The Global New Light of Myanmar အင်္ဂလိပ်သတင်းစာသည် အစိုးရအတွက် နိုင်ငံတကာသို့ သတင်းပြန်ကြားရေး တာဝန်ထမ်းဆောင်နေရသဖြင့် စီးပွားရေး အကျိုးအမြတ် ရှုထောင့်တစ်ခုတည်းမှ သုံးသပ်ရန်မသင့်တော်ဟု ပြန်ကြားရေးဒုတိယဝန်ကြီး လွှတ်တော်၌ဖြေရှင်း

The Global New Light of Myanmar အင်္ဂလိပ်သတင်းစာသည် အစိုးရအတွက် နိုင်ငံတကာသို့ သတင်းပြန်ကြားရေး တာဝန်ထမ်းဆောင်နေရသဖြင့် စီးပွားရေး အကျိုးအမြတ် ရှုထောင့်တစ်ခုတည်းမှ သုံးသပ်ရန်မသင့်တော်ဟု ပြန်ကြားရေးဒုတိယဝန်ကြီး လွှတ်တော်၌ဖြေရှင်း
Published 22 February 2020
အောင်မင်းသိန်း၊ ပြည့်ဖြိုးအောင်

ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ဝေနေသည် The Global New Light of Myanmar အင်္ဂလိပ်သတင်းစာသည် နိုင်ငံတော်အစိုးရအတွက် နိုင်ငံတကာသို့ သတင်းပြန်ကြားရေးတာဝန်ကို ထမ်းဆောင်နေရသည့် တစ်ခုတည်းသော သတင်းစာဖြစ်ခြင်းကြောင့် အခြားဖက်စပ်လုပ်ငန်းများကဲ့သို့  စီးပွားရေးအကျိုးအမြတ် ရှုထောင့်တစ်ခုတည်းမှ သုံးသပ်ရန် မသင့်တော်ဟု ယူဆမိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ပြောကြားသည်။

ဖေဖော်ဝါရီ ၂၁ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်၏ ၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာအထိ ခြောက်လအတွက် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာအပေါ် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ ပထမတွဲနှင့် ဒုတိယတွဲတို့ အပါအဝင် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များနှင့်စပ်လျဉ်းပြီး ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက လွှတ်တော်၌ ပြန်လည် ရှင်းလင်းရာတွင် အထက်ပါကဲ့သို့ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“ ဒီသတင်းစာဟာ လက်ရှိအချိန်မှာ နိုင်ငံတော်အစိုးရအတွက် နိုင်ငံတကာသို့ သတင်းပြန်ကြားရေးတာဝန်ကို ထမ်းဆောင်နေရတဲ့ တစ်ခုတည်းသော အင်္ဂလိပ်သတင်းစာ ဖြစ်ပါတယ်။ ဒီမိုကရေစီသက်တမ်း နုနယ်ပြီးတော့ အသွင်ကူးပြောင်းရေးကာလမှာ စိန်ခေါ်မှုမျိုးစုံ ရင်ဆိုင်နေရတဲ့ ကျွန်တော်တို့နိုင်ငံအတွက် နိုင်ငံတော်အစိုးရအာဘော်ကို ထင်ဟပ်တဲ့ အင်္ဂလိပ်ဘာသာနဲ့ သတင်းစာတစ်စောင်ဟာ မဖြစ်မနေ လိုအပ်ပါတယ်။ The Global New Light of Myanmar ဟာ အဲဒီတာဝန်ကို အခက်အခဲမျိုးစုံကြားက ကြိုးစား ဆောင်ရွက်နေတဲ့ သတင်းစာဖြစ်တဲ့အတွက်ကြောင့် အခြားဖက်စပ်လုပ်ငန်းများကဲ့သို့ စီးပွားရေး အကျိုးအမြတ်တစ်ခုတည်းကို အဲဒီရှုထောင့်တစ်ခုတည်းမှ သုံးသပ်ရန် မသင့်တော်ဟု ယူဆမိပါကြောင်း လေးစားစွာ တင်ပြအပ်ပါတယ်” ဟု ဒုတိယဝန်ကြီးက ပြောကြားသည်။

The Global New Light of Myanmar သတင်းစာ အရည်အသွေးမြင့်တက်ပြီး စီးပွားရေးအရ အောင်မြင်စွာ ရပ်တည်နိုင်ရေးအတွက် ဝန်ကြီးဌာနနှင့် ဖက်စပ်လုပ်ကိုင်နေသော ပုဂ္ဂလိကအစုရှယ်ယာရှင်များနှင့် ညှိနှိုင်းတိုင်ပင်ပြီး သင့်လျော်သည့် ပုံနှိပ်စီးပွားရေးလုပ်ငန်းများကို တည်ဆဲဥပဒေများနှင့်အညီ ရှာဖွေလုပ်ကိုင် ဆောင်ရွက်မည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့် စာနယ်ဇင်းက ထုတ်ဝေနေသော သတင်းစာ သုံးစောင်ရှိသည့်အနက် မြန်မာဘာသာနှင့် ထုတ်ဝေသည့် သတင်းစာနှစ်စောင်သည် အမြတ်ငွေရရှိခဲ့ပြီး ပုဂ္ဂလိကနှင့် ဖက်စပ် လုပ်ငန်းတစ်ခုဖြစ်သော The Global New Light of Myanmar အင်္ဂလိပ်သတင်းစာသည် အထက်ဖော်ပြပါ ဘဏ္ဍာနှစ်အတွင်းက အရှုံးပေါ်ခဲ့ရကြောင်း၊ The Global New Light of Myanmar အင်္ဂလိပ်သတင်းစာသည် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှစတင်၍ ဖက်စပ်လုပ်ငန်းအဖြစ် ထူထောင်ခဲ့ခြင်းပြီး သတင်းစာရောင်းရငွေ၊ ကြော်ငြာများမှ ဝင်ငွေနှင့် ပုံနှိပ်လုပ်ငန်းများက ဝင်ငွေ စသည့် နည်းလမ်းသုံးမျိုးနှင့် ရရှိကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

