NCA မရေးထိုးရသေးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ NCA တွင် ပါဝင်လာနိုင်ရေးအတွက် NCA ထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများက သွားရောက်စည်းရုံးမည်

NCA မရေးထိုးရသေးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ NCA တွင် ပါဝင်လာနိုင်ရေးအတွက် NCA ထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများက သွားရောက်စည်းရုံးမည်
Published 24 December 2019
မင်းနိုင်စိုး

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် လက်မှတ်မရေးထိုးရသေးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ NCA စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုး လာနိုင်ရေးအတွက် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများက သွားရောက် စည်းရုံးမည် ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ (NMSP) ဗဟိုကော်မတီဝင် နိုင်အောင်မငေးက ပြောကြားသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) ကျင်းပရန်အတွက် အကြိုညှိနှိုင်း အစည်းအဝေးကို ဒီဇင်ဘာ ၂၂ ရက်တွင် ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် ပြုလုပ်ခဲ့ပြီး အဆိုပါ အစည်းအဝေးအပြီး ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် NCA စာချုပ် လက်မှတ် မရေးထိုးရသေးသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ NCA တွင် ပါဝင်လက်မှတ်ရေးထိုး လာနိုင်ရေးနှင့် ပတ်သက်၍ NMSP ဗဟိုကော်မတီဝင် နိုင်အောင်မငေးက ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆောင်ရွက်ရာတွင် လက်ရှိ NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ဖြင့်သာ လုံလောက်မှု မရှိသည့်အတွက် NCA လက်မှတ်မထိုးရသေးသော အဖွဲ့များ ပါဝင်လာရန် အရေးကြီးကြောင်း သို့မှသာ ပြည်ထောင်စုကိစ္စ ဆွေးနွေးရာတွင် ပြည့်ပြည့်စုံစုံဖြစ်မည်ဟု ၎င်းကပြောကြားသည်။

“ဒါကြောင့်လည်း သူတို့ပါဝင်လာဖို့အတွက် ကျွန်တော်တို့ ဘေးတိုက်အနေနဲ့ တစ်ဖွဲ့ချင်း ဆွေးနွေးမယ်။ ဒီကိစ္စက ရလဒ်အဖြေတစ်ခုဖြစ်တယ်။ ကျွန်တော်တို့ ပြည်ထောင်စုရဲ့ တိုးတက်ကောင်းမွန်ကြောင်း၊ အဓွန့်ရှည်ကြောင်း ဖြစ်တဲ့အတွက်ကြောင့် ဒါကျွန်တော်တို့ သူတို့ကိုသွားပြီးတော့ စည်းရုံးမယ်။ ပြောဆိုမယ်။ ဆွေးနွေးကြမယ်” ဟု နိုင်အောင်မငေးက ပြောကြားသည်။

NCA လက်မှတ်မထိုးရသေးသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအား သွားရောက် စည်းရုံးမည်ဟု ဆိုသော်လည်း မည်သည့်အချိန်တွင် အဆိုပါလုပ်ငန်း စတင်ဆောင်ရွက်မည်ကို ၎င်းအနေဖြင့် ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ခြင်း မရှိဘဲ NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များဖြင့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) က လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက် သွားမည်ဟု နိုင်အောင်မငေးက ပြောကြားသည်။

NCA စာချုပ် လက်မှတ်ရေးထိုးရန် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့ကျန် ရှိနေသေးပြီး အဆိုပါ ရှစ်ဖွဲ့နှင့် ပတ်သက်၍ အစိုးရဘက်က ဆွေးနွေးပွဲများ ရပ်တန့်ထားခြင်း မရှိဘဲ ဆွေးနွေးပွဲများ ဆက်လက် ပြုလုပ်နေကာ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက တရုတ်နိုင်ငံ ကူမင်းမြို့တွင် အစိုးရနှင့် မြောက်ပိုင်းလေးဖွဲ့တို့ Bilateral လက်မှတ်ရေးထိုးရေး အလွတ်သဘော ဆွေးနွေးခဲ့ကြသည်ဟု အစိုးရကိုယ်စားလှယ် ဦးလှမောင်ရွှေက ပြောကြားသည်။

“အစိုးရဘက်က လက်မှတ်မထိုးရသေးတဲ့သူတွေကို လက်မှတ်ရေးထိုးနိုင်ဖို့ လုပ်ငန်းစဉ်တစ်ရပ် အနေနဲ့ ချမှတ်ပြီးတော့ ဆက်ဆောင်ရွက်နေတယ်။ EAO တွေနဲ့ ဆွေးနွေးပွဲတွေမှာလည်း ကျွန်တော်တို့ အဲဒါတွေ လုပ်နေတာကို ရှင်းပြတယ်။ သူတို့ သဘောထားတွေကိုလည်း ကျွန်တော်တို့ဘက်က ဒီဘက်မှာ ရယူတယ်။ အပြန်အလှန် အားဖြင့်တော့လည်း လက်မှတ်မထိုးရသူတွေကို ချန်ထားတာ မဟုတ်ဘဲနဲ့ ပါဝင်နိုင်ဖို့ဆိုတာ လုပ်ငန်းစဉ်တစ်ခုအနေနဲ့ လုပ်နေပါတယ်” ဟု ဦးလှမောင်ရွှေက ပြောကြားသည်။

ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် ဒီဇင်ဘာ ၂၂ ရက်က ပြုလုပ်ခဲ့သည့် JICM အကြိုညှိနှိုင်း အစည်းအဝေးတွင်လည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် အားလုံးပါဝင်နိုင်ရေးနှင့် ပတ်သက်၍ ဆွေးနွေးခဲ့သည်။

 

Most Recent