လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ Facebook ပေါ်တွင် Boost လုပ်ပြီး နိုင်ငံရေးအတွက်သုံးစွဲခဲ့သည့် ငွေကြေးပမာဏကို ရွေးကောက်ပွဲဆိုင်ရာ အသုံးစရိတ်ရှင်းတမ်းတွင် ဖော်ပြရန်လိုမလို ပြည်ခိုင်ဖြိုးလွှတ်တော်ကိုယ်စားလှယ် မေးမြန်း

လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ Facebook ပေါ်တွင် Boost လုပ်ပြီး နိုင်ငံရေးအတွက်သုံးစွဲခဲ့သည့် ငွေကြေးပမာဏကို ရွေးကောက်ပွဲဆိုင်ရာ အသုံးစရိတ်ရှင်းတမ်းတွင် ဖော်ပြရန်လိုမလို ပြည်ခိုင်ဖြိုးလွှတ်တော်ကိုယ်စားလှယ် မေးမြန်း
Published 18 December 2019
စည်သူ  

လွှတ်တော်ကိုယ်စ ားလှယ်လောင်းများ၏ Facebook ပေါ်တွင် Boost လုပ်ပြီး နိုင်ငံရေးအတွက်သုံးစွဲခဲ့သည့် ငွေကြေးပမာဏကို ရွေးကောက်ပွဲဆိုင်ရာ အသုံးစရိတ်ရှင်းတမ်းတွင် ဖော်ပြရန်လိုမလို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ မောက်မယ် မဲဆန္ဒနယ်မှ  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်  ဦးစိုင်းငေါင်းဆိုင်ဟိန်းက ပြည်သူ့လွှတ်တော်တွင် မေးမြန်းခဲ့သည်။

နေပြည်တော်၌ ဒီဇင်ဘာ ၁၈ ရက်က ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဦးစိုင်းငေါင်းဆိုင်ဟိန်းက မြန်မာနိုင်ငံတွင် မကြာခင် ရောက်ရှိလာတော့မည့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကာလအတွင်း လူမှုကွန်ရက် မီဒီယာ Facebook အသုံးပြုခြင်းနှင့် စပ်လျဉ်း၍ နိုင်ငံတော်အစိုးရမှ ညှိနှိုင်းထိန်းကျောင်းပေးရန် အစီအစဉ် ရှိပါသလား၊ ကိုယ်စားလှယ်လောင်းများ၏ Facebook ပေါ်တွင် Boost လုပ်ပြီး နိုင်ငံရေး အတွက်သုံးစွဲခဲ့သည့် ငွေကြေးပမာဏ တန်ဖိုးများသည် ရွေးကောက်ပွဲဆိုင်ရာ အသုံးစရိတ်ရှင်းတမ်းတွင် ဖော်ပြရန်လိုမလိုနှင့်  ရွေးကောက်ပွဲရက် နီးကပ်နေသော မဲမဆွယ်ရသည့်နေ့များနှင့် ရွေးကောက်ပွဲရက် မဲ မဆွယ်ရ ဧရိယာအတွင်း Facebook အသုံးပြုပါက ရွေးကောက်ပွဲဥပဒေနှင့် ညီညွတ်မှု ရှိမရှိ သိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်းကို မေးမြန်းခဲ့ခြင်းဖြစ်သည်။

“ မကြာခင်ကာလမှာ ၂၀၂၀ ရွေးကောက်ပွဲကာလကို မလွဲမသေ ဖြတ်ကျော်ကြရမှာ ဖြစ်ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲကို Facebook တိုက်ပွဲလို့တောင် တင်စားခေါ်ဝေါ်နေပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲကာလတုန်းက စည်ပင်ရွေးကောက်ပွဲ ကာလတွေမှာလည်း ကိုယ်စားလှယ်လောင်းတွေကို Facebook ကနေတစ်ဆင့် ကြေညာပြီး မဲဆွယ်ခဲ့ကြပါတယ်။ သိပ်မကျယ်ပြန့်သေးတဲ့ ကာလတစ်ခုဖြစ်လို့ သိသာထင်ရှားမှု မရှိခဲ့ပါဘူး။ အခုလာမယ့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမှာတော့ မီးကုန်ယမ်းကုန် Facebook ကို သုံးစွဲပြီး မဲဆွယ်ကြမှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲကာလ မဲပေးရက်နီးကပ်နေတဲ့ မဲမဆွယ်ရဆိုတဲ့နေ့မျိုးမှာ Facebook အသုံးပြုတာတွေ ကန့်သတ်ထားမလား ခွင့်ပြုမလား။ ရွေးကောက်ပွဲ ကျင်းပချိန် မဲမဆွယ်ရ ဧရိယာတွေမှာ Facebook ကို အသုံးပြုရင် ရွေးကောက်ပွဲ ဥပဒေနဲ့ ညီညွတ်မှုရှိရဲ့လား အပြန်အလှန် တရားစွဲဆိုနိုင်သလားဆိုတာ ကြိုတင်ပြင်ဆင်ထားရမှာ ဖြစ်ပါတယ်။ အရေးကြီးဆုံးအချက်ကတော့ Facebook မှာ Page ထောင်ပြီး မဲဆန္ဒရှင်များများ ဖတ်ရှုနိုင်ဖို့အတွက် Boost လုပ်ပြီးတော့ နိုင်ငံရေး ကြေညာချက်အတွက် ကျခံခဲ့တဲ့ငွေကြေး တန်ဖိုးတွေဟာ ရွေးကောက်ပွဲအသုံးစရိတ်မှာ ဖော်ပြဖို့ လိုမလိုဆိုတဲ့ အချက်ဟာ အငြင်းပွားဖွယ်ရာ ပြဿနာတက်နိုင်စရာ အချက်ဖြစ်ပါတယ်” ဟု မေးခွန်းရှင် ဦးစိုင်းငေါးဆိုင်ဟိန်းက ပြောကြားသည်။

