ICJ ဆုံးဖြတ်ချက်နှင့် နောက်ဆက်တွဲမေးခွန်းများ

ICJ ဆုံးဖြတ်ချက်နှင့် နောက်ဆက်တွဲမေးခွန်းများ
 ဒီဇင်ဘာ ၁၁ ရက်တွင် သည်ဟိတ်မြို့ ICJ တရားရုံး တရားသူကြီးများရှေ့မှောက်၌ ဒေါ်အောင်ဆန်းစုကြည် ပြောကြားနေချိန် တမ်ဘာဒူး (တတိယ ဝဲ) ကို တွေ့ရစဉ် (Photo: AFP)
 ဒီဇင်ဘာ ၁၁ ရက်တွင် သည်ဟိတ်မြို့ ICJ တရားရုံး တရားသူကြီးများရှေ့မှောက်၌ ဒေါ်အောင်ဆန်းစုကြည် ပြောကြားနေချိန် တမ်ဘာဒူး (တတိယ ဝဲ) ကို တွေ့ရစဉ် (Photo: AFP)
Published 26 January 2020
ဆန်းမိုးထွန်း

မြန်မာတစ်နိုင်ငံလုံးရှိ ပြည်သူများက စိတ်ပူပန်စွာ စောင့်မျှော်နေရသည့် နေ့တစ်နေ့မှာ ဇန်နဝါရီ ၂၃ ရက်တွင် ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာသည်။

အဆိုပါနေ့တွင် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ်ချမှတ်ပေးရန် တောင်းဆိုထားသည့် ကြားဖြတ်အစီအစဉ်များနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

 

နောက်ကြောင်းပြန်ခြင်း

ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောဒေသတွင် အာဆာအဖွဲ့၏ အကြမ်းဖက်တိုက်ခိုက်မှုပြီးနောက်ပိုင်း ဘင်္ဂါလီများအပေါ် မြန်မာနိုင်ငံက လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်ဖြင့် ဂမ်ဘီယာနိုင်ငံသည် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၌ နိုဝင်ဘာ ၁၁ ရက်က မြန်မာနိုင်ငံကို တရားစွဲဆိုခဲ့သည်။

ဘင်္ဂါလီများအပေါ် လူမျိုးတုံးသတ်ဖြတ်သည်ဆိုသော စွပ်စွဲချက်ဖြင့် အစ္စလာမ္မစ် ၅၇ နိုင်ငံဖြင့် ဖွဲ့စည်းထားသော အစ္စလာမ္မစ်ပူး ပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ကိုယ်စား ဂမ်ဘီယာနိုင်ငံက နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် မြန်မာနိုင်ငံကို တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

အမှုဖွင့်ရခြင်း၏ အဓိကစွပ်စွဲချက်သည် ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီများနှင့်ပတ်သက်၍ မြန်မာ့တပ်မတော်အနေဖြင့် ၁၉၄၈ ကုလသမဂ္ဂ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ဆုံးဖြတ်ချက်ကို ချိုးဖောက်ခဲ့ကြောင်း ဂမ်ဘီယာနိုင်ငံက ဆိုသည်။

ဂမ်ဘီယာနိုင်ငံသည် အာဖရိကတိုက် အနောက်ပိုင်းတွင်တည်ရှိသည့် နိုင်ငံငယ်လေးဖြစ်ပြီး ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံဖြစ်သည့်အပြင် အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) တွင်လည်း အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်သည်။

အဆိုပါအမှုနှင့်ပတ်သက်၍ နှစ်နိုင်ငံလျှောက်လဲချက်ကြားနာမှုကို နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)တွင် ဒီဇင်ဘာ ၁၀ ရက်မှ ၁၂ ရက်အထိ ကြားနာခဲ့သည်။

 

ပထမနေ့ ဂမ်ဘီယာနိုင်ငံ လျှောက်လဲချက်

မြန်မာနိုင်ငံက လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ဂျီနိုဆိုက်ကွန်ဗင်းရှင်းကို ချိုးဖောက်သည်ဟု ဂမ်ဘီယာနိုင်ငံအနေဖြင့် စွပ်စွဲထားပြီး ကြားဖြတ်အစီအမံ အမိန့်ချပေးရန် တောင်းဆိုခြင်းကို နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၌ ဒီဇင်ဘာ ၁၀ ရက်က စတင်ကြားနာခဲ့သည်။

ပထမဦးဆုံးအနေဖြင့် ဂမ်ဘီယာအဖွဲ့ခေါင်းဆောင် အဘူဘာကာတမ်ဘာဒူးက မည်သည့်အတွက်ကြောင့် တရားစွဲဆိုရသည်ကို စတင်ပြောကြားသည်။ ဂမ်ဘီယာနိုင်ငံသည် ကုလသမဂ္ဂ၏ ဂျီနိုဆိုက်ကွန်ဗင်းရှင်းတွင် လက်မှတ်ထိုးထားသည့်အတွက် ဘင်္ဂါလီ (မူရင်းတွင် ရိုဟင်ဂျာဟု ဖော်ပြ) အရေးကိစ္စ၌ မြန်မာဘက်က ဂျီနိုဆိုက်ကွန်ဗင်းရှင်းကို လိုက်နာရန် တာဝန်ပျက်ကွက်ခဲ့ခြင်းကြောင့် တရားစွဲရခြင်းဖြစ်ကြောင်း ဆိုသည်။

ထို့ပြင် အမေရိကန်ရှေ့နေအဖွဲ့က ရှေ့နေ ပေါလ်ရိုက်ဂနာအပါအဝင် ရှေ့နေရှစ်ဦးခန့်က မြန်မာနိုင်ငံတွင် လူမျိုးတုံးသတ်ဖြတ်မှု အန္တရာယ်ဆက်ရှိနေသည်ဆိုပြီး Provisional Measures ဟုခေါ်သည့် ကြားဖြတ်စီမံ ဆောင်ရွက်ချက်များ ထုတ်ပေးနိုင်ရန် ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ အစီရင်ခံစာကို ကိုးကား၍ လျှောက်လဲခဲ့သည်။

