အမျိုးသားစာကြည့်တိုက် (ရန်ကုန်) အား ဧပြီလ ပထမပတ်အတွင်း ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်နေဟုဆို

အမျိုးသားစာကြည့်တိုက် (ရန်ကုန်) အား ဧပြီလ ပထမပတ်အတွင်း ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်နေဟုဆို
ဧပြီလအတွင်းဖွင့်လှစ်မည့် အမျိုးသားစာကြည့်တိုက်(ရန်ကုန်) ကို တွေ့ရစဉ် (ဓာတ်ပုံ-ဆန်းထူးအောင်)
ဧပြီလအတွင်းဖွင့်လှစ်မည့် အမျိုးသားစာကြည့်တိုက်(ရန်ကုန်) ကို တွေ့ရစဉ် (ဓာတ်ပုံ-ဆန်းထူးအောင်)
Published 9 January 2020
ဆန်းထူးအောင်

အမျိုးသားစာကြည့်တိုက်(ရန်ကုန်) အား ဧပြီ ပထမပတ်အတွင်း ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်နေကြောင်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးအောင်မြင့်ကပြောကြားသည်။

ဒီဇင်ဘာ ၉ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့နယ်ရှိ အမျိုးသားစာကြည့်တိုက်တွင်ပြုလုပ်သည့် ရှားပါးအထောက်အထားများပြပွဲနှင့် New View, Fresh Finds အခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်က မီဒီယာများ၏မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“အမျိုးသားစာကြည့်တိုက် ရန်ကုန်ကို ပြုပြင်မွမ်းမံပြီးတော့ ဧပြီ ပထမပတ်မှာ ဖွင့် လှစ်ဖို့ လျာထားပါတယ်။ အဲဒီမတိုင်ခင်မှာ စာကြည့်တိုက်နဲ့ ပတ်သက်လို့ ပြည်သူလူထု ကို အသိပေးချင်တဲ့အတွက်ကြောင့် ဖွင့်ပွဲကြို အခမ်းအနားတွေကို ဧပြီမတိုင်ခင်မှာ ကျင်းပသွားမှာဖြစ်ပါတယ်။ အဓိကကတော့ ပြည် သူလူထုကို စာကြည့်တိုက်နဲ့ပတ်သက်ပြီးတော့ အသိပေးချင်တဲ့အပိုင်းပါ”ဟု ဦးအောင်မြင့် က ပြောကြားသည်။

သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာနအနေဖြင့် သမိုင်းအထောက်အထားနှင့် ပတ်သက်ပြီး သုတေသန ပြုလုပ်နိုင်သည့် စာအုပ်များ၊ ကျောက်စာ၊ ပေ၊ ပုရပိုက်၊ မင်စာ၊ လက်ရေးမူ၊ ကျောက်စာ မင်ကူများကို ထိန်းသိမ်းထားကြောင်း ဦးအောင်မြင့်က ပြောကြားသည်။

“စာအုပ်စာပေတွေကို ရေရှည်ထိန်းနိုင်အောင် Digital ဘက်ပြောင်းနိုင်အောင် လုပ်နေပါတယ်။ ပေ၊ ပုရပိုက်တွေကို ရေရှည် ထိန်းသိမ်းနိုင်ဖို့ဆိုရင် Digital Copy ပြောင်းလိုက်မယ်ဆိုရင် ဝန်ဆောင်မှုပေးနိုင်မှု ပို လွယ်သွားမယ်၊ အသုံးပြုတဲ့သူ တွေအနေနဲ့ လည်း ပိုပြီးအဆင်ပြေမယ်။ ရေရှည်မှာ စီမံ ချက်ချပြီး ဆောင်ရွက်နေတယ်” ဟု ဦးအောင်မြင့်က ပြောကြားသည်။

အမျိုးသားစာကြည့်တိုက် ရန်ကုန်အဆောက်အဦးအသစ်အား သုံးနှစ်စီမံကိန်းဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး၊ စာကြည့်တိုက် ပစ္စည်းရွှေ့ပြောင်းခြင်းနှင့် အချက်အလက် များထည့်သွင်းခြင်းကို ဖေဖော်ဝါရီလကုန် ပိုင်းတွင် ပြီးစီးမည်ဖြစ်ကြောင်း၊ ခေတ်မီစာ ကြည့်တိုက်ဖြစ်စေရန်အတွက် စာဖတ်ရှုရန် သာမက စာငှားဝန်ဆောင်မှုပါရှိမည်ဖြစ် ကြောင်း၊ စာကြည့်တိုက်နှင့်ပတ်သက်ပြီး အ ပတ်စဉ်၊ လစဉ်လှုပ်ရှားနိုင်သည့် ခန်းမများ ပါဝင်ကြောင်း၊ လူ ၂၅၀ ဆန့်သည် ခန်းမများ ပါကြောင်း၊ ဟောပြောပွဲ၊ စာတမ်းဖတ်ပွဲများ ပြုလုပ်နိုင်သည့် ခန်းမ၊ သင်တန်းပေးနိုင်သည့် ခန်းမ၊ ကျောင်းသား၊ ကျောင်းသူများ အ လွယ်တကူလေ့လာနိုင်သည့် Multi Media ခန်းများ၊ သီးခြားစာပေလေ့လာချင်သူများ အတွက် Special Reading အခန်းများပါဝင်ကြောင်း ဦးအောင်မြင့်က ပြောကြားသည်။

ရှားပါးအထောက်အထားများပြပွဲနှင့် New View , Fresh Finds အခမ်းအနားတွင် ဒီဇင်ဘာ ၉ ရက်မှ ၁၁ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်ပြီး ၁၇၃၈ ခုနှစ်မှ ၁၉၄၉ ခုနှစ်အထိ ထုတ်ဝေခဲ့သည့် ရှေးဟောင်းကျမ်း များ၊ မြန်မာစာပေ၊ မြန်မာရာဇဝင်ကျမ်းများ၊ ဥပဒေ၊ ဘုရားသမိုင်းစသည့် မြန်မာဘာသာ စာအုပ်များနှင့် အင်္ဂလိပ်ဘာသာဖြင့် ရေးသား ထားသည့် Books on Myanmar , Language ,District Gazetter , Reporter , Census, Inscriptions  နှစ်ပေါင်း ၁၀၀ ကျော် ရှိ ရန်ကုန်၊ မန္တလေး၊ အမရပူရ၊ ဗန်မော်မြို့ များ၏ မြင်ကွင်းကျယ်ဓာတ်ပုံများ၊ မြန်မာလူမျိုးများ၏ ဝတ်စာဆင်ယင်မှု၊ ယခင်ကာလ အတွင်းဝန်ရုံး၊ ရွှေတိဂုံစေတီ၊ ဆူးလေစေတီ နှင့် အခြားဓာတ်ပုံများ၊ ကျောက်စာပြခန်း တွင် ပုဂံ၊ ပင်းယ၊ အင်းဝ၊ ကုန်းဘောင်ခေတ် ကျောက်စာများ၊ ခေါင်းလောင်းစာ၊ စဉ့်ကွင်းစ၊ ဆင်းတုစာများနှင့် ကျောက်စာကူးနည်းများကို ပြသထားကြောင်း သိရသည်။

ရှားပါးအထောက်အထားများပြပွဲနှင့်  New View, Fresh Finds အခမ်းအနား ဒီဇင်ဘာ ၁၀ ရက်တွင် ပညာရှင်လေးဦးမှ စာတမ်းဖတ်ပွဲ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

 

 

Most Read

Most Recent