အစိုးရနှင့် NCA- S EAO များ၏ တွေ့ဆုံဆွေးနွေးပွဲများ မရပ်တန်ရေးအတွက် နှစ်ဖက်အဖွဲ့အစည်းများ တစ်ဖက်နှင့်တစ်ဖက် အခွင့်ကောင်းမယူဘဲ ရှေ့ဆက်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြည်ထောင်စုရှေ့နေချုပ် ပြောကြား

အစိုးရနှင့် NCA- S EAO များ၏ တွေ့ဆုံဆွေးနွေးပွဲများ မရပ်တန်ရေးအတွက် နှစ်ဖက်အဖွဲ့အစည်းများ တစ်ဖက်နှင့်တစ်ဖက် အခွင့်ကောင်းမယူဘဲ ရှေ့ဆက်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြည်ထောင်စုရှေ့နေချုပ် ပြောကြား
 မတ် ၆ ရက်က ရန်ကုန်မြို့၌ ပြုလုပ်သည့် အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် NCA- S EAO ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံစဉ် (ဓာတ်ပုံ-မင်းနိုင်စိုး)
မတ် ၆ ရက်က ရန်ကုန်မြို့၌ ပြုလုပ်သည့် အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် NCA- S EAO ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံစဉ် (ဓာတ်ပုံ-မင်းနိုင်စိုး)
Published 7 March 2020
မင်းနိုင်စိုး

အစိုးရနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (NCA- S EAO) ၏ တွေ့ဆုံဆွေးနွေးပွဲများ မရပ်တန့်ရေးအတွက် နှစ်ဖက်အဖွဲ့အစည်းများက တစ်ဖက်နှင့်တစ်ဖက် အခွင့်ကောင်းမယူဘဲ ရှေ့ဆက်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက ပြောကြားသည်။

အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် NCA- S EAO ကိုယ်စားလှယ်များ၏ တတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ရန်ကုန်မြို့ ရွှေလီလမ်းရှိ NRPC ရုံးတွင် မတ် ၆ ရက်က ပြုလုပ်ခဲ့ပြီး အဆိုပါ အစည်းအဝေးအဖွင့်နှုတ်ခွန်းဆက် စကားပြောကြားရာတွင် NRPC ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက ထိုသို့ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

အကြောင်းအမျိုးမျိုးကြောင့် ၂၁ ရာစု ပင်လုံညီလာခံ မကျင်းပနိုင်သည်မှာ တစ်နှစ်နှင့် ခုနစ်လကျော် လွန်လာပြီဖြစ်ပြီး ငြိမ်းချမ်းရေးခရီး မရပ်တန့်ရေးအတွက် နှစ်ဖက်စလုံးက နည်းလမ်းများရှာဖွေကာ အလွတ်သဘော တွေ့ဆုံဆွေးနွေးပွဲများ ကြိမ်ဖန်များစွာ ပြုလုပ်ခဲ့ကြောင်း ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်း ထွန်းဦးက ပြောကြားသည်။

ထိုသို့ ညှိနှိုင်းခဲ့ကြပြီးနောက် ရှစ်ကြိမ်မြောက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ် စဲရေးသဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) မှစတင်ကာ တရားဝင်ဆွေးနွေးမှု လမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး ဆွေးနွေးမှုဖြစ်စဉ်များကို ပြန်လည်ကြည့်ပါက နှစ်ဖက်အဖွဲ့အစည်းများသည် NCA မှ သွေဖည်ခြင်းမရှိဘဲ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲရလဒ်များနှင့်အညီ တည်ဆောက်ရန် ကြိုးပမ်းနေသည်ကို ပေါ်လွင်စေသည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

“တွေ့ဆုံဆွေးနွေးမှုတွေ မရပ်တန့်သွားဖို့ ကျွန်တော်တို့ နှစ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ အလျှော့အတင်းတွေနဲ့ တစ်ဖက်နဲ့တစ်ဖက် အခွင့်အရေးမယူဘဲနဲ့ ရှေ့ဆက်ပြီးတော့ ဆောင်ရွက်သွားကြဖို့လိုပါတယ်” ဟု ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက ပြောကြားသည်။