ဂမ်ဘီယာနိုင်ငံအနေဖြင့် ကဏ္ဍအလိုက် လျှောက်လဲချက်များပေးခဲ့သည်ကို တွေ့ရပြီး  ဂမ်ဘီယာနိုင်ငံကိုယ်စားလှယ်၏ အဖွင့်လျှောက်လဲချက်၊ ဘင်္ဂါလီများလူမျိုးတုံး သတ်ဖြတ်မှုနှင့် ဆက်လက်ရင်ဆိုင်နေရသော စိုးရိမ်ဖွယ်ရာအခြေအနေ၊ မြန်မာနိုင်ငံအနေဖြင့် လူမျိုးတုံးသတ်ဖြတ်ရန် ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်နေမှု၊ လူမျိုးတုံးသတ်ဖြတ်မှုများကြောင့် ဘင်္ဂါလီများရင်ဆိုင်နေရသည့် စိုးရိမ်ဖွယ်ရာအခြေအနေ၊ ယင်းအခြေအနေများကြောင့် ကြားဖြတ်တားဆီးမိန့် ထုတ်ပြန်ရန်လိုအပ်ကြောင်း စသည့်အချက်များကို အထောက်အထားများဖြင့် တင်ပြခဲ့သည်။

 

ဒုတိယနေ့ မြန်မာနိုင်ငံလျှောက်လဲချက်

နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့က အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် ဒီဇင်ဘာ ၁၁ ရက်က ဂမ်ဘီယာနိုင်ငံ၏ တရားစွဲဆိုမှုနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံဘက်က လျှောက်လဲချက်ကို ကြားနာခဲ့သည်။

မြန်မာနိုင်ငံက လျှောက်လဲချက်ပေးရာတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်လျှောက်လဲချက်ပေးခဲ့ပြီး မြန်မာအဖွဲ့ကိုယ်စားပြုရှေ့နေ ပါမောက္ခ ဝီလျံရှားဘတ်စ်၊ ခရစ္စတိုဖာစတိတ်ကာနှင့် ပါမောက္ခ ဖီဘီအိုကိုဝါတို့က ကဏ္ဍအလိုက် လျှောက်လဲခဲ့ကြသည်။

လျှောက်လဲချက်ပေးရာတွင် မြန်မာနိုင်ငံကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က အဖွင့်လျှောက်လဲခြင်း၊ မြန်မာနိုင်ငံအစိုးရနှင့် တပ်မတော်အနေဖြင့် လူမျိုးတုံးသတ်ဖြတ်ရန် ရည်ရွယ်ချက်မရှိခြင်း၊ ဂမ်ဘီယာနိုင်ငံ၏ လျှောက်လဲချက်ကို လက်ခံစဉ်းစားရန် မသင့်ခြင်းနှင့် ရခိုင်ပြည်နယ်ရှိ အခြေအနေများသည် ကြားဖြတ်တားဆီးမိန့် ထုတ်ပြန်ရန် မလိုခြင်း စသည့်အချက်များကို တင်ပြခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က ICJ တရားရုံးတွင် ဘင်္ဂါလီမွတ်စလင်များအပေါ် တပ်မတော်စစ်ဆင်ရေး ပြုလုပ်ခဲ့မှုနှင့် ပတ်သက်၍ ခုခံချေပရာတွင် လူမျိုးတုံးသတ်ဖြတ်ရန် ကြံရွယ်ချက် ရှိသည်ဆိုသည့်အချက်ကို  ငြင်းဆိုလျှောက်လဲခဲ့သည်။ တပ်မတော်အနေဖြင့် အင်အားကို အချိုးအစားမညီမျှစွာ အသုံးပြုခဲ့ခြင်းရှိနိုင်သည်ဟု ဝန်ခံခဲ့သော်လည်း ထိုသို့ လုပ်ဆောင်ခြင်းသည် လူနည်းစု အုပ်စုတစ်စုကို အပြတ်ရှင်းရန် ကြိုးစားခြင်းဖြစ်သည်ဟု ဆိုခြင်းအပေါ် သက်သေပြနိုင်ခဲ့ခြင်းမရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

တပ်မတော်သည် ၂၀၁၇ ခုနှစ်တွင် ရာနှင့်ချီသည့် ဘင်္ဂါလီမွတ်စလင် သောင်းကျန်းသူများ၏ တိုက်ခိုက်မှုတစ်ရပ်ကို တုံ့ပြန်ခြင်းသာဖြစ်ကြောင်း ၎င်းက အခိုင်အမာပြောကြားသည်။ ထို့ပြင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများကြားတွင် အငြင်းပွားမှုများနှင့်ပတ်သက်၍ ဆုံးဖြတ်ပေးရန် ၁၉၄၆ ခုနှစ်က ထူထောင်ခဲ့သည့် တရားရုံးသည် ၁၉၉၀ ပြည့်လွန်နှစ်များက ဘောလ်ကန်စစ်ပွဲအတွင်း အရပ်သားများအပေါ် အစုလိုက်အပြုံလိုက်ရှင်းလင်းမှုကို လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် အတည်ပြုပေးခဲ့ခြင်းမရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြပြောဆိုသည်။

မြန်မာနိုင်ငံဘက်က ငှားရမ်းထားသည့် ရှေ့နေသုံးဦးကလည်း နိုင်ငံတကာတရားရုံးက ဆုံးဖြတ်ထားပြီးဖြစ်သည့့် ခရိုအေးရှားနှင့် ဆားဘီးယားအမှု၊ ဘော့စနီးယားနှင့် ဆားဘီးယားအမှုများကို ကိုးကားပြီး လူမျိုးတုံး သတ်ဖြတ်မှုဆိုသည့် ရည်ရွယ်ချက်မရှိကြောင်း ထောက်ပြခဲ့သည်။

ဂမ်ဘီယာနိုင်ငံ၏ တရားစွဲဆိုရေး လုပ်ဆောင်ချက်များသည် ရိုးသားမှုမရှိကြောင်းကို ဖြစ်စဉ်များနှင့် ပြောခဲ့သည့်အပြင် နောက်ကွယ်၌ OIC အဖွဲ့ရှိနေပြီး OIC သည် ဂျီနိုဆိုက်ကွန်ဗင်းရှင်း စာချုပ်ဝင်မဟုတ်သည့်အတွက် အမှုကိုလက်မခံသင့်ကြောင်း ချေပခဲ့သည်။

ဂမ်ဘီယာနိုင်ငံက ကြားဖြတ်တားဆီး အမိန့်ထုတ်ပေးရန် လျှောက်ထားခြင်းသည် အကြောင်းအကျိုးမခိုင်လုံကြောင်း ချေပခဲ့သည့်အပြင် ရခိုင်ပြည်နယ်၏ လူမှုစီးပွားရေးဆိုင်ရာ အကူအညီများကို နိုင်ငံတကာနှင့် ပူးပေါင်းပြီး လုပ်ဆောင်နေကြောင်းကိုလည်း လျှောက်လဲခဲ့သည်။

 

