မြန်မာနိုင်ငံရဲတပ်ဖွဲ့လက်အောက်ရှိ ဟိုပန်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးနှင့် ရဲတပ်ဖွဲ့ သုံးခုတွင် ကျပ်သန်း ၆၁၀ ကျော် အလွဲသုံးစား ပြုလုပ်ထားသည်ကို စစ်ဆေးတွေ့ရှိရကြောင်း လွှတ်တော်၌ ပြည်ထောင်စုစာရင်းစစ်ချုပ် တင်ပြ

မြန်မာနိုင်ငံရဲတပ်ဖွဲ့လက်အောက်ရှိ ဟိုပန်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးနှင့် ရဲတပ်ဖွဲ့ သုံးခုတွင် ကျပ်သန်း ၆၁၀ ကျော် အလွဲသုံးစား ပြုလုပ်ထားသည်ကို စစ်ဆေးတွေ့ရှိရကြောင်း လွှတ်တော်၌ ပြည်ထောင်စုစာရင်းစစ်ချုပ် တင်ပြ
ဒီဇင်ဘာ ၁၇ ရက် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းက ရှင်းလင်းတင်ပြစဉ်
ဒီဇင်ဘာ ၁၇ ရက် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းက ရှင်းလင်းတင်ပြစဉ်
Published 18 December 2019
စည်သူ၊ အောင်မင်းသိန်း    

ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံ ရဲတပ်ဖွဲ့လက်အောက်ရှိ ဟိုပန်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးနှင့် ရဲတပ်ဖွဲ့ သုံးခုတွင် ကျပ်သန်း ၆၁၀ ကျော် အလွဲသုံးစား ပြုလုပ်ထားသည်ကို စစ်ဆေးတွေ့ရှိရကြောင်း လွှတ်တော်၌ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းက တင်ပြခဲ့သည်။

ဒီဇင်ဘာ ၁၇ ရက်က ပြုလုပ်သည့် ပြည်ထောင်စု လွှတ်တော်အစည်းအဝေး တွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ပေးပို့သော ၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာအထိ ခြောက်လအတွက် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာနှင့်စပ်လျဉ်း၍ လွှတ်တော်သို့ ရှင်းလင်းတင်ပြရာတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းက အထက်ပါအတိုင်း ထည့်သွင်းတင်ပြခဲ့ခြင်းဖြစ်သည်။

“ ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် တွေ့ရှိရသည့် စစ်ဆေးတွေ့ရှိချက်များကို Power Point ဖြင့် တင်ပြထားပါတယ်။ အလွဲသုံးစားပြုငွေများဖြစ်သည့် ဟိုပန်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးတွင် ကျပ်သန်း ၄၀၇ ဒသမ ၄၀၉၊ အမှတ် ၄ လုံခြုံရေးရဲတပ်ဖွဲ့ခွဲ (ရွှေစာရံ) မန္တလေး ကျပ်သန်း ၈၇ ဒသမ ၈၉၄၊  အမှတ်-၃ ရဲလေ့ကျင့်ရေးသင်တန်းကျောင်း စစ်ကိုင်းမြို့ ကျပ်သန်း ၁၀၀ ဒသမ ၅၀၅၊  အမှတ်-၁ ရေနံမြေလုံခြုံရေး ရဲတပ်ဖွဲ့ခွဲ (ရေနံ ချောင်း) ကျပ်သန်း ၂၀ ဒသမ ၈၅၃ တို့တွင် ဟိုပန်ခရိုင် ရဲတပ်ဖွဲ့မှူးရုံး အလွဲသုံးစားပြုငွေ မှအပ ကျန်အလွဲသုံးစားပြုငွေများအား သက်ဆိုင်ရာငွေထုတ်စာရင်းများသို့  ပြန်လည်ပေးသွင်းပြီးဖြစ်ကြောင်း တွေ့ရှိရပါတယ်” ဟု ပြည်ထောင်စုစာရင်းစစ်ချုပ်က လွှတ်တော်၌ တင်ပြခဲ့သည်။

ဟိုပန်ခရိုင်ရဲတပ်ဖွဲ့မှူးရုံး၏ အလွဲသုံးစားပြုငွေများ ပြန်လည်ရရှိရေး ကြိုးပမ်းဆောင်ရွက်ရန်၊ ရုံးချုပ်နှင့် ဒေသအသီးသီးမှ ရုံးဌာနများ ဌာနတွင်း ကြီးကြပ်ကွပ်ကဲမှုစနစ် လိုက်နာဆောင်ရွက်နိုင်ရေး ကြီးကြပ်ကွပ်ကဲရန် လိုအပ်ကြောင်း ပြည်ထောင်စုစာရင်းစစ်ချုပ်က လွှတ်တော်၌ တင်ပြခဲ့သည်။

ပြည်ထောင်စုစာရင်းစစ်ချုပ်က “ ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၏ ကဝမြို့နယ် ကဒါက်စိန်နယ်မြေရဲစခန်း အချုပ်ပါ အဆောက်အအုံ တစ်လုံးဆောက်လုပ်ခြင်းလုပ်ငန်းတွင် ကျပ်သန်း ၁၉ ဒသမ ၀၇၆ အား ဘဏ္ဍာရေးနှစ်လွန် အသုံးစရိတ် စာရင်းတင်ဆောင်ရွက်ခဲ့ရာ ညွှန်ကြားချက်ပါအတိုင်း ၂၄.၆.၂၀၁၈ ခုနှစ်နေ့တွင် ပြီးစီးမှုမရှိကြောင်း တွေ့ရှိရသဖြင့် နောင်တွင် ညွှန်ကြားချက်များနှင့်အညီ စာရင်းတင် ဆောင်ရွက်စေရေး၊ စာချုပ်ပါ စည်းကမ်းချက်များနှင့်အညီ နောက်ကျ ဒဏ်ကြေးများရရှိစေရေး လုပ်ငန်းပြီးမြောက်မှု အာမခံအား နိုင်ငံတော်ရငွေအဖြစ် နှောင့်နှေးမှုမရှိစေရေးအတွက် ကြီးကြပ်ဆောင်ရွက်ရန် လိုအပ်ပါတယ်” ဟု လွှတ်တော်၌ ဆက်လက်တင်ပြခဲ့သည်။

ပြည်ထောင်စုစာရင်းစစ်ချုပ်၏ ၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာအထိ ခြောက်လ စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာနှင့်စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ ပထမတွဲ အမှတ်စဉ် (၁၆/ ၂၀၁၉) ကို ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဇလွန်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်းက လွှတ်တော်သို့ အဆိုပြု ဖတ်ကြားတင်သွင်းခဲ့သည်။

၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာအထိ ခြောက်လ စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာ နှင့်စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာပထမတွဲ အမှတ်စဉ် (၁၆/၂၀၁၉) အပေါ် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာနည်းဥပဒေ ၁၀၄၊ နည်းဥပဒေခွဲ (ဃ)၊ (င) များနှင့်အညီ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက ဆွေးနွေးလိုသည့်ဌာန၊ အဖွဲ့အစည်းအမည်ကို ဖော်ပြ၍ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၂၀ ရက် နောက်ဆုံးထား၍  ပြည်ထောင်စုလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်းနှင့် ကျန်ရှိသည့် အစီအစဉ်များကို ၁၅ ကြိမ်မြောက် ပုံမှန်အစည်းအဝေးကာလတွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က လွှတ်တော်၌ ကြေညာခဲ့သည်။

 

 

Most Read

Most Recent