ဒုတိယဝန်ကြီးက “ပြည်သူအများစုဟာ သတင်းအချက်အလက်ရရှိဖို့အတွက် ပုံနှိပ်သတင်းစာတွေကို မဖတ်ရှုကြတော့ဘဲ လက်ကိုင်ဖုန်းတွေကတစ်ဆင့် အွန်လိုင်းမီဒီယာတွေမှာပဲ ဖတ်ရှုလာနေကြပါတယ်။ တကယ်တမ်းပြောရရင် ဒါဟာကျွန်တော်တို့ရဲ့ လူနေမှုအဆင့်အတန်း တိုးတက်မြင့်မားလာမှုကို ဖော်ပြနေတဲ့ ညွှန်းပြချက်တစ်ခုဖြစ်လို့ ဝမ်းသာကြိုဆိုရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ တခြားတစ်ဖက်မှာတော့ စီးပွားရေးကြော်ငြာအများစုဟာ သမားရိုးကျမီဒီယာတွေဖြစ်ကြတဲ့ ပုံနှိပ်၊ ရေဒီယိုနဲ့ ရုပ်မြင်သံကြားတို့ကနေ စရိတ်စက သက်သာပြီးတော့ ကန့်သတ်ထိန်းချုပ်မှု နည်းပါးကာ အကျိုးသက်ရောက်မှုများစွာ သာလွန်ကောင်းမွန်တဲ့ အွန်လိုင်းမီဒီယာ ပလက်ဖောင်းတွေကို ပြောင်းရွှေ့သွားခဲ့ကြတဲ့အတွက် ပုံနှိပ်မီဒီယာတွေအတွက် ကြော်ငြာရရှိမှုဟာလည်း များစွာကျဆင်းခဲ့ရပါတယ်” ဟု ပြောကြားသည်။

 အထက်ပါဖြစ်စဉ်သည် နိုင်ငံတကာ ပုံနှိပ်မီဒီယာလောကတွင် အားလုံးရင်ဆိုင်ကြုံတွေ့နေရသည့် အခြေအနေတစ်ခုဖြစ်ပြီး အင်္ဂလိပ်ဘာသာနှင့်ထုတ်ဝေပြီး မူလကပင် စာဖတ်ပရိသတ်များစွာ နည်းပါးခဲ့သည့် The Global New Light of Myanmar သတင်းစာအတွက် ပိုမိုအထိနာစေခဲ့ကြောင်း၊ ဖက်စပ်လုပ်ငန်းတွင် စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် ပြင်ပသတင်းစာသုံးစောင်ကို နေ့စဉ် လက်ခံပုံနှိပ်ပေးခဲ့ရခြင်းကြောင့် ဝင်ငွေအသင့်အတင့် များပြားခဲ့သော်လည်း ပုံနှိပ်မီဒီယာလုပ်ငန်း ကျဆင်းလာခြင်းကြောင့် ပြီးခဲ့သည့်  ဘဏ္ဍာနှစ်မှစတင်၍ သတင်းစာတစ်စောင်သာ ရိုက်နှိပ်ခဲ့ရသည့်အတွက် ဝင်ငွေ ကျဆင်းခဲ့ရကြောင်းနှင့် အထက်ဖော်ပြပါ ဘဏ္ဍာနှစ်အတွင်း သတင်းစာလုပ်ငန်း၏ အဓိကကုန်ကြမ်းဖြစ်သော သတင်းစာစက္ကူ စျေးနှုန်းသည် တစ်မက်ထရစ်တန်ကို အမေရိကန်ဒေါ်လာ ၁၀၀ ကျော်ခန့် စျေးမြင့်တက်လာခဲ့ပြီး နိုင်ငံခြားငွေလဲလှယ်နှုန်း မြင့်တက်လာခြင်းကြောင့် ထုတ်လုပ်မှုကုန်ကျစရိတ် ပိုမိုမြင့်တက်ခဲ့ခြင်းများသည် အရှုံးပေါ်ရခြင်း၏ လတ်တလော အကြောင်းအရင်းများဖြစ်ကြောင်း ဒုတိယဝန်ကြီးက တင်ပြခဲ့သည်။

Most Read

Most Recent