တတိယနေ့ သို့မဟုတ် နှစ်နိုင်ငံလျှောက်လဲချက်

နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့ အပြည်ပြည်ဆိုင်ရာတရားရုံးတွင် ဒီဇင်ဘာ ၁၂ ရက်က မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံဘက်က တရားစွဲဆိုထားမှုနှင့်ပတ်သက်ပြီး နှစ်ဖက်အပြီးသတ် လျှောက်လဲချက်ကို ကြားနာခဲ့သည်။ မြန်မာနိုင်ငံတွင် လူမျိုးတုံးသတ်ဖြတ်မှုများ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့သည်ကို အထောက်အထား သက်သေများဖြင့် တစ်ချက်ချင်းရှင်းသွားခဲ့ပြီး လူမျိုးတုံးသတ်ဖြတ်မှု အန္တရာယ်သည် မြန်မာနိုင်ငံတွင် ဆက်ရှိနေသည့်အတွက် Provisional Measures ဟုခေါ်သည့် ကြားဖြတ်စီမံ ဆောင်ရွက်ချက်များကို ICJ က အမိန့်ထုတ်ပြန်ပေးရန် ဂမ်ဘီယာဘက်က လျှောက်ထားခဲ့သည်။

ဂမ်ဘီယာနိုင်ငံက ကြားဖြတ်စီမံ ဆောင်ရွက်ချက်ချမှတ်ပေးရန် တောင်းဆိုခဲ့သည့် အချက် ခြောက်ချက်မှာ ၁။ လူမျိုးတုံးသတ် ဖြတ်မှုတားဆီးရေးဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက်တွင် ဖော်ပြထားသော ကျူးလွန်မှုများ ဖြစ်မလာစေရေး မြန်မာနိုင်ငံအနေဖြင့် အကာအကွယ်ပေးသည့်  အစီအမံများ ဆောင်ရွက်ရန် ၂။ မြန်မာတပ်မတော် ဖြစ်စေ၊ အခြားလက်နက်ကိုင်အဖွဲ့အစည်း တစ်ခုခုမှဖြစ်စေ လူမျိုးတုံးသတ်ဖြတ်မှု မြောက်သည့်လုပ်ရပ်များ မကျူးလွန်စေရန်နှင့် ကျူးလွန်အောင် လှုံ့ဆော်မှုများမဖြစ်ရန် မြန်မာနိုင်ငံအနေဖြင့် ထိန်းချုပ်မှုများ ပြုလုပ်ရန် ၃။  မြန်မာနိုင်ငံအနေဖြင့် သက်သေအထောက်အထားများကို ဖျက်ဆီးခြင်း မပြုရန် ၄။ မြန်မာနှင့် ဂမ်ဘီယာအကြား အခြေအနေ ပိုမိုဆိုးရွားစေမည့်ကိစ္စများ မလုပ်ရန်  ၅။ လူမျိုးတုံးသတ်ဖြတ်မှု ရှိ မရှိ  တရားရုံးက စစ်ဆေးနေစဉ်ကာလအတွင်း မြန်မာနိုင်ငံဘက်မှ ဆောင်ရွက်မည့် အစီအစဉ်များကို  လေးလအတွင်း တရားရုံးသို့ အစီရင်ခံစာတင်ရန် ၆။ ကုလသမဂ္ဂ၏ အချက်အလက် ရှာဖွေရေးအဖွဲ့အားလုံးနှင့် အခြားကုလအဖွဲ့အစည်းများအားလုံးက စုံစမ်းစစ်ဆေးမှုများတွင် ပူးပေါင်းဆောင်ရွက်ရန်တို့ ဖြစ်သည်။

မြန်မာဘက်က လျှောက်ထားရာတွင် အချက်နှစ်ချက်ကိုလျှောက်ထားခဲ့ပြီး ဂမ်ဘီယာမှ ရုံးတော်သို့တင်သွင်းထားသည့် အမှုကိစ္စကို ရုံးတော်စာရင်းမှ ပယ်ဖျက်ပေးရန်နှင့် ဂမ်ဘီယာမှ တောင်းဆိုသည့် ကြားဖြတ် စီမံဆောင်ရွက်ချက်များအား ပယ်ချပေးရန်တို့ဖြစ်သည်။

  AFP)

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် မိန့်ခွန်း

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၌ ကြားနာမှုဆိုင်ရာ အတွေ့အကြုံများနှင့်ပတ်သက်ပြီး  ပြည်သူလူထုသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်းကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက ဒီဇင်ဘာ ၁၈ ရက်က ထုတ်လွှင့်ခဲ့သည်။

ICJ တွင် မြန်မာနိုင်ငံအနေဖြင့် သွားရောက်ရင်ဆိုင်ရာ၌ အန္တိမရည်မှန်းချက်ဖြစ်သည့် နိုင်ငံအတွင်းရှိကြသော အသိုက်အဝန်းများကြားတွင် ရေရှည်တည်တ့ံခိုင်မြဲသည့် ငြိမ်းချမ်းရေးနှင့် သဟဇာတရှိရေးကို မျက်ခြည်ပြတ်မခံဘဲ ရိုးသားဖြောင့်မတ်ခြင်း၊ တရားဥပဒေစိုးမိုးရေးကို လေးစားလိုက်နာသည့်အပေါ်တွင် ခိုင်မာစွာရပ်တည်၍ ချေပခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ထို့ပြင် လက်နက်ကိုင်ပဋိပက္ခအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများ ရှိနိုင်သော်လည်း လူမျိုးပြုန်းတီးမှုနှင့် လူမျိုးပြုန်းတီးစေရန် ရည်ရွယ်ချက်ရှိရှိဆောင်ရွက်သည်ဟု မသတ်မှတ်နိုင်ဘဲ ချိုးဖောက်သူများ၊ ကျူးလွန်သူများရှိခဲ့ပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဆိုသည်။

“ လက်နက်ကိုင်ပဋိပက္ခတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခြေအနေမျိုးတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနိုင်တယ်။ တရားမျှတမှုနဲ့ တရားဥပဒေစိုးမိုးရေးနဲ့ စပ်လျဉ်းပြီး နိုင်ငံတကာက လက်ခံထားတဲ့ စံနှုန်းတွေနဲ့ သွေဖည်နိုင်တယ်ဆိုတဲ့အချက်ကို အငြင်းမပွားခဲ့ပါဘူး။ ဒါပေမဲ့လည်း ဒီလိုချိုးဖောက်မှုတွေကို လူမျိုးပြုန်းတီးမှုနဲ့ လူမျိုးပြုန်းတီးစေဖို့ ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်တယ်လို့ မသတ်မှတ်နိုင်ပါဘူး။ ချိုးဖောက်သူတွေ၊ ကျူးလွန်သူတွေရှိခဲ့ရင် ဥပဒေနဲ့အညီ အရေးယူမှုတွေ ဆောင်ရွက်မှာဖြစ်သလို ဒီလိုအရေးယူရန် ဆန္ဒနဲ့အရေးယူနိုင်စွမ်းလည်း ကျွန်မတို့အနေနဲ့ အပြည့်အဝရှိနေပါတယ်။ ကျွန်မတို့နိုင်ငံဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ပြည်တွင်းတရားစီရင်မှုဖြစ်တဲ့ စစ်ဘက်ဆိုင်ရာတရားရေးစနစ်၊ အရပ်ဘက်ဆိုင်ရာ တရားရေးစနစ်တွေကနေ ပြည်သူတွေအားလုံးရဲ့ အခွင့်အရေးတွေကို ဥပဒေကြောင်းအရ ကာကွယ်ပေးသွားဖို့ သန္နိဋ္ဌာန်ချမှတ်ထားပြီးသား ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားသည်။

