ရှမ်းပြည်နယ်လွှတ်တော် ၁၇ ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ဥပဒေကြမ်းလေးခု အတည်ပြုနိုင်ခဲ့ပြီး မေးခွန်းပေါင်း ၆၄ ခု မေးမြန်းဖြေကြားနိုင်ကာ အဆိုတစ်ခု အတည်ပြုခဲ့

ရှမ်းပြည်နယ်လွှတ်တော် ၁၇ ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ဥပဒေကြမ်းလေးခု အတည်ပြုနိုင်ခဲ့ပြီး မေးခွန်းပေါင်း ၆၄ ခု မေးမြန်းဖြေကြားနိုင်ကာ အဆိုတစ်ခု အတည်ပြုခဲ့
Published 21 December 2019
စည်သာ

ရှမ်းပြည်နယ်လွှတ်တော် ၁၇ ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ဥပဒေကြမ်းလေးခု အတည်ပြုနိုင်ခဲ့ပြီး မေးခွန်းပေါင်း ၆၄ ခု မေးမြန်းဖြေကြားနိုင်ခဲ့ကာ အဆိုတစ်ခုကို  အတည်ပြုနိုင်ခဲ့ကြောင်း ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်က လွှတ်တော်တွင် ပြောကြားခဲ့သည်။

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ၁၇ ကြိမ်မြောက် ပုံမှန်အစည်းအဝေး နောက်ဆုံးနေ့ကို ဒီဇင်ဘာ ၂၀ ရက်တွင် ကျင်းပခဲ့သည်။ အတည်ပြုနိုင်ခဲ့သော ဥပဒေမူကြမ်းများမှာ ရှမ်းပြည်နယ် သဘာရေထွက်တော၊ ရေထိန်းတော ထိန်းသိမ်းကာကွယ်ရေးဥပဒေ (မူကြမ်း)၊ ရှမ်းပြည်နယ်လမ်းများ၊ တံတားများ ဥပဒေ (မူကြမ်း)၊ ရှမ်းပြည်နယ် လျှပ်စစ်ဥပဒေ(မူကြမ်း)၊ အင်းလေးကန်ဒေသ ထိန်းသိမ်းကာကွယ်ရေးဥပဒေ (မူကြမ်း) တို့ဖြစ်သည်။

“ ဥပဒေပြုရေးတာဝန်ဟာ မိမိတို့လွှတ်တော်ကိုယ်စားလှယ်များရဲ့ အဓိကတာဝန်ဖြစ်တာကြောင့် ဒီတာဝန်ကို ဆက်လက်ဆောင်ရွက်ကြရဦးမှာလည်း ဖြစ်ပါတယ်။ ပြည်သူအတွက် ဥပဒေရေးဆွဲရာမှာ လူထုရဲ့ဆန္ဒဟာ အဓိကအရေးကြီးတဲ့ အစိတ်အပိုင်းဖြစ်သလို ဥပဒေတစ်ခုရဲ့ ကောင်းကျိုးမကောင်းကျိုးဆိုတာ လူထုရဲ့အသိဉာဏ်ပေါ်မှာ မှီတည်နေတာလည်းဖြစ်ပါတယ်။...မေးခွန်းများမေးမြန်းခြင်း၊ အဆိုများ တင်သွင်းခြင်းနဲ့ပတ်သက်လို့ လက်တွေ့အကောင်အထည် ဖော်နိုင်မှုအခြေအနေများကို ရှမ်းပြည်နယ်လွှတ်တော်၏ ရှမ်းပြည်နယ်အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီက လိုအပ်သလို စိစစ်သွားမှာပဲ ဖြစ်ပါတယ်” ဟု လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်က ပြောကြားသည်။

ထို့ပြင် အစည်းအဝေးကာလအတွင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့က တင်သွင်းခဲ့သည့် ရှမ်းပြည်နယ် ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဂုဏ်ထူးဆောင်ဆုပစ္စည်း ချီးမြှင့်ခြင်းဆိုင်ရာ ဥပဒေမူကြမ်း ပြင်ဆင်သည့်ဥပဒေနှင့် ရှမ်းပြည်နယ် မြေယာခွန်ဥပဒေမူကြမ်းတို့ကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီတွင် ကျင်းပရန်ရှိသည့် လွှတ်တော်အစည်းအဝေးတွင် အတည်ပြုနိုင်ရေးအတွက် ကြိုးပမ်းကြစေလိုကြောင်း ၎င်းက ပြောကြားသည်။                   

 

 

Most Read

Most Recent