နိုင်ငံ၏ အရေးပေါ်အခြေအနေ ကြုံတွေ့ရသည့်အခါ မိမိနိုင်ငံ၏ တပ်မတော်အား တာဝန်မပေးဘဲ မည်သည့် အဖွဲ့အစည်းကို တာဝန်ပေးချင်သနည်းဟု တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် မေးခွန်းထုတ်

နိုင်ငံ၏ အရေးပေါ်အခြေအနေ ကြုံတွေ့ရသည့်အခါ မိမိနိုင်ငံ၏ တပ်မတော်အား တာဝန်မပေးဘဲ မည်သည့် အဖွဲ့အစည်းကို တာဝန်ပေးချင်သနည်းဟု တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် မေးခွန်းထုတ်
Published 6 March 2020
အောင်မင်းသိန်း၊ ပြည့်ဖြိုးအောင်

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၁၈(က)နှင့် (ခ)  ပြင်ဆင်ချက်ကို ကြည့်ပါက နိုုင်ငံ၏ အရေးအပေါ် အခြေအနေ ကြုံတွေ့ရသည့်အခါ မိမိနိုင်ငံ၏ တပ်မတော်ကို တာဝန်မပေးဘဲ မည်သည့်အဖွဲအစည်းကို တာဝန်ပေးချင် သနည်းဟု မေးရမည့်အပြင် တပ်မတော်၏ အရေးပေါ်ကာလ လုပ်ငန်းတာဝန်များကို လျော့ကျပယ်ပျောက် စေလိုသည့် သံသယ ဖြစ်စရာမျိုး သက်ရောက်နေကြောင်း တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီး အေးကျော်လင်းက ဆွေးနွေးသည်။

မတ် ၅ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းများပါ ပုဒ်မ၊ ပုဒ်မခွဲများ အပေါ် လွှတ်တော်တွင်း ဆွေးနွေးရာတွင် တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးကြီး အေးကျော်လင်းက အထက်ပါအတိုင်း ထည့်သွင်းဆွေးနွေး ခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်၏ အချုပ်အခြာအာဏာ ဆုံးရှုံးရတော့မည့် အခြေအနေ၊ ပြည်ထောင်စုကြီး ပြိုကွဲတော့မည့် အခြေအနေ၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု ပြိုကွဲပျက်စီးတော့မည့် အခြေအနေများ ဆိုက်ရောက်လာပါက ပုဒ်မ ၄၁၇ ပါ ပြဋ္ဌာန်းချက်အတိုင်း ဆောင်ရွက်၍ နိုင်ငံတော် အာဏာကို ဥပဒေနှင့်အညီ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ထံ အပ်နှံပြီး နိုင်ငံတော် တည်ငြိမ်အေးချမ်းသည်အထိ ဆောင်ရွက်ရန်သည် တပ်မတော်၏ အဓိက တာဝန်ဖြစ်ပြီး တည်ငြိမ်အောင် ဆောင်ရွက်ပေးနိုင်သည့် အဖွဲ့အစည်းသည် မြန်မာ့တပ်မတော်သာလျှင် ဖြစ်သည်ကို အားလုံးအသိ ဖြစ်ကြောင်း ဗိုလ်မှူးကြီး အေးကျော်လင်းက ဆွေးနွေးခဲ့သည်။

“တပ်မတော်ဆိုတာ မည်သည့်နိုင်ငံမှာမဆို အခိုင်အမာဆုံး အဖွဲ့အစည်း ဖြစ်ပါတယ်။ နိုင်ငံတကာမှာ နိုင်ငံရဲ့ အရေးပေါ် အခြေအနေ ကြုံတွေ့ရတဲ့အခါ မိမိနိုင်ငံရဲ့ တပ်မတော်ကို တာဝန်ပေးအပ်ရတာ ထုံးတမ်းအစဉ်အလာ ဖြစ်ပါတယ်။ ပုဒ်မ ၄၁၈(က) နဲ့ (ခ) ပြင်ဆင်ချက်ကိုကြည့်ရင် မိမိနိုင်ငံရဲ့ တပ်မတော်ကို တာဝန်ပေးရန် ကိစ္စအား အတိအကျ ပြဋ္ဌာန်းချက် မဖြစ်စေချင်တဲ့သဘော ဖြစ်နေသည့်အတွက် မိမိနိုင်ငံရဲ့ တပ်မတော်ကို တာဝန်မပေးဘဲ ဘယ်အဖွဲ့အစည်းကို တာဝန်ပေးချင်တာလဲလို့ မေးရမယ့်အပြင် တပ်မတော်၏ အရေးပေါ်ကာလ လုပ်ငန်းတာဝန်များကို လျော့ကျပယ်ပျောက် စေလိုတဲ့ သံသယဖြစ်စရာမျိုး သက်ရောက်နေပါတယ်” ဟု ဗိုလ်မှူးကြီး အေးကျော်လင်းက ဆွေးနွေးခဲ့သည်။