ICJ တွင် နှစ်နိုင်ငံလျှောက်လဲပေးရာ၌ ဂမ်ဘီယာနိုင်ငံက ကြားဖြတ်စီမံဆောင်ရွက်ချက်များချမှတ်ရန် လျှောက်လဲသော်လည်း မြန်မာနိုင်ငံဘက်မှ ရှေ့နေများက တရားရုံးတော်အနေဖြင့် ကြားဖြတ်စီမံ ဆောင်ရွက်ချက်များ ချမှတ်ရန်မသင့်ကြောင်းကို ချေပလျှောက်လဲခဲ့ပြီး ရှေ့နေတစ်ဦးဖြစ်သော ပါမောက္ခရှားဘတ်စ်က ဂမ်ဘီယာနိုင်ငံ၏ လျှောက်ထားချက်သည် ကြားဖြတ်စီမံဆောင်ရွက်ချက်များ ချမှတ်နိုင်ရန်အတွက် သတ်မှတ်ချက်များနှင့် ကိုက်ညီမှုမရှိသည့်အပြင် ယုတ္တိမတန်ကြောင်းကို ထောက်ပြခဲ့ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

ဆက်လက်ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က တရားရုံးတော်၌ နောက်ဆုံးအပိတ် ပြောကြားခဲ့မှုနှင့်ပတ်သက်၍ မတူကွဲပြားမှုများကြားက ညီညွတ်မှုတည်ဆောက်နိုင်ရေး၊ ပြည်သူများ၏ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖော်ဆောင်ရာတွင် ကြုံတွေ့ရမည့်စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန် အထောက်အကူဖြစ်စေမည့် ဆုံးဖြတ်ချက်မျိုး တရားစီရင်ရေးဆိုင်ရာ ဉာဏ်ပညာ အမြော်အမြင်ဖြင့် ဆင်ခြင်တုံတရားပြည့်ဝစွာထားပြီး တရားသူကြီးများအနေဖြင့် ချမှတ်ပေးနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်ဟု ဆိုသည်။

နောက်ဆုံးတွင် နိုင်ငံတော်၏ ရှေ့ခရီးတွင် ရင်ဆိုင်ကြုံတွေ့ရမည့် စိန်ခေါ်မှုမှန်သမျှကို အားလုံးအတူတကွ ရင်ဆိုင်မည်ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ထည့်သွင်းပြောကြားခဲ့သည်။

“ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မတို့ ရင်ဆိုင်မယ်။ အားလုံးအတူတကွပဲပေါ့” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။ 

 

ဒေါ်အောင်ဆန်းစုကြည်ဆောင်းပါး

မြန်မာနိုင်ငံတွင် လူမျိုးတုံးသတ်ဖြတ်မှုများ တားဆီးရေးအတွက် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က ကြားဖြတ်အရေးပေါ် စီမံချက်များ မချမှတ်မီ တစ်ရက်အလိုတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က Financial Times တွင် ဆောင်းပါးတစ်ပုဒ် ရေးသားခဲ့သည်။

ယင်းဆောင်းပါးတွင် ရခိုင်ပြည်နယ်၌ ၂၀၁၇ ခုနှစ်က အကြမ်းဖက်မှုများနှင့် လူအစုလိုက်အပြုံလိုက် ရွှေ့ပြောင်းမှုများအတွက် စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပြီးနောက်ဆုံး အစီရင်ခံစာကို သမ္မတထံ တင်သွင်းထားကြောင်း၊ လွတ်လပ်သော ထိုစုံစမ်းရေးကော်မရှင်သည် မျက်မြင်သက်သေ ၁၅၀၀ နီးပါးကို မေးမြန်းစုံစမ်းခဲ့ကြောင်း၊ ကမ္ဘာတွင် မည်သည့် စုံစမ်းရေးအဖွဲ့ထက်မဆို သာလွန်သော သတင်းအချက်အလက်များကို ထိုကော်မရှင်ကရရှိခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ရေးသားထားသည်။

ထို့နောက်မြန်မာနိုင်ငံကို ICJ ၌ တရားစွဲဆိုခြင်း၊ ICJ ၏ ရှေ့နေက ကြေညာချက်များ ထုတ်ပြန်ခြင်းစသည့် ဖြစ်စဉ်များသည် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ စုံစမ်းရေးမစ်ရှင်ကို အလုံးစုံမှီတည်ထားကြောင်း၊ ထိုမစ်ရှင်သည် ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည် စခန်းမှ ဒုက္ခသည်များ၏ ကြေညာချက်ကို မှီခိုထားပြီး အန္တရာယ်ကြီးသော လုပ်ဆောင်ချက်ဖြစ်ကြောင်းကိုလည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ထောက်ပြရေးသားထားသည်။

အချို့ဒုက္ခသည်များသည် မတိကျသော၊ ချဲ့ကားထားသော သတင်းများကို ပေးခဲ့သည်ဟု လွတ်လပ်သည့် စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာက ဖော်ပြခဲ့ကြောင်း၊ ထိုသို့ဖြစ်ခြင်းအပေါ် နားလည်ပေး၍ရသော်လည်း စနစ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုရှိနေသည်ကို အသိအမှတ်ပြု လက်ခံရမည်ဖြစ်ကြောင်း၊ အစိုးရများ၊ နိုင်ငံများအား အရိပ်မည်းထိုးစေသော သတင်းမှားများကို စစ်ထုတ်ရန် အပြည်ပြည်ဆိုင်ရာ တရားရေးစနစ်က မဆောင်ရွက်နိုင်သေးကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြရေးသားထားသည်။

