လေ့လာစိစစ်ရေးပူးပေါင်းကော်မတီ၏ အစီရင်ခံစာအား မဲခွဲဆုံးဖြတ်မှုကို တပ်မတော်သားကိုယ်စားလှယ် ကန့်ကွက်ခဲ့သော်လည်း လွှတ်တော်၏အဆုံးအဖြတ်ရယူရာတွင် ထောက်ခံဆန္ဒမဲများခြင်းကြောင့် အစီရင်ခံစာကို လွှတ်တော်အတည်ပြု

လေ့လာစိစစ်ရေးပူးပေါင်းကော်မတီ၏ အစီရင်ခံစာအား မဲခွဲဆုံးဖြတ်မှုကို တပ်မတော်သားကိုယ်စားလှယ် ကန့်ကွက်ခဲ့သော်လည်း လွှတ်တော်၏အဆုံးအဖြတ်ရယူရာတွင် ထောက်ခံဆန္ဒမဲများခြင်းကြောင့် အစီရင်ခံစာကို လွှတ်တော်အတည်ပြု
ဒီဇင်ဘာ ၁၇ ရက်ကပြုလုပ်သော ပြည်ထောင်စုလွှတ်တော်အစည်းအဝေး
ဒီဇင်ဘာ ၁၇ ရက်ကပြုလုပ်သော ပြည်ထောင်စုလွှတ်တော်အစည်းအဝေး
Published 18 December 2019
စည်သူ၊ အောင်မင်းသိန်း

ကရင်ပြည်နယ်မဲဆန္ဒနယ်အမှတ် (၅) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသန်းနိုင် အပါအဝင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၁၄၅ ဦးတင်ပြထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းနှင့်စပ်လျဉ်းသည့် လေ့လာစိစစ်ရေးပူးပေါင်းကော်မတီ၏ အစီရင်ခံစာအပေါ် လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေးချက်များနှင့်စပ်လျဉ်း၍  ပူးပေါင်းကော်မတီက ပြန်လည်ရှင်းလင်းဆွေးနွေးခြင်းနှင့် သဘောတူလက်ခံရန် အဆိုတင်သွင်းခြင်းများကို ဒီဇင်ဘာ ၁၇ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး၌ ပြုလုပ်ခဲ့သည်။

“ လေ့လာစိစစ်ရေးပူးပေါင်းကာ်မတီရဲ့ သဘောထားမှတ်ချက်အစီရင်ခံစာမှာလည်း ကော်မတီဝင်အများစုရဲ့ ဆန္ဒသဘောထားနဲ့  ကော်မတီဝင်သုံးဦးရဲ့ သီးခြားဆန္ဒသဘောထားတွေကိုလည်း ဖော်ပြထားပြီးဖြစ်တဲ့ အတွက်ကြောင့်မိုလို့ ဒီအပေါ်မှာတော့ သီးခြား ရှင်းလင်းဆွေးနွေးဖို့ မရှိပါဘူး။ ကျွန်တော်တို့ရဲ့ ပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာကို လွှတ်တော်က သဘောတူလက်ခံပေးနိုင်ဖို့အတွက် လွှတ်တော်ရဲ့အဆုံးအဖြတ်ကို ရယူအတည်ပြုပေးနိုင်ပါရန် လေးစားစွာ အဆိုပြုတင်ပြအပ်ပါတယ်” ဟု လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက လွှတ်တော်၌ တင်ပြခဲ့သည်။

လေ့လာစိစစ်ရေးပူးပေါင်းကော်မတီ၏ အစီရင်ခံစာအပေါ် လွှတ်တော်ကိုယ်စားလှယ်များကလည်း လွှတ်တော် ဆိုင်ရာဥပဒေ၊ နည်းဥပဒေများတွင် ပြဋ္ဌာန်းထားသည့် ပြဋ္ဌာန်းချက်များနှင့်အညီ လွှတ်တော်ကိုယ်စားလှယ်များ၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များအရ ဆွေးနွေးဆောင်ရွက်သွားခြင်းဖြစ်ပြီး ကော်မတီအနေဖြင့်လည်း လွှတ်တော်က  အပ်နှင်းထားသည့်တာဝန်အရ  အစီရင်ခံစာကို တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း ဒေါက်တာမြတ်ဉာဏစိုးက ပြောကြားသည်။

