၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာအထိ ခြောက်လအတွင်း ပြည်ထောင်စု၏ ရသုံးခန့်မှန်းခြေငွေ စာရင်းပါ သုံးငွေများကို အပြည့်အဝသုံးစွဲနိုင်မှု မရှိခြင်းကြောင့် ဝန်ကြီးဌာနများမှ ပြန်လည်အပ်နှံငွေ ကျပ် ၁၂၃၁ ဒသမ ၂၀၇ ဘီလျံရှိ

၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာအထိ ခြောက်လအတွင်း ပြည်ထောင်စု၏ ရသုံးခန့်မှန်းခြေငွေ စာရင်းပါ သုံးငွေများကို အပြည့်အဝသုံးစွဲနိုင်မှု မရှိခြင်းကြောင့် ဝန်ကြီးဌာနများမှ ပြန်လည်အပ်နှံငွေ ကျပ် ၁၂၃၁ ဒသမ ၂၀၇ ဘီလျံရှိ
Published 17 December 2019

၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာအထိ ခြောက်လအတွင်း ပြည်ထောင်စု၏ ရသုံးခန့်မှန်းခြေ ငွေစာရင်းပါ သုံးငွေများကို အပြည့်အဝသုံးစွဲနိုင်မှု မရှိခြင်းကြောင့် ဝန်ကြီးဌာနများက ပြန်လည်အပ်နှံငွေ  ကျပ် ၁၂၃၁ ဒသမ ၂၀၇ ဘီလျံရှိကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီထံမှ သိရသည်။

ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးက ပေးပို့သော ၂၀၁၈ ခုနှစ်၊ ဧပြီမှ စက်တင်ဘာအထိ ခြောက်လအတွက် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာနှင့်စပ်လျဉ်း၍ ဒီဇင်ဘာ ၁၇ ရက်က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးမော်သန်းက လွှတ်တော်သို့ ရှင်းလင်းတင်ပြခဲ့ပြီး ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ ပထမတွဲ (၁၆/၂၀၁၉) ကို ဖတ်ကြား တင်ပြခဲ့ခြင်း ဖြစ်သည်။

၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာအထိ ခြောက်လအတွင်း ပြည်ထောင်စု၏ ရသုံးခန့်မှန်းခြေ ငွေစာရင်းပါ သုံးငွေများကို အပြည့်အဝသုံးစွဲနိုင်မှု မရှိခြင်းကြောင့် ဝန်ကြီးဌာနများက ပြန်လည်အပ်နှံငွေ ကျပ် ၁၂၃၁ ဒသမ ၁၀၇ ဘီလျံအနက် အထွေထွေ ပိုလျှံရန်ပုံငွေစာရင်း အပ်နှံငွေမှ လွှဲပြောင်းသုံးစွဲမှုသည် ကျပ် ၂၈၉ ဒသမ ၂၁၆ ဘီလျံရှိသောကြောင့် အသားတင်အပ်နှံငွေ ကျပ် ၉၄၁ ဒသမ ၈၉၁ ဘီလျံဖြစ်ကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ အစီရင်ခံစာတွင် ပါရှိသည်။

ဆက်လက်ပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ပြန်လည်အပ်နှံငွေ ကျပ် ၁၇၂၁ ဒသမ ၄၅၉ ဘီလျံရှိပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ပြန်အပ်ငွေ ကျပ် ၂၅၁၄ ဒသမ ၂၈၈ ဘီလျံရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားကာ ခြောက်လအတွင်း ပြည်ပကြွေးမြီများ၏ နိုင်ငံနှင့် အဖွဲ့အစည်းအလိုက် လက်ကျန်အခြေအနေမှာ ကြွေးမြီလက်ကျန်ငွေ အမေရိကန်ဒေါ်လာ ၉၇၅၂ သန်းဖြစ်ကြောင်း ပြောကြားထားသည်။

နိုင်ငံအဖွဲ့အစည်းအလိုက် ကြွေးမြီလက်ကျန်မှာ ၂၀၁၈ ခုနှစ်၊ ဧပြီမှ စက်တင်ဘာအထိ ခြောက်လအတွင်း တရုတ်တွင် အမေရိကန် ဒေါ်လာ ၃၆၁၀ သန်း၊ ဂျပန်တွင် ဒေါ်လာ ၂၄၄၀ သန်း၊ IDA (ကမ္ဘာ့ဘဏ်)တွင် ဒေါ်လာ ၁၂၄၉ သန်း၊ ဂျာမနီတွင် ဒေါ်လာ ၇၃၈ သန်း၊ ADB တွင် ဒေါ်လာ ၅၆၄ သန်း၊ ပြင်သစ်တွင် ဒေါ်လာသန်း ၅၀၀၊ အိန္ဒိယတွင် ဒေါ်လာသန်း ၂၀၀ နှင့် အခြားကြွေးကျန် ဒေါ်လာ ၄၅၁ သန်းရှိကြောင်း သိရသည်။