ထို့ပြင် သင့်တင့်လျောက်ပတ်သော စုံစမ်းစစ်ဆေးမှုများမရှိဘဲ သက်သေမခိုင်မာသော ကြေညာချက်များအား အခြေခံ၍ လူ့အခွင့်အရေးအဖွဲ့များက မြန်မာနိုင်ငံကို ရှုတ်ချခဲ့ကြောင်း၊ နိုင်ငံတကာ၏ ယင်းသို့ ဆောင်ရွက်မှုများက ရခိုင်ပြည်နယ်တွင် တည်ငြိမ်တိုးတက်ရေးအတွက် မြန်မာ၏ဆောင်ရွက်ချက်များအား အပျက်သဘော သက်ရောက်စေကြောင်း၊ လူ့အခွင့်အရေးကို အခိုင်မာဆုံး ကာကွယ်ပေးနိုင်ရန်အတွက် ကုလသမဂ္ဂနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများက အထောက်အထား မခိုင်လုံသော ဇာတ်ကြောင်းများကို အမှီပြုနေသည့် နည်းလမ်းများအား ပြုပြင်ပြောင်းလဲရန် လိုအပ်ကြောင်းနှင့် ဓားစာခံများ၏အသံကို နားထောင်ရမည်ဖြစ်ပြီး နှလုံးသားနှင့် ထိတွေ့ခံစားရမည်ဖြစ်သော်လည်း အမှန်တရားကို ရှာဖွေနေသော စုံစမ်းစစ်ဆေးသူများသည် သတိဝီရိယရှိနေရန် ညီတူညီမျှအရေးကြီးကြောင်းကိုလည်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ရေးသားခဲ့သည်။

ထို့အတူ မြန်မာနိုင်ငံတွင် လူမျိုးတုံးသတ်ဖြတ်မှု မရှိခဲ့ကြောင်းကို လွတ်လပ်သော စုံစမ်းရေးကော်မရှင်က တွေ့ရှိခဲ့သည်ဟု ဒေါ်အောင်ဆန်းစုကြည်ကဆိုခဲ့ပြီး စစ်ရာဇဝတ်မှုများအား စစ်ဘက်တရားရေးစနစ်အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့်  စစ်ရာဇဝတ်မှုများကို တရားစီရင်နိုင်ရန် မြန်မာနိုင်ငံအား အချိန်ပေးစေလိုကြောင်းကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ရေးသားခဲ့သည်။

 

ICJ က ဘာလို ဆုံးဖြတ်ခဲ့သလဲ

ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် ချမှတ်ပေးရန် တောင်းဆိုထားသည့် ကြားဖြတ်အစီအစဉ်များနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က ဇန်နဝါရီ ၂၃ ရက်တွင် အမိန့်ချမှတ်ခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် ဘင်္ဂါလီမွတ်စလင်များအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်သည်ဟု စွပ်စွဲထားသည့် အရေးပေါ်အမှု၌ ၎င်းတို့အနေဖြင့် ဆုံးဖြတ်ပိုင်ခွင့်ရှိကြောင်း ကုလသမဂ္ဂ၏ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က ဦးစွာပြောကြားသည်။

“ အမှုမှာ ဆုံးဖြတ်ဖို့ တရားစီရင်ခွင့်ရှိ တယ်လို့ တရားရုံးက ကောက်ချက်ချခဲ့ပါတယ်” ဟု ICJ ၏ တရားသူကြီးချုပ် အဗ္ဗဒူ ကာဝီအာမက်ယူဆွတ်က ပြောကြားသည်။

တရားရုံးသည် နောက်ထပ်အကြမ်းဖက်မှုများ မဖြစ်ပွားအောင် ကာကွယ်ရန်အတွက် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် ချမှတ်ပေးရန် တောင်းဆိုထားသည့် ကြားဖြတ်အစီအစဉ်များနှင့်ပတ်သက်၍လည်း တရားရုံးက ကြေညာခဲ့သည်။ ICJ သည် ဂမ်ဘီယာနိုင်ငံက တောင်းဆိုခဲ့သည့် ကြားဖြတ်အစီအစဉ်များအားလုံးကို ဆောင်ရွက်ရန် ၁၉၄၈ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ကွန်ဗင်းရှင်းအောက်၌ မြန်မာနိုင်ငံအပေါ် အမိန့်ထုတ်ပြန်ခဲ့သည်။

ယင်းအမိန့်သည် ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်တွင် ပြုလုပ်ခဲ့သော တပ်မတော်စစ်ဆင်ရေးပြီးနောက် မြန်မာနိုင်ငံအနေဖြင့် ပထမဆုံးရင်ဆိုင်ရသည့် တရားရုံးအမိန့်ဖြစ်သည်။

ICJ သည် ဂမ်ဘီယာနိုင်ငံ၏ တောင်းဆိုမှုအရ  မြန်မာနိုင်ငံအပေါ် ချမှတ်ခဲ့သည့် ကြားဖြတ်အစီအစဉ်များမှာ (၁) လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက်တွင် ဖော်ပြထားသော ကျူးလွန်မှုများ ဖြစ်မလာစေရေး မြန်မာနိုင်ငံအနေဖြင့် အကာအကွယ်ပေးသည့်  အစီအမံများ ဆောင်ရွက်ရန်၊ (၂) မြန်မာတပ်မတော်ဖြစ်စေ ၊ အခြားလက်နက်ကိုင်အဖွဲ့အစည်း တစ်ခုခုမှဖြစ်စေ လူမျိုးတုံးသတ်ဖြတ်မှု မြောက်သည့်လုပ်ရပ်များ မကျူးလွန်စေရန်နှင့် ကျူးလွန်အောင် လှုံ့ဆော်မှုများမဖြစ်ရန် မြန်မာနိုင်ငံအနေဖြင့် ထိန်းချုပ်မှုများ ပြုလုပ်ရန် ၊  (၃) မြန်မာနိုင်ငံအနေဖြင့် သက်သေအထောက်အထားများကို ဖျက်ဆီးခြင်းမပြုရန်၊ (၄) လူမျိုးတုံးသတ်ဖြတ်မှု ရှိ မရှိ  တရားရုံးက စစ်ဆေးနေစဉ်ကာလအတွင်း မြန်မာနိုင်ငံဘက်မှ ဆောင်ရွက်မည့် အစီအစဉ်များကို  လေးလအတွင်း တရားရုံးသို့ အစီရင်ခံစာတင်ရန်နှင့် ခြောက်လတစ်ကြိမ် ပုံမှန်အစီရင်ခံစာ တင်ရန်တို့ ဖြစ်သည်။

