မြင်းခြံနှင့် ပင်းပက် သံမဏိစက်ရုံလုပ်ငန်းနှစ်ခုတွင် တည်ဆောက်ရေး လုပ်ငန်းများနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးခြင်းများ ဆောင်ရွက်ရန် နိုင်ငံတော်သမ္မတကဖွဲ့စည်းထားသည့် စုံစမ်းစစ်ဆေးရေး ကော်မတီအနေဖြင့် ဧပြီမတိုင်မီ လုပ်ငန်းများ ပြီးစီးအောင်ဆောင်ရွက်ရန် ရည်မှန်းထားဟုဆို

မြင်းခြံနှင့် ပင်းပက် သံမဏိစက်ရုံလုပ်ငန်းနှစ်ခုတွင် တည်ဆောက်ရေး လုပ်ငန်းများနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးခြင်းများ ဆောင်ရွက်ရန် နိုင်ငံတော်သမ္မတကဖွဲ့စည်းထားသည့် စုံစမ်းစစ်ဆေးရေး ကော်မတီအနေဖြင့် ဧပြီမတိုင်မီ လုပ်ငန်းများ ပြီးစီးအောင်ဆောင်ရွက်ရန် ရည်မှန်းထားဟုဆို
Published 11 January 2020
စည်သူ

မြင်းခြံနှင့် ပင်းပက်သံမဏိစက်ရုံ လုပ်ငန်းနှစ်ခုတွင် တည်ဆောက်ရေးလုပ်ငန်းများ နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးခြင်းများ ဆောင်ရွက်ရန် နိုင်ငံတော်သမ္မတက ဖွဲ့စည်းထားသည့် စုံစမ်းစစ်ဆေး ကော်မတီအနေဖြင့် ဧပြီလမတိုင်မီ လုပ်ငန်းများပြီးစီးအောင် ဆောင်ရွက်ရန် ရည်မှန်းထားကြောင်း ကော်မတီထံမှ သိရသည်။

အမှတ် (၁) အကြီးစားစက်မှုလုပ်ငန်း၊ အမှတ် (၁) သံမဏိစက်ရုံ (မြင်းခြံ) နှင့် အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) စီမံကိန်းများတွင် ခွင့်ပြုချက်မရမီ ကြိုတင်ဆောင်ရွက်ခဲ့သည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ စံစမ်းစစ်ဆေးရန် စုံစမ်းစစ်ဆေးရေးကော်မတီကို စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမင်းရဲပိုင်ဟိန်းအား ဥက္ကဋ္ဌအဖြစ် တာဝန်ပေး၍ လွှတ်တော်ကော်မတီဝင်များဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

“ ၉ ရက်နေ့က အစည်းအဝေးစတယ်။ ညှိနှိုင်းတယ်။ ဘယ်လိုသွားကြမယ်။ ဘယ်လောက်အတောအတွင်းမှာ ပြီးအောင်လုပ်မယ်။ တာဝန်တွေခွဲကြတယ်။ ဘယ်ရှုထောင့်ကနေ ချဉ်းကပ်ပြီးတော့ စုံစမ်းစစ်ဆေးမယ် စသဖြင့် အကြိုလုပ်ငန်း ညှိနှိုင်းအစည်းဝေး လုပ်တယ်။ ကျွန်တော်တို့ကတော့ ဧပြီမတိုင်ခင် ပြီးအောင်လုပ်မယ်လို့တော့ ရည်မှန်းထားတယ်” ဟု ကော်မတီဝင်တစ်ဦးဖြစ်သော ပြည်သူ့လွှတ်တော် ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှ ဦးတင်ထွန်းနိုင်က ပြောကြားသည်။

