စစ်ရာဇဝတ်မှုများအတွက် တရားစီရင်နိုင်ရန် မြန်မာနိုင်ငံကို အချိန်ပေးစေလိုကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် မေတ္တာရပ်ခံ

စစ်ရာဇဝတ်မှုများအတွက် တရားစီရင်နိုင်ရန် မြန်မာနိုင်ငံကို အချိန်ပေးစေလိုကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် မေတ္တာရပ်ခံ
ဒီဇင်ဘာ ၁၁ ရက်တွင် သည်ဟိတ်မြို့ ICJ တရားရုံး တရားသူကြီးများ ရှေ့မှောက်၌ ဒေါ်အောင်ဆန်းစုကြည် ပြောကြားနေချိန် တမ်ဘာဒူး (တတိယ ဝဲ) ကိုပါ တွေ့ရစဉ်။ (Photo: AFP)
ဒီဇင်ဘာ ၁၁ ရက်တွင် သည်ဟိတ်မြို့ ICJ တရားရုံး တရားသူကြီးများ ရှေ့မှောက်၌ ဒေါ်အောင်ဆန်းစုကြည် ပြောကြားနေချိန် တမ်ဘာဒူး (တတိယ ဝဲ) ကိုပါ တွေ့ရစဉ်။ (Photo: AFP)
Published 24 January 2020

မြန်မာနိုင်ငံတွင် လူမျိုးတုံးသတ်ဖြတ်မှုများ တားဆီးရေးအတွက် အပြည်ပြည်ဆိုင်ရာတရားရုံး (International Court of Justice) က ကြားဖြတ်အရေးပေါ် စီမံချက်များ မချမှတ်မီ တစ်ရက်အလိုတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က Financial Times တွင် ဆောင်းပါး ရေးသားခဲ့ပြီး စစ်ရာဇဝတ်မှုများကို တရားစီရင်နိုင်ရန် မြန်မာနိုင်ငံအား အချိန်ပေးစေလိုကြောင်း မေတ္တာရပ်ခံခဲ့သည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၇ ခုနှစ်က အကြမ်းဖက်မှုများနှင့် လူအစုအပြုံလိုက် ရွေ့ပြောင်းမှုများအတွက် စုံစမ်းစစ်ဆေးမှု ဆောင်ရွက်ခဲ့ပြီး နောက်ဆုံးအစီရင်ခံစာကို သမ္မတထံ တင်သွင်းထားကြောင်း၊ လွတ်လပ်သော ထိုစုံစမ်းရေးကော်မရှင်သည် မျက်မြင်သက်သေ ၁၅၀၀ နီးပါးကို မေးမြန်းစုံစမ်းခဲ့ကြောင်း၊ ကမ္ဘာတွင် မည်သည့် စုံစမ်းရေးအ ဖွဲ့ထက်မဆို သာလွန်သော သတင်းအချက်အလက်များကို ထိုကော်မရှင်က ရရှိခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုခဲ့သည်။

တရားမျှတမှုရရှိရေး ဆောင်ရွက်ရာတွင် မတရား ဖိနှိပ်ခံရကြောင်း အထူးသီးသန့် သက်သေခံချက်များ၊ ထွက်ဆိုချက်များက လုပ်ငန်းစဉ်တွင် အလွယ်တကူ တွဲပါနိုင်ပြီး လမ်းကြောင်းပေးသော ဇာတ်ကြောင်းမှ ခွဲထွက်၍မရသော သရုပ်ဖော်မှုများက အကျိုးဆက်အဖြစ် ပါလာနိုင်ကြောင်း၊ စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာကို မှန်ကန်သော သုံးသပ်မှု ဆောင်ရွက်ပါက ရခိုင်ပဋိပက္ခနှင့်ပတ်သက်ပြီး လက်ရှိ နိုင်ငံတကာ၏ လုပ်ငန်းစဉ်များသည် ဖော်ပြခဲ့သော အန္တရာယ်ရှိနေကြောင်းကို မြင်သာစေလိမ့်မည်ဟု ဒေါ်အောင်ဆန်းစုကြည်က ရေးသားခဲ့သည်။