ICJ ၏ တရားသူကြီးချုပ် အဗ္ဗဒူကာဝီ အာမက်ယူဆွတ်က မြန်မာနိုင်ငံအနေဖြင့် အမှုအားလုံးကို မကျူးလွန်ရန် ကာကွယ်ရေးအတွက် ၎င်းတို့၏ အာဏာစက်အတွင်း အစီအစဉ်များအားလုံးကို လုပ်ဆောင်ရမည်ဖြစ်ကြောင်း ပြောကြားသည်။ ICJ တရားသူကြီးချုပ်က “ တရားရုံးရဲ့ ယူဆချက်ကတော့ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေဟာ အလွန်အမင်း ထိခိုက်ခံရနိုင်တဲ့ အနေအထားမှာ ရှိနေတုန်းပဲ ဆိုတာပါပဲ” ဟုလည်း ပြောကြားသည်။

ဇန်နဝါရီ ၂၃ ရက်က သည်ဟိတ်မြို့ ICJ တရားရုံး စစ်ဆေးကြားနာမှုသို့ တက်ရောက်နေသည့် နိုင်ငံတော်အတိုင်ပင်ခံ ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ (ဝဲ) ကို တွေ့ရစဉ်

အစိုးရနှင့် သဘောထားကွဲလွဲချက်များ

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ဆုံးဖြတ်ချက်ချပြီးနောက်ပိုင်းတွင် ဥပဒေပညာရှင်များ၊ နိုင်ငံရေးသုတေသီများနှင့် ပြည်သူများအကြားတွင် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို ထိပါးခြင်း ရှိ မရှိနှင့် ICJ ဆုံးဖြတ်ချက်များကို လိုက်နာဆောင်ရွက်ရန် သင့် မသင့် နှင့်ပတ်သက်၍ အမြင်အမျိုးမျိုး၊ အယူအဆအမျိုးမျိုး ရှိခဲ့သည်။ 

ICJ ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို ထိခိုက်စေသည့် အချက်များပါဝင်ခြင်း မရှိသည်ကို တွေ့ရှိရသည်ဟု အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ပြောကြားသည်။

နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ဇန်နဝါရီ ၂၄ ရက်က အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး H.E.Mr.Ichiro Maruyama တို့ တွေ့ဆုံရာတွင် ၎င်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်ပါ ကြားဖြတ်စီမံ ဆောင်ရွက်ချက်များသည် Genocide Convention အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံက လိုက်နာဆောင်ရွက်နေသည့် အချက်များသာဖြစ်သည်ဟု ဦးကျော်တင်က ဆိုသည်။

ဂမ်ဘီယာနိုင်ငံက တောင်းဆိုခဲ့သည့် ကြားဖြတ်စီမံချက်များအားလုံးကို ချမှတ်ခြင်းမျိုးမဟုတ်ဘဲ အချက်အချို့ကိုသာ ချမှတ်ပေးခြင်းဖြစ်ပြီး အထူးသဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို ထိခိုက်စေသည့်အချက်များ ပါဝင်ခြင်းမရှိသည်ကို တွေ့ရှိရသည်ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။ 

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၏ ဆုံးဖြတ်ချက်ကို မြန်မာနိုင်ငံက မှတ်သားထားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါ ရီ ၂၃ ရက်တွင် ထုတ်ပြန်သည်။

ထို့ပြင် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၏ ဆုံးဖြတ်ချက်သည် ယင်းအမှု၏ ဆီလျော်ခိုင်မာမှု (merits) ကို တရားရုံးက စီရင်ဆုံးဖြတ်ပိုင်ခွင့် ရှိ၊ မရှိ အပေါ်တွင်လည်းကောင်း၊ လျှောက်ထားသည့်အမှုကို လက်ခံကြားနာခွင့် ရှိ၊ မရှိ နှင့်စပ်လျဉ်း၍လည်းကောင်း၊ အမှု၏ ဆီလျော်ခိုင်မာမှု (merits) နှင့် ပတ်သက်၍လည်းကောင်း ကြိုတင်ဆုံးဖြတ်သည့်သဘော လုံးဝသက်ရောက်စေမည်မဟုတ်ကြောင်း ICJ က အတည်ပြု ပြောကြားခဲ့သည်ဟု ပါရှိသည်။

အပြည်ပြည်ဆိုင်ရာတရားရုံးအနေဖြင့် အမှုကိစ္စကို စတင်ကိုင်တွယ်ဆောင်ရွက်ချိန်တွင် အကာအကွယ်ပေးရေး အစီအမံများချမှတ်ရန် ပျက်ကွက်ခဲ့သည်ဟု စွပ်စွဲခံရနိုင်သည့် အလားအလာများမှ ကာကွယ်နိုင်ရန် ကြားဖြတ်စီမံဆောင်ရွက်ချက်များကို ချမှတ်လေ့ရှိသော အစဉ်အလာရှိသည်ကိုလည်း သိရှိထားသင့်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

 

နိုင်ငံအချုပ်အခြာ ထိပါးမှု ရှိ မရှိ

ICJ ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို ထိခိုက်စေသည့်အချက်များ ပါဝင်ခြင်းမရှိဟု ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ပြောကြားခဲ့သော်လည်း နိုင်ငံရေးပါတီအချို့နှင့် နိုင်ငံရေး လေ့လာစောင့်ကြည့်နေသူများကမူ နိုင်ငံ၏အချုပ်အခြားအာဏာကို ထိပါးသည်ဟု ယူဆလျက်ရှိသည်။

ရန်ကုန်မြို့ရှိ House of Orchid တွင် ဇန်နဝါရီ ၂၅ ရက်က ကျင်းပသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီနှင့် နိုင်ငံရေးပါတီအချို့၏ တာဝန်ရှိသူများက ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က မြန်မာနိုင်ငံအား အချက်လေးချက်ပါ ကြားဖြတ်အစီအမံများ ဆောင်ရွက်စေရန် အမိန့်ချမှတ်မှုသည် နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် တရားစီရင်ရေးကို ထိပါးစော်ကားမှုဖြစ်၍ လက်မခံကြောင်း ယင်းပါတီများ၏ တာဝန်ရှိသူများက ပြောကြားသည်။

“ နိုင်ငံတစ်ခု ဒီလိုကိစ္စ ပေါ်ပေါက်လာတာဟာ ၁၃ နှစ်နဲ့ ၁၁ လ ကြာခဲ့တာကို သွားတွေ့ရတယ်။ ဒီအမှုမပြီးမချင်း ခြောက်လတစ်ကြိမ် သူတို့ ခိုင်းစေတဲ့ဟာကို တင်ရမယ်ဆိုတဲ့ဟာသည် ကျွန်တော်တို့နိုင်ငံရဲ့ အချုပ်အခြာ အာဏာထိပါးခံရမှု၊ ကျွန်တော်တို့ နိုင်ငံရဲ့တရားစီရင်ရေးကို ထိပါးခံရမှုလို့ ကျွန်တော်တို့က ဒီလိုပဲမြင်ပါတယ်” ဟု ပြည်ခိုင်ဖြိုးပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ပြောကြားသည်။

