တိုင်းရင်းသားများ မျှော်လင့်သော ဖက်ဒရယ်စနစ် ခြေလှမ်းအစဟု ယူဆရသည့် ပုဒ်မ ၂၆၁ (ခ) ပြင်ဆင်ချက်ကို NLD ပါတီ ကိုယ်စားလှယ်များ ကန့်ကွက်သဖြင့် အံ့သြစိတ်မကောင်းဖြစ်မိဟု ANP ပါတီ လွှတ်တော်ကိုယ်စားလှယ် ပြောကြား

တိုင်းရင်းသားများ မျှော်လင့်သော ဖက်ဒရယ်စနစ် ခြေလှမ်းအစဟု ယူဆရသည့် ပုဒ်မ ၂၆၁ (ခ) ပြင်ဆင်ချက်ကို NLD ပါတီ ကိုယ်စားလှယ်များ ကန့်ကွက်သဖြင့် အံ့သြစိတ်မကောင်းဖြစ်မိဟု ANP ပါတီ လွှတ်တော်ကိုယ်စားလှယ် ပြောကြား
မတ် ၅ ရက်က ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ကျင်းပနေမှုကို တွေ့ရစဉ်
မတ် ၅ ရက်က ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ကျင်းပနေမှုကို တွေ့ရစဉ်
Published 6 March 2020
ပြည့်ဖြိုးအောင်၊ အောင်မင်းသိန်း

တိုင်းရင်းသားများ မျှော်လင့်သော ဖက်ဒရယ်စနစ် ခြေလှမ်းအစဟု ယူဆရသည့် ပုဒ်မ ၂၆၁(ခ) ပြင်ဆင်ချက်ကို NLD ပါတီ ကိုယ်စားလှယ်များ ကန့်ကွက်သဖြင့် အ့ံသြစိတ််မကောင်းဖြစ်မိကြောင်း ရခိုင်အမျိုးသားပါတီ (ANP) လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြောကြားသည်။

မတ် ၅ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းပါ ပုဒ်မ၊ ပုဒ်မခွဲများအပေါ် ဆွေးနွေးရာတွင် လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ယင်းကဲ့သို့ ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။

“၂၆၁(ခ)ကို ပြင်ရုံနဲ့ ဖက်ဒရယ်ရပြီလို့ မဆိုနိုင်ပေမဲ့ မိမိလူမျိုးတွေရဲ့ ဆန္ဒအရ မိမိဒေသကို မိမိတို့ကိုယ်တိုင် စီမံခန့်ခွဲနိုင်တဲ့ အခွင့်အရေးကို ရစေမယ့် ဥပဒေပြဋ္ဌာန်းချက် ဖြစ်ပါတယ်။ ဒါဟာ တိုင်းရင်းသားတွေ နှစ်ပေါင်းများစွာ မျှော်လင့်တောင့်တခဲ့ကြတဲ့ ဖက်ဒရယ်စနစ်နဲ့ ခြေလှမ်းအစပျိုးခြင်းလို့ ယူဆပါတယ်။ ဒါပေမဲ့ ဒီပြင်ဆင်ချက်ကို ဒီမိုကရေစီ ရဲဘော်ရဲဘက်တွေလို့ ကျွန်တော်တို့ အစဉ်တစိုက် မှတ်ယူခဲ့တဲ့ NLD ကိုယ်စားလှယ်များက ကန့်ကွက်ပြောဆိုလာခဲ့တဲ့ အခါမှာ လွန်စွာအ့ံသြစိတ်မကြောင်း ဖြစ်ရပါတယ်” ဟု ဦးဖေသန်းက ပြောကြားသည်။

ပုဒ်မ ၂၆၁ မူလပြဋ္ဌာန်းချက်တွင် နိုင်ငံတော်သမ္မတသည် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရန်ဟု ပြဋ္ဌာန်းထားပြီး ပြင်ဆင်ချက်တွင် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သည် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ရွေးချယ်တာဝန်ပေးအပ်နိုင်ရန် ပြင်ဆင်ချက် တင်သွင်းထားခြင်းဖြစ်သည်။

“ကန့်ကွက်ရခြင်း အကြောင်းပြချက်ကတော့ ရှမ်းပြည်နယ်ရဲ့ ရွေးကောက်ပွဲရလဒ်ကို ထောက်ပြပြီး ရွေးကောက်ခံ မဟုတ်သူများက ဝန်ကြီးချုပ်နေရာကို ရယူသွားမှာကို စိုးရိမ်လို့ ပြောပါတယ်။ ဒါဖြင့်ရင် ဝန်ကြီးချုပ်နေရာကို တပ်မတော်က လုံးဝရယူနိုင်မယ့် အခြေအနေမရှိတဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် နေရာကိုကျတော့ ဘာကြောင့် အများစုကို ကိုယ်စားပြုတဲ့ ရခိုင်အမျိုးသားပါတီက ကိုယ်စားလှယ်ကို မရွေးချယ်ခဲ့တာလဲဆိုတာ စဉ်းစားစရာ ဖြစ်ပါတယ်” ဟု ဦးဖေသန်းက ပြောကြားသည်။

