မဲဆန္ဒနယ် ကိုယ်စားပြုမှု ပါဝင်ခြင်း မရှိသော တပ်မတော်သား ကိုယ်စားလှယ်များက မိမိတို့မဲဆန္ဒနယ်ဟု ရည်ညွှန်းပြီး ကွင်းဆင်းခြင်းသည် ဥပဒေ၊ နည်းဥပဒေများနှင့် ကိုက်ညီမှု ရှိ မရှိ မေးခွန်းအား ပြည်သူ့လွှတ်တော် အစည်းအဝေး အစီအစဉ်မှ ရွှေ့ဆိုင်း

မဲဆန္ဒနယ် ကိုယ်စားပြုမှု ပါဝင်ခြင်း မရှိသော တပ်မတော်သား ကိုယ်စားလှယ်များက မိမိတို့မဲဆန္ဒနယ်ဟု ရည်ညွှန်းပြီး ကွင်းဆင်းခြင်းသည် ဥပဒေ၊ နည်းဥပဒေများနှင့် ကိုက်ညီမှု ရှိ မရှိ မေးခွန်းအား ပြည်သူ့လွှတ်တော် အစည်းအဝေး အစီအစဉ်မှ ရွှေ့ဆိုင်း
Published 19 December 2019
စည်သူ

မဲဆန္ဒနယ် ကိုယ်စားပြုမှု ပါဝင်ခြင်းမရှိသော တပ်မတော်သား ကိုယ်စားလှယ်များက မိမိတို့မဲဆန္ဒနယ်ဟု ရည်ညွှန်းပြီး ကွင်းဆင်းခြင်းသည် ဥပဒေ၊ နည်းဥပဒေများနှင့် ကိုက်ညီမှုရှိ မရှိ မေးခွန်းအား ဒီဇင်ဘာ ၁၉ ရက် ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပါဝင်လာခြင်းမရှိဘဲ အစီအစဉ်မှ ရွှေ့ဆိုင်းခံရကြောင်း သိရသည်။

ညောင်ရွှေမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်ဦး(ခ) ဦးနေမျိုး မေးမြန်းသည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် မဲဆန္ဒနယ် ကိုယ်စားပြုမှု ပါဝင်ခြင်းမရှိသော တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များ မိမိတို့ မဲဆန္ဒနယ်ဟု ရည်ညွှန်းပြီး ကွင်းဆင်းခြင်းသည် ရွေးကောက်ပွဲ ကော်မရှင် ဥပဒေနှင့်သော် လည်းကောင်း၊ ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့် သော်လည်းကောင်း ကိုက်ညီမှု ရှိ မရှိ သိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်းသည် ကနဦးတွင် ဒီဇင်ဘာ ၁၉ ရက်၌ ပြုလုပ်မည့် ပြည်သူ့လွှတ်တော် အစည်းအဝေး အစီအစဉ် လျာထားချက်တွင် ပါဝင်ခဲ့သော်လည်း ရွှေ့ဆိုင်းခံရခြင်းဖြစ်သည်။

“ဒီထက် အရေးကြီးတာတွေ ဆွေးနွေးဖို့ရယ်။ တခြားကိစ္စလည်းရှိလို့ပေါ့။ ရွှေ့လိုက်တယ်။ ဆက်ပြီး ဆင်း မဆင်းတော့ လွှတ်တော် နားရက်မှာ သိရမှာလေ။ လွှတ်တော်အခွင့်အရေး ကော်မတီနဲ့ လွှတ်တော်ဥက္ကဋ္ဌက ရွှေ့ပေးလို့ရမလား ဆိုပြီးပြောတာ။ ရုပ်သိမ်းတာတော့ မဟုတ်ဘူး၊ ရွှေ့လိုက်တာပါ” ဟု မေးခွန်းရှင် ဦးဝင်းမြင့်ဦး (ခ) ဦးနေမျိုးက ပြောကြားသည်။