အဆိုပါ မေးခွန်းနှင့် ပတ်သက်၍ ကိုယ်စားလှယ်လောင်းများအနေဖြင့် Facebook ပေါ်တွင် Boost လုပ်ပြီး နိုင်ငံရေးအတွက် အသုံးပြုသော အသုံးစရိတ်နှင့် ပတ်သက်၍ သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေများတွင် တိုက်ရိုက်သီးခြား ဖော်ပြပြီး သတ်မှတ်ပြဋ္ဌာန်းထားခြင်း မရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးမင်းဆွေက ပြောကြားသည်။

ဆက်လက်ပြီး ရွေးကောက်ပွဲကုန်ကျ စရိတ်များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲဥပဒေ အခန်း (၁၂) ၌ လည်းကောင်း၊ သက်ဆိုင်ရာရွေးကောက်ပွဲ နည်းဥပဒေ အခန်း ၁၃ ၌ လည်းကောင်း သတ်မှတ်ပြဋ္ဌာန်းထားကြောင်းနှင့် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၅၅ တွင် ရွေးကောက်ပွဲကိုယ်စားလှယ်သည် သက်ဆိုင်ရာ ရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲဆိုင်ရာ ကုန်ကျစရိတ်များကို သတ်မှတ်ထားတဲ့အတိုင်း စနစ်တကျ ထိန်းသိမ်းထားရှိရမည်ဖြစ်ကာ ယင်းကုန်ကျစရိတ် စာရင်းကို သတ်မှတ်ထားသည့် နည်းလမ်းနှင့်အညီ မဲဆန္ဒနယ်အလိုက် သတ်မှတ်ထားသည့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့သို့ တင်ပြရမည်ဟူ၍ ပြဋ္ဌာန်းထားကြောင်း ၎င်းက ပြောကြားသည်။

ထို့ပြင် လွှတ်တော်ကိုယ်စားလှယ် ရွေးကောက်ပွဲ၊ သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေ ၇၇ တွင် လွှတ်တော် ကိုယ်စားလှယ်လောင်းများသည် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ကော်မရှင်အဖွဲ့ခွဲက ရွေးကောက်တင်မြှောက်ခံရသည့် လွှတ်တော်ကိုယ်စားလှယ်၏ အမည်ကို ကြေညာသည့်နေ့မှစ၍ ရက်ပေါင်း ၃၀ အတွင်း ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်းကို ပုံစံ ၂၀ ဖြင့် ရေးသွင်း၍ မိတ္တူတစ်စုံကူးယူပြီး မူရင်းနှင့်အတူ လွှတ်တော်ကိုယ်စားလှယ်လောင်း သို့မဟုတ် ရွေးကောက်ပွဲကိုယ်စားလှယ်တို့က မဲဆန္ဒနယ်အလိုက်သတ်မှတ်ထားသည့် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံ တင်သွင်းရမည်ဖြစ်ကြောင်း အဖွဲ့ဝင်က ပြောကြားသည်။

ယင်းစာရင်းများ မှန်ကန်ကြောင်း မြို့နယ်တရားသူကြီးထက် အဆင့်မနိမ့်သော တရားသူကြီးတစ်ဦး၏ ရှေ့မှောက်တွင် ပြုလုပ်သည့် ကျမ်းကျိမ်လွှာကိုလည်း ပူးတွဲတင်သွင်းမည်ဟု ပြဋ္ဌာန်းထားခြင်းကြောင့် လွှတ်တော်ကိုယ်စားလှယ်လောင်း သို့မဟုတ် ယင်း၏ ရွေးကောက်ပွဲကိုယ်စားလှယ်သည် မည်သည့် နည်းနှင့်ဖြစ်စေ ရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ မဲဆွယ်စည်းရုံးရေးအတွက် ရွေးကောက်ပွဲကိစ္စအလို့ငှာ သုံးစွဲသည့် ငွေကြေး ပမာဏတန်ဖိုးများကို ရွေးကောက်ပွဲကုန်ကျ စရိတ်စာရင်းပုံစံ ၂၀ တွင် သတ်မှတ်ထားသော အပိုင်းလိုက် ခေါင်းစဉ်အလိုက် ထည့်သွင်းဖော်ပြရမည်ဖြစ်ကြောင်း ဦးမင်းဆွေက ပြောကြားသည်။                                          

 

Most Read

Most Recent