ထို့ပြင် ၂၀၀၈ ဖွဲ့စည်းပုံ၏ စည်းဝိုင်းအတွင်း သတ်မှတ်ထားသည့် စည်းမျဉ်းအတိုင်း ယှဉ်ပြိုင်နေရခြင်းကို မမေ့ကြရန်လိုကြောင်း၊ ဖွဲ့စည်းပုံအရ တပ်မတော်ကို ဒုတိယသမ္မတတစ်ဦး၊ ဝန်ကြီးဌာနသုံးခု၊ လွှတ်တော်အသီးသီးတွင် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း အကြောပေးထားပြီး ယင်းကိုကျေနပ်လက်ခံ၍ မိမိအနေဖြင့် လက်ရှိနေရာကို ရောက်နေကြခြင်းဖြစ်ကြောင်း၊ ၂၅ ရာခိုင်နှုန်းက အနိုင်ရမည်ကို ၇၅ ရာခိုင်နှုန်းက စိုးရိမ်ခြင်းမှာ မဖြစ်သင့်ကြောင်းနှင့် NLD ပါတီအနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ အကျပ်အတည်းကြားမှ အပြတ်အသတ် အနိုင်ရရှိခဲ့ပြီး ဖြစ်သဖြင့် ဒီမိုကရေစီကို ယုံကြည်သူ၊ ဖက်ဒရယ်ကို လက်ခံသူတိုင်းက ပုဒ်မ ၂၆၁ (ခ) ပြင်ဆင်ချက်အပေါ် ထောက်ခံမဲပေးခြင်းဖြင့် တိုင်းရင်းသားများ၏ ဆန္ဒကို ဖြည့်ဆည်းပေးနိုင်မည်ကို မျှော်လင့်ကြောင်း ဦးဖေသန်းက ပြောကြားသည်။

“၂၀၀၈ ဖွဲ့စည်းပုံဥပဒေဟာ အလွန်ပြင်ရခက်တဲ့ဥပဒေဆိုတာ အားလုံးအသိဖြစ်ပါတယ်။ ဥပဒေရေးဆွဲ သူတွေက ဒီလိုပြင်ရခက်အောင်လည်းပဲ အချိန်များစွာယူပြီး ရည်ရွယ်ချက်ရှိရှိ ရေးဆွဲခဲ့ကြတယ်ဆိုတာ အထူးပြောစရာ မလိုပါဘူး။ ပြောစရာလိုတာကတော့ ဥပဒေရဲ့ အားနည်းချက်တွေကို မိမိအကျိုးအတွက် မဟုတ်ဘဲ နိုင်ငံတော်အကျိုးအတွက် ရည်မျှော်ပြီး ပြင်လိုတဲ့ စေတနာသာ ဖြစ်ပါတယ်။ ကိုယ်နဲ့ အသုံးမတည့်ရင် ပြင်ဆင်လိုပြီ်း အသုံးတည့်မယ်ဆိုရင် ကာကွယ်တာ၊ ပြင်ဖို့ မသိချင်ယောင် ဆောင်နေတာဟာ မဖြစ်သင့်ပါဘူး။ ဥပမာအားဖြင့် တင်ပြရရင် ဒီဖွဲ့စည်းပုံ တစ်ခုလုံးမှာ ရိုးသားမှုမရှိဆုံး ပုဒ်မကို ပြပါဆိုရင် ပုဒ်မ ၂၁၇ ကို ညွှန်ပြရမှာ ဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ အဓိပတိဖြစ်တဲ့ နိုင်ငံတော်သမ္မတနဲ့အပြိုင် တစ်စုံတစ်ယောက် အဖွဲ့အစည်း တစ်ခုခုကို အာဏာအပ်နှင်းနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ပြဋ္ဌာန်းထားခဲ့တာ ဖြစ်ပါတယ်။ ဒီပုဒ်မရဲ့ အားနည်းချက်ကို တစ်ဖက်က အမိအရ ရယူပြီး နိုင်ငံတော် အတိုင်ပင်ခံရာထူးကို ရယူသွားတဲ့ အခါမှာတော့ ဥပဒေပြုသူတွေအဖို့ ခုတ်ရာတခြား ရှရာတလွဲနဲ့ ရင်ဘက်စည်တီး ဖြစ်ကြရမှာ မလွဲပါဘူး” ဟု ဦးဖေသန်းက ပြောကြားသည်။

ထိုသို့ ဦးဖေသန်း၏ ဆွေးနွေးချက်များမှာမှ NLD ကိုယ်စားလှယ်များက ပုဒ် ၂၆၁ ကန့်ကွက်ခြင်းကို အလွန််အ့ံသြမိကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှ အားသာချက်ကိုယူ၍ နိုင်ငံတော် အတိုင်ပင်ခံရာထူး ရယူသွားသည်ဟု ဆွေးနွေးချက်များမှာ ပြုပြီးသား ဥပဒေများ တင်ပြခြင်း၊ ပါတီအဖွဲ့အစည်းတစ်ရပ် ပုတ်ခတ်သည့် စကားရပ်များ ဖြစ်သည့်အတွက် ကန့်ကွက်ကြောင်း NLD ပါတီ လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးထွန်းက လွှတ်တော်နာယကထံ တင်ပြခဲ့သည်။

 

Most Read

Most Recent