ထိုသို့ တပ်မတော်သားများက ကွင်းဆင်းခြင်းကိစ္စများနှင့် ပတ်သက်ပြီး နည်းဥပဒေတွင် တိတိကျကျ ပြဋ္ဌာန်းထားခြင်း မရှိဘဲ လုပ်ပိုင်ခွင့်ရှိ မရှိလည်း ကွဲကွဲပြားပြား မသိသည့်အတွက် အဆိုပါ မေးခွန်းမျိုးသည် မေးသင့်မေးထိုက်သည့် မေးခွန်းတစ်ခုဖြစ်ပြီး အဖြေတစ်ခု ရှိသင့်ကြောင်းနှင့် မေးခွင့်မရခြင်းသည်လည်း လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်၏ အခွင့်အရေးကို ထိခိုက်ကြောင်း SNLD ကိုယ်စားလှယ် ဦးစိုင်းထွန်းအေးက ပြောကြားသည်။

“ဒီမေးခွန်းဟာ မေးသင့်မေးထိုက်တဲ့ မေးခွန်းဖြစ်တယ်လေ။ ဒါပေမဲ့ ဒီနေ့ အစီအစဉ်မှာ ပါမလာဘူး။ ကျွန်တော်တို့ အမြင်အရတော့ လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်ဟာ သူ့ရဲ့လုပ်ငန်းဆောင်တာတွေ မရှင်းလင်းတာတွေ မေးမြန်းဖို့ တာဝန်ရှိတယ်။ ပြည်သူတွေသိဖို့ တာဝန်ရှိတယ်။ အခုအနေအထားမှာတော့ မေးခွန်းကို ခွင့်မပြုတာက ကိုယ်စားလှယ်တစ်ယောက်ရဲ့ အခွင့်အရေးကို ထိခိုက်တယ်။ တကယ်လို့ တပ်မတော်ဘက်က ကန့်ကွက်ချင်ရင်လည်း သက်ဆိုင်ရာ ဌာနသော်လည်းကောင်း အဖွဲ့အစည်းသော် လည်းကောင်း လာပြီးဖြေကြားတဲ့ အပေါ်မှာ စဉ်းစားသုံးသပ်ပြီးတော့မှ မှားတယ် မှန်တယ် ကန့်ကွက်တယ် ဖြစ်ရမှာ” ဟု ဦးစိုင်းထွန်းအေးက ပြောကြားသည်။

မဲဆန္ဒနယ် ကိုယ်စားပြုမှု ပါဝင်ခြင်းမရှိသော တပ်မတော်သား ကိုယ်စားလှယ်များက မိမိတို့ မဲဆန္ဒနယ်ဟု ရည်ညွှန်းပြီး ကွင်းဆင်းခြင်းသည် ဥပဒေ၊ နည်းဥပဒေများနှင့် ကိုက်ညီမှု ရှိ မရှိဆိုသော ညောင်ရွှေမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၏ မေးခွန်းအပေါ် တပ်မတော်သား ကိုယ်စားလှယ်များက ကန့်ကွက်မှုများ ရှိသည်ဟု သတင်းထွက်ပေါ်ခဲ့ခြင်းကြောင့် တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးချုပ်မောင်မောင်အား မေးမြန်းသော်လည်း တစ်စုံတစ်ရာ မှတ်ချက်ပြု ပြောကြားခဲ့ခြင်း မရှိပေ။

လွှတ်တော်ကိုယ်စားလှယ်များ၏ မေးခွန်းများနှင့် ပတ်သက်ပြီး ဆုံးဖြတ်ခြင်းသည် လွှတ်တော်ဥက္ကဋ္ဌ၏ သဘောဆန္ဒဖြစ်ပြီး လွှတ်တော်သို့ တင်သွင်းလာသည့် မေးခွန်းတစ်ခု အနေဖြင့် သေသွားခြင်းမျိုး မရှိဘဲ တစ်ချိန်တွင် ပြန်လည်ပေါ်ပေါက်လာမည်ဖြစ်ကာ တစ်စုံတစ်ရာ အဆင်သင့် မဖြစ်သေး၍ ဖြစ်နိုင်ကြောင်း ပြည်သူ့လွှတ်တော်၊ လွှတ်တော်အခွင့်အရေး ကော်မတီ အတွင်းရေးမှူး ဒေါက်တာလှမိုးက ပြောကြားသည်။

Most Read

Most Recent