ICJ ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ မြန်မာအစိုးရအနေဖြင့် ပြတ်ပြတ်သားသား တုံ့ပြန်ခြင်းမရှိသလို ရိုဟင်ဂျာမရှိကြောင်းကိုလည်း ပြတ်သားစွာ ထုတ်ဖော်ပြောကြားခြင်းမရှိဟု ပြည်ခိုင်ဖြိုးပါတီအပါအဝင် သတင်းစာရှင်းလင်းပွဲတွင် ပါဝင်သည့် နိုင်ငံရေးပါတီအချို့မှ တာဝန်ရှိသူများက ဝေဖန်ပြောကြားသည်။

ပြန်ကြားရေးဝန်ကြီးဟောင်းဖြစ်သူ ဦးရဲထွဋ်ကမူ ICJ ၏ ကြားဖြတ်စီမံဆောင်ရွက်ချက်များ ချမှတ်မှုနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံအပေါ် သက်ရောက်လာနိုင်သည့် အကျိုးတရားများကို အချက်သုံးချက်ဖြင့် ထောက်ပြသည်။

ပထမအချက်တွင် ICJ ၏ ကြားဖြတ်စီမံ ဆောင်ရွက်ချက်များ ချမှတ်ခြင်းသည် အမေရိကန်နှင့် ဥရောပသမဂ္ဂတို့၏ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒများအပေါ်တွင် သက်ရောက်မှုရှိနိုင်ခြင်း၊ ဒုတိယအချက်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားဝင်ရောက်မှု လျော့ကျနိုင်ခြင်းနှင့် နောက်ဆုံးအချက်တွင် လူမျိုးတုံးသတ်ဖြတ်မှု ဦးတည်စေမည့်ကိစ္စများ မဖြစ်ရန် တားဆီးရမည်ဆိုခြင်းကြောင့် အာဆာအဖွဲ့က နောက်ထပ်တိုက်ခိုက်မှုများရှိလာလျှင် အစိုးရအနေဖြင့် ယင်းအချက်နှင့် ငြိစွန်းမှုမရှိစေရန် လုပ်ဆောင်ရမည့်အတွက် လက်ကို ကြိုးချည်ခံရသလို ဖြစ်သွားနိုင်ကြောင်း ဦးရဲထွဋ်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

“ ကြားဖြတ်စီမံဆောင်ရွက်ချက်အမိန့်မှာ လူမျိုးတုံးသတ်ဖြတ်မှုကိုု ဦးတည်စေတဲ့ ကိစ္စတွေမဖြစ်အောင် တားဆီးရမယ်ဆိုတာပါ။ ကွန်ဗင်းရှင်းရဲ့ အနက်ဖွင့်ဆိုချက်အရဆိုရင် အဲဒါဟာ ရုပ်ပိုင်းရော၊ စိတ်ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်တွေ ပါပါဝင်တယ်။ အစိုးရရဲ့မူဝါဒတစ်ခုခု ဒါမှမဟုတ် အာဆာအဖွဲ့က နောက်ထပ် တိုက်ခိုက်မှုတစ်ခုခု လုပ်လာတဲ့အခါ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ လုပ်ဆောင်ချက်အားလုုံးဟာ ဒီအချက်နဲ့ ငြိစွန်းမှုမရှိအောင် လုပ်ရတော့မယ်။ ဒါဟာ ရခိုင်မြောက်ပိုင်းအရေးနဲ့ ပတ်သက်ရင် အစိုးရဟာ လက်ကို ကြိုးချည်ခံထားရသလို ဖြစ်သွားတာပဲ” ဟု ဦးရဲထွဋ်က ရေးသားထားသည်။

ICJ က ကြားဖြတ်လိုက်နာလုပ်ဆောင်ရမည့် အချက်လေးချက် ချမှတ်လိုက်ခြင်းသည် နောက်ပိုင်းတွင်း ယခုထက်ပိုသည့် ဖိအားများ ဆက်တိုက်များလာမည့် အခြေအနေဖြစ်ကြောင်း သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့ တည်ထောင်သူ ဒေါက်တာနိုင်ဆွေဦးက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် သုံးသပ်ရေးသားထားသည်။

 

လိုက်နာသင့် မလိုက်နာသင့်

ဂမ်ဘီယာနိုင်ငံက တောင်းဆိုထားသည့် အချက်ခြောက်ချက်အနက် လေးချက်ကိုသာ ICJ က ဆုံးဖြတ်လိုက်ခြင်းသည် မြန်မာနိုင်ငံအတွက် ကံကောင်းသည်လား ကံဆိုးသည်လားဆိုသည်ကတော့ ၀ိ၀ါဒအမျိုးမျိုး ကွဲပြားနေကြဆဲဖြစ်သည်။

ဂမ်ဘီယာကတောင်းဆိုသည့် အချက်ခြောက်ချက်အနက် ICJ က ချမှတ်လိုက်သည့် အချက်လေးချက်သာ ချမှတ်လိုက်ခြင်းသည် မြန်မာနိုင်ငံအတွက် အဆိုးထဲမှ အကောင်းဟု ကောက်ချက်ချသူများလည်း ရှိသည်။

အဘယ်ကြောင့်ဆိုသော် ဂမ်ဘီယာနိုင်ငံက တောင်းဆိုထားသည့် အချက်ခြောက်စလုံးကိုချမှတ်လိုက်ပါက မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂတို့ ထိပ်တိုက်တွေ့နိုင်သည့်အနေအထားတွင် ရှိနေသည်။

ဂမ်ဘီယာ၏ တောင်းဆိုချက်ထဲတွင် ကုလသမဂ္ဂ၏ အချက်အလက်ရှာဖွေရေး အဖွဲ့အားလုံးနှင့် အခြားကုလအဖွဲ့အစည်းများ အားလုံးက စုံစမ်းစစ်ဆေးမှုများတွင် ပူးပေါင်းဆောင်ရွက်ရန်ဆိုသည့် အချက်ပါဝင်နေသည့်အတွက် ICJ က အချက်ခြောက်ချက်စလုံးကိုသာ ချမှတ်မည်ဆိုလျှင် ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးအဖွဲ့အားလုံးနှင့် မြန်မာနိုင်ငံက ပူးတွဲလုပ်ဆောင်ရမည့် အနေအထားမျိုးတွင် ရှိနေသည်။