မြန်မာနိုင်ငံကို ICJ ၌ တရားစွဲဆိုခြင်း၊ ICC ၏ ရှေ့နေက ကြေညာချက်များ ထုတ်ပြန်ခြင်း စသည့် ဖြစ်စဉ်များသည် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ စုံစမ်းရေးမစ်ရှင်ကို အလုံးစုံ မှီတည်ထားကြောင်း၊ ထိုမစ်ရှင်သည် ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းမှ ဒုက္ခသည်များ၏ ကြေညာချက်ကို မှီခိုထားပြီး အန္တရာယ်ကြီးသော လုပ်ဆောင်ချက်ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ထောက်ပြခဲ့သည်။

အချို့ဒုက္ခသည်များသည် မတိကျသော၊ ချဲ့ကားထားသော သတင်းများကို ပေးခဲ့ကြောင်း လွတ်လပ်သည့် စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာက ဖော်ပြခဲ့သည်ဟုဆိုသည်။

ထိုသို့ ဖြစ်ခြင်းအတွက် နားလည်ပေး၍ ရသော်လည်း စနစ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုရှိနေကြောင်း အသိအမှတ်ပြု လက်ခံရမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုခဲ့သည်။

အစိုးရများ၊ နိုင်ငံများအား အရိပ်မည်းထိုးစေသော သတင်းမှားများအား စစ်ထုတ်ရန် အပြည်ပြည်ဆိုင်ရာ တရားရေးစနစ်က မဆောင်ရွက်နိုင်သေးဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြသည်။

သင့်တင် လျောက်ပတ်သော စုံစမ်းစစ်ဆေးမှုများ မရှိဘဲ သက်သေမခိုင်မာသော ကြေညာချက်များအား အခြေခံ၍ လူ့အခွင့်အရေးအဖွဲ့များက မြန်မာနိုုင်ငံကို ရှုတ်ချခဲ့ကြောင်း ၄င်းက ရေးသားခဲ့သည်။

နိုင်ငံတကာက ယင်းသို့ဆောင်ရွက်မှုများက ရခိုင်ပြည်နယ်တွင် တည်ငြိမ်တိုးတက်ရေး မြန်မာ၏ ဆောင်ရွက်ချက်များအား အပျက်သဘော သက်ရောက်စေခဲ့သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုခဲ့သည်။

လူ့အခွင့်အရေးကို အခိုင်မာဆုံး ကာကွယ်ပေးနိုင်ရန်အတွက် ကုလသမဂ္ဂနှင့် အ စိုးရ မဟုတ်သော အဖွဲ့အစည်းများက အထောက်အထား မခိုင်လုံသော ဇာတ်ကြောင်းများကို အမှီပြုနေသည့် နည်းလမ်းများအား ပြုပြင်ပြောင်းလဲရန် လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ရေးခဲ့သည်။

ဓားစာခံများ၏အသံကို နားထောင်ရမည်ဖြစ်ပြီး နှလုံးသားနှင့် ထိတွေ့ခံစားရမည် ဖြစ်ကြောင်း၊ သို့သော်လည်း အမှန်တရားကို ရှာဖွေနေသော စုံစမ်းစစ်ဆေးသူများသည် သတိဝီရိယရှိနေရန်လည်း ညီတူညီမျှ အရေးကြီးကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ရေးခဲ့သည်။

မြန်မာနိုင်ငံတွင် လူမျိုးတုံးသတ်ဖြတ်မှု မရှိခဲ့ကြောင်း လွတ်လပ်သော ထိုစုံစမ်းရေးကော်မရှင်က တွေ့ရှိခဲ့သည်ဟု သူကဆိုခဲ့ပြီး စစ်ရာဇဝတ်မှုများအား စစ်ဘက်တရားရေးစနစ်အရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သူက ရေးသားခဲ့သည်။

ထိုလုပ်ငန်းစဉ်များ တည်တံ့ခိုင်မြဲမှုကို လေးစားရန် လိုအပ်ကြောင်း၊ ပြည်တွင်း တရားရေးလုပ်ငန်းစဉ်အား လမ်းကြောင်းမှန်မှန် ဆောင်ရွက်ရန်အတွက် လုံလောက်သော အချိန်ပေးနိုင်လျှင် ရခိုင်ပြည်နယ်ရှိ ပြဿနာများအား ဖြေရှင်းရန် မြန်မာနိုင်ငံ၏ စွမ်းဆောင်ရည်ကို မှန်ကန်စွာ အကဲဖြတ်နိုင်မည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ရေးသားခဲ့သည်။

Most Read

Most Recent