လေ့လာစိစစ်ရေးပူးပေါင်းကော်မတီ၏ သဘောတူလက်ခံပေးနိုင်ရန် အဆိုတင်သွင်းခြင်း ပြုလုပ်ပြီးသည့်အချိန်တွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကော်မတီအဖွဲ့ဝင် တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး မျိုးထွန်းအောင်က လွှတ်တော်၌ မတ်တတ်ရပ်၍ ကန့်ကွက်ခြင်းကို ပြုလုပ်ခဲ့သည်။

“ ဒီကော်မတီက ဘယ်အချိန် ဘယ်ကာ လမှာပြီးမယ်ဆိုတာလည်း အချိန်ကန့်သတ်ချက်က မမျှော်မှန်းနိုင်ပါဘူး။ Time Frame လည်းမရှိ၊ Work Plan လည်း မသိရတဲ့အတွက် အခု ဦးစိုင်းသန်းနိုင် အပါအဝင် တင်ပြထားတဲ့ ပြင်ဆင်ရေးဥပဒေကြမ်း ငါးခုစလုံးကို ဥပဒေနဲ့အညီ ဆက်လက်ဆောင်ရွက်ဖို့နဲ့ ယခုမဲခွဲ ဆုံးဖြတ်မှာကို ကန့်ကွက်ကြောင်း တင်ပြအပ်ပါတယ်” ဟု ဒုတိယဗိုလ်မှူးကြီး မျိုးထွန်းအောင်က ပြောကြားသည်။

လက်ရှိ မဲခွဲဆုံးဖြတ်ခြင်းသည် အစီရင်ခံစာအပေါ် ဆွေးနွေးခဲ့ပြီးသည့်အပေါ်တွင် မဲခွဲဆုံးဖြတ်ခြင်းဖြစ်ပြီး လွှတ်တော်၌ မဲခွဲဆုံးဖြတ်ရမည်ဆိုသည့် အစီရင်ခံစာကို ဆွေးနွေးပြီးပါက မဲခွဲဆုံးဖြတ်ရမည်ဆိုသည့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၈၀ (စ) နှင့် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၁ (စ) များတွင် ပြဋ္ဌာန်းထားခြင်းကြောင့် ယင်းလုပ်ငန်းစဉ်အရ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က လွှတ်တော်၌ ပြောကြားသည်။

“ အထက်ပါ အစီရင်ခံစာနဲ့စပ်လျဉ်းပြီး လွှတ်တော်ကိုယ်စားလှယ် ၄၁ ဦးက ဆွေးနွေးကြရာမှာ အမျိုးမျိုးသော သုံးသပ်အကြံပြု ဝေဖန်ထောက်ပြချက်များ အသုံးပြုပြီး ထောက်ခံကြ၊ ကန့်ကွက်ကြတာကို တွေ့ရှိရပါတယ်။ ယခင်အစီရင်ခံစာ လေးစောင်တုန်းကလည်း အလားတူဆွေးနွေးမှုအမျိုးမျိုး ရှိခဲ့ပါတယ်။ အစောဆုံး အစီရင်ခံစာနှစ်ခု ဆွေးနွေးခဲ့စဉ်က နာယကအနေနဲ့ ကိုယ်စားလှယ်များရဲ့ လွတ်လပ်စွာ ပြောဆိုဆွေးနွေးပိုင်ခွင့်ကို အပြည့်အဝနီးပါး နားလည်ခွင့်ပြုပေးနိုင်ခဲ့ပါတယ်။ သို့သော် တတိယမြောက်အစီရင်ခံစာ ဆွေးနွေးမှုကစပြီး ကိုယ်စားလှယ်အချို့ရဲ့ ဆွေးနွေးချက်အချို့ဟာ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးတစ်ယောက်နဲ့ အဖွဲ့အစည်းတစ်ခုခုကို ထိခိုက်နစ်နာစေနိုင်တဲ့ ပုဂ္ဂလဓိဋ္ဌာန် စွပ်စွဲပုတ်ခပ်ပြောဆိုမှုများပါရှိလာတဲ့အပြင် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေပါ စည်းကမ်းချက်များနဲ့ ညီညွတ်မှုမရှိတဲ့ ပြောကြားချက်များအပေါ် ကန့်ကွက်မှုများ ရှိလာခဲ့ပါတယ်” ဟု ဦးတီခွန်မြတ်က ဆိုသည်။

