အဝေးကွင်းသွားရောက်ကစားရမည်ဖြစ်သော်လည်း ဧရာဝတီအသင်း၏အားနည်းချက်များကို အသုံးချ၍ အနိုင်ယူမည်ဟု ဦးတင်မောင်ထွန်း ဆို

အဝေးကွင်းသွားရောက်ကစားရမည်ဖြစ်သော်လည်း ဧရာဝတီအသင်း၏အားနည်းချက်များကို အသုံးချ၍ အနိုင်ယူမည်ဟု ဦးတင်မောင်ထွန်း ဆို
Photos : Yangon Utd
Photos : Yangon Utd
Published 7 March 2020

 

ရန်ကုန်ယူနိုက်တက်အသင်း နည်းပြချုပ် ဦးတင်မောင်ထွန်းက ဧရာဝတီအသင်းနှင့် ကစားရမည့်ပွဲမှာ အဝေးကွင်းဖြစ်သော်လည်း ပြိုင်ဘက်အသင်း၏ အားနည်း ချက်များကိုအသုံးချ၍ နိုင်ပွဲရယူနိုင်ရန် ကြိုးစားသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

ဧရာဝတီအသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းသည် MNL ပွဲစဉ် (၉)အဖြစ် မတ် (၇)ရက် ညနေ(၃း၃၀) နာရီတွင် ဧရာဝတီအသင်း၏ အိမ်ကွင်းဖြစ်သည့် ပုသိမ်မြို့ရှိ ကျောက်တိုင်ကွင်း၌ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ 

ယင်းနှစ်သင်းသည် ပွဲစဉ် (၈)အပြီးတွင် ဇယားထိပ်ပိုင်း၌ ရပ်တည်လျက်ရှိပြီး ရမှတ် (၂၀)စီရရှိထားကာ ဂိုးကွာခြားချက်ဖြင့် ရန်ကုန်အသင်းက ဒုတိယ၊ ဧရာဝတီ အသင်းက တတိယနေရာတွင် ရပ်တည်နေသည်။ 

ဦးတင်မောင်ထွန်းက '' ဒီပွဲက (၂)သင်းစလုံးအတွက် အရေးပါတဲ့ပွဲဖြစ်ပါတယ်။ ကျွန်တော်တို့အတွက် အရေးကြီးသလို၊ သူတို့အတွက်လည်း အရေးပါပါတယ်။ အနိုင်ရတဲ့အသင်းက ထိပ်ဆုံးက ဟံသာဝတီအသင်းကို ဆက်ပြီးဖိအားပေးနိုင်မှာပါ။ ကျွန်တော်တို့အနေနဲ့ အဝေးကွင်း သွားရောက်ကစားရမှာဖြစ်ပေမယ့် သူတို့အသင်းရဲ့ အားနည်း ချက်တွေကိုအသုံးချပြီး နိုင်ပွဲရယူနိုင်အောင် ကြိုးစားသွားမှာပါ။ ဧရာဝတီအသင်းက အသင်းကောင်းဖြစ်သလို၊ ကစားသမားကောင်းတွေလည်း ပိုင်ဆိုင်ထားပါတယ်။ သူတို့ကွင်းဖြစ်တာကြောင့် ပိုပြီးကြိုးစားသွားမှာပါ။ ဒါပေမဲ့ သူတို့ကိုရင်ဆိုင်ဖို့ နည်းဗျူဟာတွေ ရှာဖွေထားပြီးဖြစ်သလို၊ အားနည်းချက်တွေလည်း တွေ့ထားပါတယ်။ ဒါကို အသုံးချပြီး ကစားမှာပါ။ ပြီးခဲ့တဲ့ ရခိုင်နဲ့ပွဲမှာ ပွဲတွေဆက်တိုက်ကစားနေရတဲ့ ကစားသမားတချို့ကို အနားပေးခဲ့တာ ကြောင့် ဒီပွဲမှာ ကစားသမားအားလုံး အင်အားအပြည့်နဲ့ ကစားနိုင်မှာပါ။ ဒီပွဲမှာ အကောင်းဆုံးပုံစံရနေတဲ့ ကစားသမားတွေနဲ့ ယှဉ်ပြိုင်သွားမှာပါ''ဟု Eleven Sports သို့ ပြောကြားခဲ့သည်။ 

ဦးတင်မောင်ထွန်းသည် ရန်ကုန်အသင်း နည်းပြဘဝတွင် အမှတ်ပေးပြိုင်ပွဲ၌ (၁၉)ပွဲဆက်တိုက် ရှုံးပွဲမရှိသေးသည့်စံချိန်ကို ပိုင်ဆိုင်ထားကြောင်း သိရသည်။ 

ဧရာဝတီအသင်းသည် ယခုရာသီ ပထမအကျော့တွင် အိမ်ကွင်းပွဲများ ပိုမိုကစားထားပြီး အသင်းကြီးများဖြစ်သည့် လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်၊ ရတနာပုံ၊ ဟံသာဝတီတို့နှင့် ကစားထားကာ ယခုတစ်ပတ်တွင် အသင်းကြီးတစ်သင်းဖြစ်သည့် ရန်ကုန်အသင်းနှင့် ထပ်မံတွေ့ဆုံခြင်းဖြစ်သည်။ 

ယင်းနှစ်သင်းသည် ထိပ်ဆုံးမှ ဟံ သာဝတီအသင်းနှင့် (၁)မှတ်အကွာတွင် ရှိနေသည်။

 

Most Read

Most Recent