“ Provisional Measures ခြောက်ခုထဲမှ လေးခုကိုအတည်ပြုပြီး နှစ်ခုကို ပယ်ချခဲ့ တယ်။ တော်သေးတာပေါ့။ တောင်းဆိုချက် ခြောက်ခုကိုသာ လက်ခံလို့ကတော့ UNSC နဲ့ နဖူးတွေ့ဒူးတွေ့ ဖြစ်ရမယ့်ကိစ္စ” ဟု နိုင်ငံတကာ ဥပဒေရေးရာကျွမ်းကျင်သူ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအင်စတီကျုဒါရိုက်တာ ဒေါက်တာ ဆလိုင်းငွန်ကျုံးလျန်က ပြောကြားသည်။

သို့သော် လူမျိုးတုံးသတ်ဖြတ်မှု ရှိ မရှိ  တရားရုံးက စစ်ဆေးနေစဉ်ကာလအတွင်း မြန်မာနိုင်ငံဘက်မှ ဆောင်ရွက်မည့် အစီအစဉ်များကို လေးလအတွင်း တရားရုံးသို့ အစီရင်ခံစာတင်ရန်နှင့် ခြောက်လတစ်ကြိမ် ပုံမှန်အစီရင်ခံစာ တင်ရန်ဆိုသည့် အချက်သည် မြန်မာနိုင်ငံကို ချည်တုပ်ထားသည့် အချက်ဖြစ်ကြောင်း ဒေါက်တာဆလိုင်းငွန်ကျုံးလျန်က သုံးသပ်သည်။

“ မြန်မာပြည်ဖွား တစ်ယောက်အနေနဲ့ စိတ်နာတယ်။ UN အဖွဲ့ဝင်ကြေးတောင်မှ ပုံမှန်မပေးနိုင်တဲ့ နိုင်ငံလေးကလာပြီး မြန်မာနိုင်ငံကို နိုင်ငံတကာမှာ လူဆိုး၊ လူညစ်၊ လူရစ် တိုင်းပြည်ကြီးလို့ နဖူးမှာ တံဆိပ်အတပ်ခံရတာတော့ ဘယ်လိုမှ မျိုချလို့ မရဖြစ်နေတယ်” ဟု ဒေါက်တာဆလိုင်းငွန်ကျုံးလျန်က ဆိုသည်။

ထိုအချက်ကပင် မြန်မာနိုင်ငံအတွက် ထောင်ချောက်ဖြစ်နိုင်သည်ဟု သုံးသပ်မှုများလည်း ရှိနေသည်။ ထို့ပြင် ICJ ၏ ဆုံးဖြတ်ချက်ကို လက်ခံပါက ဂျီနိုဆိုက်လုပ်သည်ဟု လက်ခံရာကျမည်ဖြစ်ကြောင်းနှင့် နောင်လာမည့် အာဆာအကြမ်းဖက်မှုများကို တုံ့ပြန်နိုင်မည်မဟုတ်ကြောင်း ရခိုင်ပဋိပက္ခ စုံစမ်းစစ်ဆေးရေးကော်မရှင်တွင် အဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့သူ ဒေါက်တာယဉ်ယဉ်နွယ်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် ICJ ဆုံးဖြတ်ချက်ကို လက်မခံလိုလျှင် အမေရိကန်နိုင်ငံ၏ဖြစ်ရပ်နှင့် နှိုင်းယှဉ်၍ လုပ်ဆောင်နိုင်ကြောင်း ဒေါက်တာယဉ်ယဉ်နွယ်က ရေးသားထားသည်။

“ ICJ ဆုံးဖြတ်ချက်ကို လက်မခံလိုလျှင် ရှင်းပါသည်။ ၁၉၈၆ ခုနှစ် အမေရိကန်က နီကာရာဂွားနိုင်ငံကို ICJ မှာ ရှုံးသွားသောအခါ အမေရိကန်အပေါ်တွင် ICJ က တရားစီရင်ပိုင်ခွင့် (jurisdiction) မရှိဟုဆိုပြီး ICJ ၏ jurisdiction မှ နုတ်ထွက်လိုက်သည်။ ထိုအမှုသည် ထင်ရှားစွာ Precedent ရှိပါသည်။ ICJ ဖွဲ့စည်းပုံအရ ယင်း၏ တရားစီရင်ပိုင်ခွင့်သည် တရားစီရင်ခံနေသောနိုင်ငံ၏ သဘောတူညီချက်လိုသည်။ “ jurisdiction on the basis of consent” ဟုခေါ်သည်” ဟု ဒေါက်တာယဉ်ယဉ်နွယ်က ရေးသားထားသည်။

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က ကြားဖြတ်စီမံဆောင်ရွက်ချက် အချက်လေးချက်ကို ချမှတ်ပြီးသော်လည်း ပြည်တွင်း၌ ယင်းအချက်များနှင့်ပတ်သက်၍ ၀ိ၀ါဒများ ကွဲပြားလျက်ရှိကြသည်။ ICJ ဆုံးဖြတ်ချက်အပေါ် အစိုးရဘက်က နိုင်ငံ၏အချုပ်အခြာ အာဏာမထိခိုက်ဟု ယုံကြည်နေသော်လည်း အခြားတစ်ဖက်တွင်မူ နိုင်ငံ့အချုပ်အခြာကို တိုက်ရိုက်ထိခိုက်နေသည်ဟု ယူဆနေသူများလည်း ရှိသည်။

ထို့ပြင် ICJ ဆုံးဖြတ်ချက်အပေါ် လိုက် နာဆောင်ရွက်ခြင်း သင့် မသင့်နှင့် ပတ်သက်၍လည်း အမြင်အမျိုးမျိုး အယူအဆအမျိုးနှင့် သဘောထားအမျိုးမျိုးရှိနေကြသည့်အတွက် အစိုးရအနေဖြင့် မည်သို့ဆောင်ရွက်မည်ကို ဆက်လက်စောင့်ကြည့်ရမည့်အပြင်နောက် ဆက်တွဲမေးခွန်းများကလည်း ရှိနေဦးမည်ဖြစ်သည်။

“ ဘာပဲဖြစ်ဖြစ် မြန်မာနိုင်ငံသားအားလုံး အသိတရားနဲ့ ပကတိအရှိကို ကြိုက်သည်ရှိသော်၊ မကြိုက်သည်ရှိသော် စဉ်းစားသုံးသပ်ကြဖို့ ICJ က ခေါင်းလောင်းတီးနေပါပြီ။ နားရှိသူတိုင်း ကြားစေ၊ မျက်စိရှိသူတိုင်း မြင်စေ၊ ဦးနှောက်ရှိသူတိုင်း စဉ်းစားသုံးသပ်နိုင်ကြပါစေသော်” ဟု ဒေါက်တာဆလိုင်းငွန်ကျုံးလျန်က ဆိုသည်။