ဆက်လက်ပြီး နှစ်စဉ် ဘတ်ဂျက်ပိုလျှံ ငွေမြောက်မြားစွာ ပြန်လည်အပ်နှံနေရခြင်းနှင့် စပ်လျဉ်း၍ တည်ဆဲ ဘဏ္ဍာရေးစည်းမျဉ်းများ၊ ညွှန်ကြားချက်များနှင့်အညီ အမှန််တကယ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့် လုပ်ငန်းများအတွက် အနီးစပ်ဆုံး ခန့်မှန်းတွက်ချက် တောင်းခံရန်နှင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် လျာထားသည့်အတိုင်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက သုံးသပ်ထားသည်။

ထို့ပြင် ကြွေးမြီရငွေကို နှစ်စဉ် ၅၀ ရာခိုင်နှုန်းခန့်သာ ဆောင်ရွက်နိုင်ခြင်းနှင့် စပ်လျဉ်း၍ ဌာနများအနေဖြင့် ရှင်းလင်းချက်များစွာ တွေ့ရှိရပြီး ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ စုစည်းချက်အရ ၁၅ ချက် ရှိသော်လည်း အဓိကအကြောင်းရင်းမှာ ချေးငွေစီမံကိန်းပါ လုပ်ငန်းရပ်များကို Work Plan အတိုင်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု မရှိခြင်းကြောင့်ပင် ဖြစ်ကြောင်းနှင့် မူလ Feasibility Study ပြုလုပ်စဉ်ကပင် ပြည့်စုံအောင် လေ့လာခြင်း၊ တွေ့ကြုံလာနိုင်သည့် အခက်အခဲနှင့် စိန်ခေါ်မှုများကို ထည့်သွင်း စဉ်းစားခြင်း၊ ပွင့်လင်းမြင်သာမှု ရှိခြင်းတို့ဖြင့် စနစ်တကျ လေ့လာသုံးသပ် ဆောင်ရွက်ရန် လိုအပ်ကြောင်း ကော်မတီက ပြောကြားထားသည်။

ဘတ်ဂျက်လိုငွေ ဖြစ်ပေါ်ခြင်းနှင့် စပ်လျဉ်း၍ မူလကပင် နိုင်ငံတော်၏ အခြေခံ အဆောက်အအုံများ တည်ဆောက်ရေး၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် လိုငွေပြ ဘတ်ဂျက်ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်းနှင့် အသုံးစရိတ်များ ကျခံသုံးစွဲရာတွင် နိုင်ငံတော်၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးစား ပေး အစီအစဉ်အရ အမှန်တကယ် သုံးစွဲရန် လိုအပ်သော အသုံးစရိတ်များကိုသာ စိစစ်သုံးစွဲခြင်း၊ မလိုလားအပ်သော လေလွင့်ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးအတွက် စိစစ်သုံးစွဲခြင်း၊ နိုင်ငံနှင့် ပြည်သူများအတွက် အမှန်တကယ် ထိရောက်အကျိုးရှိစေသော အသုံးစရိတ်များ ဖြစ်စေရေး စိစစ်သုံးစွဲခြင်းနှင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူ့ဘဏ္ဍာငွေများဖြင့် ကျခံသုံးစွဲ ဆောင်ရွက်ရခြင်းဖြစ်၍ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူ၊ တာဝန်ခံမှုရှိရှိ သုံးစွဲဆောင်ရွက်ခြင်းတို့ဖြင့် စိစစ်သုံးစွဲ ဆောင်ရွက်ရန် လိုအပ်ကြောင်း အစီရင်ခံစာတွင် ပါရှိသည်။

လိုငွေပြ ဘတ်ဂျက်ရေးဆွဲ ဆောင်ရွက်လျက်ရှိရာတွင် နှစ်စဉ်ပင် ရည်မှန်းချက်ပြည့်မီအောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု မရှိခြင်းသည် ကြွေးမြီခံနိုင်ရည်ရှိမှုကို အထောက်အကူ မဖြစ်စေနိုင်သည့်အပြင် နိုင်ငံတော်၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်ကိုပါ ထိခိုက်နိုင်စေကြောင်း သုံးသပ်ရရှိသည်ဟု ငွေစာရင်းပူးပေါင်းကော်မတီက ပြောကြားထားသည်။