လွှတ်တော်အဆောက်အအုံကို မည်သူဆောက်ပေးခဲ့သနည်းဟု တပ်မတော်သားကိုယ်စားလှယ်၏ မေးခွန်းထုတ် ဆွေးနွေးချက်ကို NLD ပါတီလွှတ်တော်ကိုယ်စားလှယ် ကန့်ကွက်

လွှတ်တော်အဆောက်အအုံကို မည်သူဆောက်ပေးခဲ့သနည်းဟု တပ်မတော်သားကိုယ်စားလှယ်၏ မေးခွန်းထုတ် ဆွေးနွေးချက်ကို NLD ပါတီလွှတ်တော်ကိုယ်စားလှယ် ကန့်ကွက်
Published 6 March 2020
ပြည့်ဖြိုးအောင်၊ အောင်မင်းသိန်း

လွှတ်တော်အဆောက်အအုံကို မည်သူဆောက်ပေးခဲ့သနည်းဟု တပ်မတော်သား ကိုယ်စားလှယ်၏ မေးခွန်းထုတ် ဆွေးနွေးချက်ကို NLD ပါတီလွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးထွန်းက ကန့်ကွက်ခဲ့သည်။

မတ် ၅ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းပါ ပုဒ်မ၊ ပုဒ်မခွဲများအပေါ် ဆွေးနွေးရာတွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး ညီညီလွင်၏ အထက်ပါကဲ့သို့ ထည့်သွင်းဆွေးနွေးမှုကို NLD ပါတီလွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးထွန်းက ကန့်ကွက်ခဲ့ခြင်းဖြစ်သည်။

“နာယကကြီးခင်ဗျာ၊ ဟော့ဒီအဆောက်အအုံကြီးတွေကို ဘယ်သူတွေ ဆောက်ပေးခဲ့ပါသလဲ။ နာယကကြီးခင်ဗျာ ဟော့ဒီအဆောက်အအုံကြီးတွေကို ဘယ်သူတွေ ဆောက်ပေးခဲ့ပါသလဲ။ ခမ်းနားကြီးကျယ်ပါသလား။ ဒီအဆောက်အအုံအတွင်းမှာ ပါတီပေါင်းစုံ ဆွေးနွေးကြတာဟာ ဒီမိုကရေစီအတိုင်း သွားနေကြတာပါ။ ဘယ်ပါတီ၊ ဘယ်အဖွဲ့အစည်းရဲ့ တိုက်တွန်းချက်မှမပါဘဲ ဒီမိုကရေစီခရီး လျှောက်လှမ်းနိုင်အောင် တပ်မတော်က တည်ဆောက်ပေးခဲ့တာပါ။ ဒါသက်သေပြယုဂ်ပါပဲ။ ဒီမိုကရေစီကို သွားချင်လို့ လွှတ်တော်ကိုယ်စားလှယ်တွေ အေးအေးချမ်းချမ်း ခမ်းခမ်းနားနား ဖြစ်အောင်လို့ တည်ဆောက်ပေးခဲ့တာ သက်သေပါပဲ” ဟု ဒုတိယ ဗိုလ်မှူးကြီး ညီညီလွင်က ပြောကြားသည်။

ထို့ပြင် ခေတ်စနစ်ပြောင်းလဲမှုအရ အခြေခံဥပဒေကို ပြင်သင့်ပြင်ထိုက်သည်ကို ပြင်ရမည်ဖြစ်ပြီး နိုင်ငံတော် အကျိုးစီးပွားအတွက် အမှန်တကယ်လိုအပ်၍ ပြင်ဆင်မည်ဆိုပါက ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ၊ ဆန္ဒစွဲကင်းကင်းဖြင့် ပြင်ရန် လိုအပ်ကြောင်း ဒုတိယဗိုလ်မှူးကြီး ညီညီလွင်က ပြောကြားသည်။

ဒုတိယဗိုလ်မှူးကြီး ညီညီလွင်၏ ဆွေးနွေးချက်အချို့မှာ ပြည်ထောင်စုနည်းဥပဒေ ၁၃၈ အရ ဥပဒေမူကြမ်းပါ ပုဒ်မ၊ ပုဒ်မခွဲများမှ အခြားသော စကားရပ်များ ထည့်သွင်းဆွေးနွေးရန် မလိုအပ်သဖြင့် နုတ်ပယ်ပေးရန် လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးထွန်းက လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြခဲ့သည်။

“ဒီအဆောက်အဦကြီး ဘယ်သူဆောက်ခဲ့တာလဲဆိုတဲ့ ကိစ္စကို နှစ်ခါထပ်ပြောပါတယ်။ ကျွန်တော်တို့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ ဆွေးနွေးမယ်ဆိုရင် နည်းဥပဒေ ၁၃၈ အရ ဒီဥပဒေကြမ်းမှာပါတဲ့ ပုဒ်မ၊ ပုဒ်မခွဲ များကလွဲရင် ကျန်တဲ့စကားရပ်တွေ ထည့်သွင်းဆွေးနွေးရန် မလိုပါဘူး။ ဒါဖွဲ့စည်းပုံအတွက် သီးခြားကို ပြဋ္ဌာန်းထားခြင်း ဖြစ်ပါတယ်။ ဒီစကားက ဥပဒေကြမ်းပါတဲ့ကိစ္စ မဟုတ်တဲ့အတွက် နုတ်ပယ်ပေးရန် လေးစားစွာ တင်ပြပါတယ်” ဟု ဦးနေမျိုးထွန်းက ပြောကြားသည်။

ထို့သို့ ဦးနေမျိုးထွန်း၏ တင်ပြချက်ကို လွှတ်တော်နာယကက လုံးကောက်မှတ်တမ်းနှင့် တိုက်ဆိုင်ပြီး ပြန်လည်စိစစ်ပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

Most Read

Most Recent