ကမ္ဘာ့နိုင်ငံ အချို့တွင်လည်း ဆူပူအုံကြွမှုများ၊ ရုန်းရင်းဆန်ခတ်ဖြစ်မှုများ၊ အကြမ်းဖက်မှုများ ပေါ်ပေါက်လာပါက အရေးပေါ် အခြေအနေ ကြေညာပြီး သက်ဆိုင်ရာနိုင်ငံ၏ တပ်မတော်အနေဖြင့် အခြေအနေများ တည်ငြိမ်အေးချမ်းအောင် ဥပဒေနှင့်အညီ ဆောင်ရွက်ရကြောင်း၊ မိမိတို့နိုင်ငံအနေနှင့် အင်အားကြီးနိုင်ငံ နှစ်ခုအကြား၊ လူဦးရေပေါက်ဖွားနှုန်း မြင့်မားသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ထိစပ်နေပြီး နယ်မြေကျူးကျော်မှုကို ခံရနိုင်သည့် အခြေအနေ၊ ပြည်တွင်းငြိမ်းချမ်းမှု တည်ဆောက်ဆဲကာလ၊ အပြည့်အဝ မတည်ဆောက် နိုင်သေးသည့် အခြေအနေများတွင် အခြားသော နိုင်ငံများက ဒီမိုကရေစီစံနှုန်းများနှင့် တူညီအောင် ပုံတူကူးပြီး လိုက်လုပ်၍ မရသည်ကို သတိပြုရမည်ဖြစ်သလို တပ်မတော်သည် ပါတီနိုင်ငံရေး လုပ်နေခြင်း မဟုတ်ဘဲ အမျိုးသားနိုင်ငံရေးကိုသာ လုပ်နေသည်ကိုလည်း သတိချပ်ရမည်ဖြစ်ကြောင်း ဗိုလ်မှူးကြီး အေးကျော်လင်းက ဆွေးနွေးခဲ့သည်။

ဗိုလ်မှူးကြီး အေးကျော်လင်းက “ပုဒ်မ ၄၁၈ ပုဒ်မခွဲ(က)၊ (ခ) တို့ကို ပြင်ဆင်ချက် ဥပဒေကြမ်းများဟာ အရေးပေါ် အခြေအနေကို ပြန်လည်တည်ငြိမ်အောင် ပြည်ထောင်စုလွှတ်တော်၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းပြီး ဆောင်ရွက်ရမှာဖြစ်လို့ နိုင်ငံတော်ပြိုကွဲပျက်စီးမယ့် အခြေအနေကို အမြန်ရောက်ရှိ စေနိုင်ခြင်းနှင့် အရေးပေါ်ကာလ သတ်မှတ်ပြီးရင်လည်း ပြန်လည်တည်ငြိမ်အောင် မည်သူ့ကို တာဝန်ပေးအပ်မယ်။ ကာကွယ်စောင့်ရှောက်ခိုင်းမယ်။ အာဏာသုံးရပ် တာဝန်လွှဲမယ်။ ဘယ်အဖွဲ့အစည်းက ဘယ်လိုတာဝန်ယူရမယ်။ ဘယ်လိုဆောင်ရွက်ရမယ် ဆိုတာတွေ မပါရှိဘဲ ပြည့်စုံခိုင်မာမှု၊ တိကျရေရာမှုမရှိ၊ အဓိပ္ပာယ် ကောက်ယူရန် ခက်ခဲစေတဲ့ အသုံးအနှုန်းများနဲ့ တင်သွင်းလာတဲ့ ဥပဒေကြမ်း ဖြစ်တယ်ဆိုတာ တွေ့ရပါတယ်” ဟု ဆွေးနွေးခဲ့သည်။

တပ်မတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍကို မှေးမှိန်သွားစေလိုသည့် ဆန္ဒ၊ တပ်မတော်၏ အရေးပေါ်ကာလ လုပ်ငန်းတာဝန်များကို ဖယ်ရှားလိုသည့် ဆန္ဒများနှင့် နိုင်ငံတော်လုံခြုံရေး၊ ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို ဆောလျင်စွာ ကာကွယ်နိုင်ရေး၊ အချုပ်အခြာအာဏာ ဆုံးရှုံးမည့်အရေး၊ ပြည်ထောင်စု မပြိုကွဲရေးတို့ကို လျစ်လျူရှု မျက်ကွယ်ပြုထားသည့် သဘောထားများ လွှမ်းခြုံနေသည့် ပြင်ဆင်မှုများသာ ဖြစ်ခြင်းကြောင့် ပုဒ်မ ၄၁၈ (က) နှင့် (ခ) တို့အား မူလပြဋ္ဌာန်းချက် အတိုင်းသာ ထားရှိသင့်ကြောင်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီး အေးကျော်လင်းက ဆွေးနွေးခဲ့သည်။

 

Most Read

Most Recent