အစိုးရနှင့် NCA- S EAO ကိုယ်စားလှယ်များ၏ ယခင်ပြုလုပ်ခဲ့သော ညှိနှိုင်းအစည်းအဝေးနှစ်ကြိမ်မှ ပြည်ထောင်စုငြိမ်း ချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူးအစည်းအဝေးအား မတ် ၁၀ ရက်တွင် ပြုလုပ်ရန်နှင့် UPDJC အစည်းအဝေးအား မတ် ၁၂ ရက်တွင် ပြုလုပ်ရန် ညှိနှိုင်းထားကာ ယခုနှစ်ရက်တာပြုလုပ်မည့် တတိယအကြိမ် ညှိနှိုင်းအစည်းအဝေးတွင် သတ်မှတ်ရက်များအတိုင်း အဆိုပါအစည်းအဝေးများ ပြုလုပ်နိုင်ရေးအတွက် အတည်ပြုပေးနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ပြည်ထောင်စုရှေ့နေချုပ်က ပြောကြားသည်။

ရှစ်ကြိမ်မြောက် JICM အစည်းအဝေးတွင် သဘောတူညီထားသည့်အတိုင်း UPDJC စသည့် အစည်းအဝေးများ ကျင်းပပြီးနောက် ၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေးကို သတ်မှတ်ကာလဖြစ်သည့် ဧပြီလအတွင်း ကျင်းပနိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ယခုအစည်းအဝေးများမှတစ်ဆင့် ဆက်လက်ညှိနှိုင်းဆွေးနွေးရန် ကျန်ရှိနေသေးသော NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်သဘောတူညီချက်ကိစ္စများ၊ ၂၀၂၀ အလွန် အဆင့်လိုက်လုပ်ငန်းစဉ်များနှင့် ရှေ့လုပ်ငန်းစဉ်အကောင်အထည်ဖော်မှုကိစ္စများနှင့် အခြေခံမူသဘောတူညီချက်ရယူရေး ကိစ္စများကို ယခုအစည်းအဝေးတွင် ဆက်လက်ညှိနှိုင်းဆွေးနွေးကြမည်ဖြစ်ကြောင်း ပြည်ထောင်စုရှေ့နေချုပ်က ပြောကြားသည်။

“အထက်ပါကိစ္စတွေကို ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ စတုတ္ထ အစည်းအဝေးမှာ ပြည်ထောင်စုသဘောတူ စာချုပ်အစိတ်အပိုင်း (၃) အဖြစ် ချုပ်ဆိုမှာ ဖြစ်တဲ့အတွက်လည်း လက်ရှိငြိမ်းချမ်းရေး ဖြစ်စဉ်မှာ အရေးပါတဲ့ဖြစ်စဉ်တစ်ခုဖြစ်သလို ကျွန်တော်တို့အားလုံးရဲ့ ဦးတည်ချက်ဖြစ်တဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ငြိမ်းချမ်းရေး ရရှိဖို့ အတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေအကြား မှာ စိတ်ရင်းစေတနာ မှန်ကန်ကြောင်းကို ပြသဖို့ အချိန်အခါကောင်းဖြစ်ကြောင်း ပြော ကြားလိုပါတယ်}}ဟု ပြည်ထောင်စုရှေ့နေချုပ် က ပြောကြားသည်။

ထို့ပြင် နိုင်ငံရေးအခြေခံမူများ ရယူနိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်းရမည်ဖြစ်သကဲ့သို့ တစ်ဖက်တွင်လည်း ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးခိုင်မာရေးမှတစ်ဆင့် လုံခြုံရေးဆိုင်ရာပြန်လည်ပေါင်းစည်းရေးအထိ ညှိနှိုင်းဆွေးနွေးသွားနိုင်ရေးအတွက် ယုံကြည်မှုနှင့် တည်ငြိမ်ကောင်းမွန်သော အခြေအနေကောင်းများကို ဖန်တီးတည်ဆောက်သွားရန် လိုအပ်ကြောင်း ပြည်ထောင်စုရှေ့နေချုပ်က ယခုအစည်းအဝေးတွင် ထပ်လောင်းပြောကြားသည်။

 

 

Most Read

Most Recent