ထို့ကြောင့်ဆွေးနွေးပြောကြားချက်အချို့ကို လွှတ်တော်မှတ်တမ်းမှ စိစစ်နုတ်ပယ်မှုများ ပေါ်ပေါက်ခဲ့ရခြင်းကိုလည်း အားလုံး သိရှိနားလည်စေချင်ကြောင်း လွှတ်တော် ကိုယ်စားလှယ်တစ်ဦးချင်းက မိမိ၏တာဝန်နှင့် လုပ်ပိုင်ခွင့်ကို အသုံးပြုလုပ်ဆောင်ခဲ့ကြသလို လွှတ်တော်နာယကတစ်ဦးအနေနှင့် လည်း သက်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပေးအပ်ထားသည့် တာဝန်နှင့် လုပ်ပိုင်ခွင့်များကိုအသုံးပြုပြီး လွှတ်တော်လုပ်ငန်း တာဝန်တစ်ခုချင်းအတွက် အခြေအနေအချိန်အခါ အားလုံးကိုသုံးသပ်စဉ်းစားပြီး လုပ်နိုင်သမျှ ပြီးပြတ်အောင် ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က ပြောကြားသည်။

“ လွှတ်တော်အတွင်း အဆုံးအဖြတ်ရယူခြင်းဟာ လွှတ်တော်ကိုယ်စားလှယ်များရဲ့ လုပ်ဆောင်မှုအခြေအနေအရ ဆောင်ရွက်ပေးရတာဖြစ်လို့ နာယကတစ်ဦးတည်းရဲ့ ဆောင်ရွက်မှုမဟုတ်ဘဲ လွှတ်တော်ကိုယ်စားလှယ်အားလုံး ပါဝင်သက်ဆိုင်တဲ့ လုပ်ငန်းစဉ်ဆောင်ရွက်ချက်သာ ဖြစ်ပါတယ်။ လွှတ်တော်အစည်းအဝေးများမှာ ဆောင်ရွက်ရမယ့်ကိစ္စရပ်များ၊  လွှတ်တော်ရဲ့အဆုံးအဖြတ် ရယူရမယ့် ကိစ္စရပ်များ၊ မဲခွဲဆုံးဖြတ်ရမယ့်ကိစ္စရပ်များနဲ့စပ်လျဉ်းပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများအတိုင်းသာ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ထပ်မံအသိပေးပြောကြားလိုပါတယ်” ဟု ဦးတီခွန်မြတ်က ပြောကြားသည်။

အထက်ပါ အစီရင်စာနှင့်စပ်လျဉ်းပြီး လွှတ်တော်၏ အဆုံးအဖြတ်ကို စက်ခလုတ် အသုံးပြု၍ ဆန္ဒမဲပေးသည့်စနစ်ဖြင့် မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံဆန္ဒမဲ ၃၅၇ မဲ၊ ကန့်ကွက်ဆန္ဒမဲ ၂၀၀ မဲနှင့် ကြားနေဆန္ဒမဲ ခုနစ်မဲ ရရှိခဲ့သည်။

ထောက်ခံဆန္ဒမဲများသည့်အတွက် ဦးစိုင်းသန်းနိုင် ကရင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၅) အပါအဝင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၁၄၅ ဦး ပေးပို့တင်ပြထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းနှင့် စပ်လျဉ်းသည့် လေ့လာစိစစ်ရေးပူးပေါင်း ကော်မတီ၏အစီရင်ခံစာကို သဘောတူ အတည်ပြုကြောင်း ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က ကြေညာသည်။

 

 

Most Read

Most Recent