နိုင်ငံဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းပါဝင်ရန် တိုင်းရင်းသားလူမျိုးစုများ ကျေနပ်လက်ခံနိုင်မည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရန် အရေးကြီးသည်ဟု ယုံကြည်ကြောင်း နိုင်ငံတော်သမ္မတ ပြောကြား

နိုင်ငံဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းပါဝင်ရန် တိုင်းရင်းသားလူမျိုးစုများ ကျေနပ်လက်ခံနိုင်မည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရန် အရေးကြီးသည်ဟု ယုံကြည်ကြောင်း နိုင်ငံတော်သမ္မတ ပြောကြား
Published 20 February 2020
ဉာဏ်လင်းထွန်း

နိုင်ငံတော် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူလူထု ပူးပေါင်းပါဝင်မှ    အပြည့်အဝ အောင်မြင်မှုရမည်ဖြစ်ပြီး ယင်းသို့ ပူးပေါင်းပါဝင်ရန်အတွက် တိုင်းရင်းသားလူမျိုးစုအားလုံး ကျေနပ်လက်ခံနိုင်မည့်၊ ဂုဏ်ယူစွာပါဝင်လိုသည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန် အရေးကြီးသည်ဟု ယုံကြည်ကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောကြားသည်။

ဖေဖော်ဝါရီ ၂၀ ရက်တွင် ကျရောက်သည့် ၇၂ နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားသို့   နိုင်ငံတော်သမ္မတပေးပို့သည့် သဝဏ်လွှာတွင် အထက်ပါအတိုင်း ဖော်ပြထားခြင်းဖြစ်သည်။

“ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရာတွင် အခက်အခဲနှင့် စိန်ခေါ်မှုများ ကြုံတွေ့ရသော်လည်း နိုင်ငံတော်အစိုးရနှင့်အတူ ချင်းတိုင်းရင်းသားများအပါအဝင် ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံး၏ စုစည်းညီညွတ်မှုအင်အားဖြင့် ကျော်လွှားနိုင်မည်ဟု အခိုင်အမာယုံကြည်ထားပါသည်” ဟု သမ္မတဦးဝင်းမြင့်က ပြောကြားသည်။

ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု အောင်မြင်စွာ တည်ဆောက်နိုင်ရေးအတွက် အစိုးရအနေဖြင့် သက်ဆိုင်သူအားလုံးပါဝင်သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစုပင်လုံ) ကို ကျင်းပလျက်ရှိပြီး တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်စွာ လက်တွဲကြိုးပမ်းရန် သမ္မတက တိုက်တွန်းသည်။

နိုင်ငံတော်အစိုးရက တိုင်းရင်းသား လူမျိုးအသီးသီး၏ ထုံးတမ်းအစဉ်အလာ၊ ယဉ်ကျေးမှု ရိုးရာဓလေ့ပွဲတော်များ၊ ဘာသာစကား၊ စာပေနှင့် တိုင်းရင်းသားအခွင့်အရေး တိုးတက်ဖွံ့ဖြိုးရန်   ရည်မှန်းချက်ထားဆောင် ရွက်လျက်ရှိပြီး ချင်းတိုင်းရင်းသားမျိုးနွယ်စုများအနေဖြင့်လည်း မိမိတို့၏ ဘာသာစကား၊ စာပေ၊ ဓလေ့ထုံးတမ်းအစဉ်အလာနှင့် ရိုးရာယဉ်ကျေးမှု မပပျောက်အောင် မြှင့်တင်ထိန်းသိမ်းရန် သမ္မတဦးဝင်းမြင့်က ပြောကြားသည်။

“မတူညီသော တိုင်းရင်းသားလူမျိုးစုတို့၏ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းနှင့် ဘာသာ၊ စာပေတို့သည် ပြည်ထောင်စု၏ ပဒေသာစုံအလှတရားများပင် ဖြစ်ပါသည်” ဟု နိုင်ငံတော်သမ္မတက ပြောကြားသည်။

နိုင်ငံလွတ်လပ်ရေး ကြိုးပမ်းမှုတွင် အခြားသောတိုင်းရင်းသားများနှင့်အတူ လက်တွဲပါဝင်ခဲ့သည့် ချင်းအမျိုးသားများအနေဖြင့် လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင်လည်း အခြားတိုင်းရင်းသားများနှင့် ကောင်းတူဆိုးဖက်၊ အေးအတူပူအမျှ ပြည်ထောင်စုအတွင်း လက်တွဲနေထိုင်ခဲ့ကာ ချင်းအမျိုးသားအများစု နေထိုင်ရာ ချင်းပြည်နယ်သည် ယေဘုယျအားဖြင့် တည်ငြိမ်အေးချမ်းခဲ့သည်ဟု သမ္မတသဝဏ်လွှာတွင် ဖော်ပြထားသည်။

သို့သော် ထူးခြားသည့် တောင်ကုန်းတောင်တန်းများပေါများသဖြင့် လမ်းပန်းဆက်သွယ်ရေးအတွက် ကန့်သတ်ချက်များပြားပြီး ဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေးခဲ့ရသည်မှာ စိတ်မကောင်းဖွယ်ရာဖြစ်ကြောင်းနှင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် ချင်းပြည်နယ်တွင် လမ်းအသစ်ဖောက်ခြင်း၊ ပြုပြင်ခြင်း၊ အဆင့်မြှင့်တင်ခြင်းများကို ဦးစားပေးဆောင်ရွက်နေသည်ဟု သမ္မတဦးဝင်းမြင့်က ပြောကြားသည်။

လွတ်လပ်ရေးရပြီး ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်တွင် ဖလမ်းမြို့၌ ကျင်းပသည့် လူထုညီလာခံတွင် ပဒေသရာဇ် အုပ်ချုပ်ရေးစနစ်ဟောင်းကို ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်ဖြင့် ပြောင်းလဲကျင့်သုံးရန် တစ်ခဲနက် ဆုံးဖြတ်ခဲ့ကြသည်။ ယင်းသို့ အုပ်ချုပ်ရေးစနစ်ပြောင်းလဲကျင့်သုံးရန် ဆုံးဖြတ်ခဲ့သည့် ဖေဖော်ဝါရီ ၂၀ ရက်ကို ချင်းအမျိုးသားနေ့အဖြစ် ၁၉၅၀ ခုနှစ် အောက်တိုဘာ ၉ ရက်တွင် ကျင်းပသည့် ချင်းရေးရာကောင်စီ အစည်းအဝေးက သတ်မှတ်အတည်ပြုခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

 

 

Most Read

Most Recent