အဆိုပါလုပ်ငန်းများနှင့် ပတ်သက်ပြီး တည်ဆောက်ရေးလုပ်ငန်းများကို ခွင့်ပြုချက်မရဘဲ ကြိုတင်ဆောင်ရွက်ခဲ့ရသည့် အကြောင်းအရင်းနှင့် အမှန်တကယ် လိုအပ်မှု ရှိ မရှိကို စစ်ဆေးရန်၊ တည်ဆောက်ရေး လုပ်ငန်းများ၊ ဘဏ္ဍာရေး စည်းမျဉ်းနှင့်အညီ ဆောင်ရွက်ထားခြင်း ရှိ မရှိနှင့် စက်ပစ္စည်း ဝယ်ယူမှုများအား နိုင်ငံ၏ ဝယ်ယူမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီမှု ရှိ မရှိစစ်ဆေးရန်၊ တည်ဆောက်ရေးလုပ်ငန်းများ၏ ကုန်ကျစရိတ်များနှင့်စပ်လျဉ်း၍ ခန့်မှန်းကုန်ကျ စရိတ်များကို စနစ်တကျ တွက်ချက်ထားမှု ရှိ မရှိနှင့် ကာလဒေသပေါက်စျေးအရ သင့်လျော်သည့် ကုန်ကျစရိတ်ဟုတ် မဟုတ် စစ်ဆေးရန်၊ တည်ဆောက်ရေး လုပ်ငန်းများ သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးခဲ့မှု ရှိ မရှိနှင့် သတ်မှတ်စံချိန်စံညွှန်း၊ ဒီဇိုင်း၊ Drawing များနှင့် ကိုက်ညီမှု ရှိ မရှိ စစ်ဆေးရန်နှင့် တည်ဆောက်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ မြေပြင်စစ်ဆေးမှုများ၊ ဌာနတွင်း စစ်ဆေးမှုများ စနစ်တကျ ဆောင်ရွက်ခဲ့မှု ရှိ မရှိနှင့် လုပ်ငန်းအဆင့်ဆင့် ဆောင်ရွက်ခဲ့ရာတွင် စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီစွာ ဆောင်ရွက်ထားမှု ရှိမရှိစစ်ဆေးရန် ကော်မတီတွင် တာဝန်ရှိကြောင်း သိရသည်။

အဆိုပါ အမှတ်(၁)သံမဏိစက်ရုံ တည်ဆောက်ရေး စီမံကိန်းကို ၂၀၁၄ ခုနှစ်တွင် တင်ဒါခေါ်ယူခဲ့ခြင်းဖြစ်ပြီး လုပ်ငန်းငါးခုကို ကုမ္ပဏီငါးခုက တင်ဒါရခဲ့ခြင်းဖြစ်ကြောင်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ရရှိသည့် ဘတ်ဂျက်ရန်ပုံငွေသည် စီမံကိန်းသတ်မှတ်ချက်နှင့် မလုံလောက်သည့်အတွက် ငွေကြေးစိုက်ထုတ်၍ ဆောင်ရွက်ရန် ညွှန်ကြားခဲ့သောကြောင့် ငွေကြေးစိုက်ထုတ်၍ ဆောင်ရွက်ခဲ့ကြောင်း တင်ဒါအောင်ကုမ္ပဏီများထဲမှ တစ်ခုဖြစ်သည့် Myanmar Mahar Htun Co.,Ltd  မှ သိရသည်။

“ စစ်ဆေးမှုဆောင်ရွက်ဖို့ အဖွဲ့ဖွဲ့တာတော့ ကြားတယ်။ ကျွန်တော်တို့ဆီတော့ ဘာမှညွှန်ကြားတာ မရှိသေးဘူး။ စစ်ဆေးရေးအဖွဲ့ ဖွဲ့တာတော့ ကောင်းပါတယ်။ ဒါပေမဲ့ စစ်ဆေးတာမြန်ဖို့ပဲ လိုတယ်။ ကျွန်တော်တို့လည်း တကယ်လုပ်ထားတာဆိုတော့ စစ်ဆေးတာကို လက်ခံတယ်။ ဒီအဖွဲ့မစစ်လည်း စာရင်းစစ်ချုပ်ရုံးက စစ်တာပဲလေ။ စစ်တာက ပြဿနာမရှိဘူး။ မြန်ချင်တာ။ ဘတ်ဂျက်ရထားတာက ၁၀ လပိုင်းထဲက အခုဆို သုံးလရှိပြီး ငွေထုတ်လို့မရသေးဘူး။ မြန်မြန်စစ်ပြီးတော့ ငွေထုတ်လို့ရတာပေါ့။ စောင့်ရတာလည်း ကြာပြီလေ” ဟု Myanmar Mahar Htun Co.,Ltd ၏ ဥက္ကဋ္ဌဖြစ်သူ ဦးဝဏ္ဏထွန်းက ပြောကြားသည်။

မြင်းခြံသံမဏိစက်ရုံစီမံကိန်းနှင့် ပတ်သက်သော ကြွေးကျန်ကိစ္စကို ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ခြင်းရှိ မရှိ ပြည်ထောင်စုလွှတ်တော်က စုံစမ်းစစ်ဆေးမည်ဆိုပါက ပူးပေါင်းဆောင်ရွက်သွားမည်ဟု စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းရဲပိုင်ဟိန်းက ပြည်ထောင်စု လွှတ်တော်တွင် ပြောကြားထားသည်။

အဆိုပါ စီမံကိန်းဆောင်ရွက်မှုများနှင့် ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်တွင် ဘတ်ဂျက်တင်ပြတောင်းခံစဉ်က ကန့်ကွက်ဆွေးနွေးမှုများလည်း ရှိခဲ့သောကြောင့် စက်ခလုပ်နှိပ် အသုံးပြုသောနည်း သဘောထားရယူခဲ့ရပြီး ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ တင်ပြချက်က အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

 

 

Most Read

Most Recent