည်တွင်းစစ်ကိုရပ်စဲနိုင်မည်ဟု နိုင်လယိတမက ထောက်ပြသည်။

လက်ရှိတွင် နိုင်ငံကို ဒီမိုကရေစီဖက်ဒရယ်စနစ် တည်ဆောက်ရန် အပစ်ရပ်စာချုပ် (NCA) အရ သဘောတူညီမှု ရထားသော်လည်း မည်သည့်ဖက်ဒရယ်ပုံစံဖြင့် တည်ဆောက်မည်ဆိုသည်ကို နိုင်ငံရေးအင်အားစု အပြန်အလှန် ဆွေးနွေးစရာများကျန်ရှိသေးကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

အခြားသော နိုင်ငံများ၏ ဖက်ဒရယ်ကျင့်သုံးပုံကို အတုယူခြင်းထက် နိုင်ငံ၏ ပကတိ အရှိတရားနှင့် ပဋိပက္ခများကိုဖြေရှင်းနိုင်သည့် ဖက်ဒရယ်စနစ်က မြန်မာနိုင်ငံနှင့် အသင့်လျော်ဆုံးဖြစ်မည်ဟု ၎င်းက အကြံပြုသည်။

“ ဒီမိုကရေစီသွားနေတုန်းအချိန်မှာ နောက်မှ တိုင်းရင်းသားအရေးကို ထည့်ဆွေးနွေးမယ်ဆိုတာပြောလို့ မရပါဘူး။ ကျွန်တော်တို့အခု မြန်မာနိုင်ငံမှာ အဓိကအခက်အခဲ ဖြစ်နေတာ အဲဒီနှစ်ခုကိုတစ်ပြိုင်နက် မသွားခဲ့ကြလို့ မစဉ်းစားခဲ့ကြလို့ ဖြစ်နေတယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်ပါတယ်” ဟု မွန်ညီညွတ်ရေးပါတီ၏ ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ နိုင်ကျော်ဝင်းက ပြောကြားသည်။

မွန်ညီညွတ်ရေးပါတီသည် မွန်ပြည်နယ် အခြေစိုက် မွန်အမျိုးသားပါတီနှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီတို့ ပူးပေါင်းတည်ထောင်ထားသည့် နိုင်ငံရေးပါတီဖြစ်သည်။

နှစ်ပါတီဖျက်သိမ်း၍ ပူးပေါင်းပါတီအမည်ဖြင့် ပါတီတည်ထောင်ခွင့်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ၂၀၁၈ ခုနှစ် နိုဝင်ဘာတွင် တင်ပြခဲ့ပြီးကော်မရှင်က ၂၀၁၉ ခုနှစ် ဇူလိုင်တွင် ပါတီမှတ်ပုံတင်ခွင့် ပြုခဲ့သည်။

မတ် ၈ ရက်က ရန်ကုန်မြို့တွင် ပြုလုပ်သည့် ပါတီီရုံးခွဲဖွင့်လှစ်ခြင်းအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ပြည်သူ့ပါတီတို့မှ တာဝန်ရှိသူများ တက်ရောက်ပြီး အမှာစကားအသီးသီး ပြောကြားခဲ့ကြကြောင်း သိရသည်။    

Most Read

Most Recent