အဖွဲ့ဝင် ၄၅ ဦးဖြင့် ဖွဲ့စည်းခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်းကော်မတီမှ ပြည်ခိုင်ဖြိုးပါတီဝင် နှစ်ဦး ထပ်မံနုတ်ထွက်

အဖွဲ့ဝင် ၄၅ ဦးဖြင့် ဖွဲ့စည်းခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်းကော်မတီမှ ပြည်ခိုင်ဖြိုးပါတီဝင် နှစ်ဦး ထပ်မံနုတ်ထွက်
Published 17 December 2019
စည်သူ၊ အောင်မင်းသိန်း

ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ဖြင့် ဖွဲ့စည်းခဲ့သော အဖွဲ့ဝင် ၄၅ ဦးဖြင့် ဖွဲ့စည်းထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်းကော်မတီမှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် လွှတ်တော်ကိုယ်စားလှယ် နှစ်ဦး ထပ်မံ နုတ်ထွက်ခဲ့ကြောင်း သိရသည်။

အဖွဲ့ဝင် ၄၅ ဦး ပါဝင်သည့် ပူးပေါင်းကော်မတီမှ ရခိုင်အမျိုးသားပါတီမှ ကိုယ်စားလှယ်နှစ်ဦး၊ အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီမှ ကိုယ်စားလှယ်တစ်ဦး အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်ထားပြီး ဒူးလေးပါတီ ကိုယ်စားပြု ကိုယ်စားလှယ်တစ်ဦးသည်လည်း  ပါတီမှ နုတ်ထွက်လိုက်ခြင်းကြောင့် ကော်မတီတွင် ကိုယ်စားပြုပါဝင်ခြင်း မရှိတော့သလို လက်ရှိတွင်လည်း ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စားလှယ် နှစ်ဦးက ထပ်မံ နုတ်ထွက်ခဲ့ခြင်း ဖြစ်သည်။

စုဆောင်းရရှိသည့်အချက် ၃၇၆၅ ချက်ကို မည်သို့ ပူးပေါင်းဆောင်ရွက်မလဲ ဆိုသည်ကို ပြည်သူလူထုက စိတ်ဝင်စားခဲ့သော်လည်း လက်ရှိအခြေအနေတွင် ယင်းအချက်များကို မဲခွဲဆုံးဖြတ်ပြီး ယူနေသည့်အတွက် လူဦးရေ အများကြီး ပါဝင်သည့်ပါတီ နှင့် တစ်ဦးတည်း ပါဝင်သည့် ပါတီများက ဆန္ဒပြုကြသည့်အချိန်တွင် မည်သို့မျှ တစ်ဦးတည်း ပါဝင်သည့်ပါတီက အနိုင်ရလေ့ မရှိကြောင်း ပူးပေါင်းကော်မတီမှ နုတ်ထွက်ခဲ့သည့် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ် ဦးဆီဟူးဒွေ့က ပြောကြားသည်။

“ကျွန်တော်တို့ ဖြစ်စေချင်တာကတော့ ပူးပေါင်းကော်မတီရဲ့ မူကြမ်းဟာ ကျွန်တော်တို့ ပူးပေါင်းကော်မတီဝင် အကုန်လုံးက ဆွေးနွေးပြီးမှရရှိတဲ့ မူကြမ်း ဖြစ်စေချင်ပါတယ်။ အဲဒီတော့ ကနေ့ လက်ရှိအခြေအနေမှာ ဒီပူးပေါင်းကော်မတီဝင်အားလုံးရဲ့ သဘောထားမူကြမ်း ထွက်လာဖို့ဆိုတာ မျှော်လင့်ချက် မရှိပါဘူး။  ဒါက တစ်ချက်ပေါ့။ ဒုတိယအချက် အနေနဲ့ ကျွန်တော်တို့ ဘာတွေ့ရသလဲဆို တော့  ကျွန်တော်တို့ကို ဖွဲ့စည်းမိန့်ပူးပေါင်း ပြင်ဆင်ရေးဖွဲ့စည်းမိန့်ပေးတဲ့ထဲမှာ အပိုဒ် ၅(စ)မှာ ကျွန်တော်တို့ ဥပဒေပညာရှင်တွေ၊ ဝန်ကြီးဌာနတွေ၊ ဌာနဆိုင်ရာတွေ ပြီးတော့ အဖွဲ့အစည်းတွေကို ကျွန်တော်တို့ အကြံဉာဏ်တောင်းခံဖို့ ပါပါတယ်။ ကနေ့အချိန်အထိ ဒီအစီအစဉ်တွေကို လုပ်ဆောင်တာ မတွေ့ရပါဘူး။ ဒါကြောင့် ကျွန်တော်တို့ အနေနဲ့ ဒီအချိန်မှာ ပူးပေါင်းကော်မတီအနေနဲ့ မူကြမ်းထွက်ဖို့ဆိုတာ ကျွန်တော်တို့ ထင်ထားသလို ဖြစ်မလာတော့ပါဘူး” ဟု ဦးဆီဟူးဒွေ့က ပြောကြားသည်။

မိမိတို့အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဥပဒေနှင့်အညီ မြန်မြန်ဆန်ဆန် ပြင်ချင်ပြီး  ဥပဒေနဲ့အညီ တင်ထားသည့် မူကြမ်းများကိုလည်း အမြန်ဆုံးဆောင်ရွက်ပေးရန် ဆန္ဒရှိကြောင်း ဦးဆီဟူးဒွေ့က ပြောကြားသည်။

ဦးဆီဟူးဒွေ့က “ပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာမူကြမ်းဆိုတာ ပူးပေါင်းကော် မတီဝင်အားလုံးရဲ့ ဆန္ဒသဘောထားပါဝင် နေရပါမယ်။ အခု ကျွန်တော်တို့ လက်ရှိ ကြုံတွေ့နေရတဲ့ အခြေအနေ အနေအထား အရဆိုရင်တော့ ပူးပေါင်းကော်မတီ ထွက် လာမယ့်အစီရင်ခံစာဟာ ပူးပေါင်းကော်မ တီဝင်အားလုံးရဲ့ ဆန္ဒမဟုတ်ဘူးဆိုတဲ့ဟာကို ကျွန်တော်တို့သိရတဲ့အတွက်ကြောင့် နုတ် ထွက်တာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

လွှတ်တော်တွင် ကော်မတီများ၊ ကော်မ ရှင်များ ဖွဲ့စည်းပြီး ဆောင်ရွက်ခြင်းသည် လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများ နှင့်အညီ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ယင်း ကော်မတီ ကော်မရှင်များတွင် ပါဝင်ဆောင် ရွက်ခွင့်ရှိသလို နုတ်ထွက်ခွင့်လည်းရှိကြောင်း၊ လွှတ်တော်ကိုယ်စားလှယ် အဖြစ်ကနေမှ မိမိ ၏ သဘောဆန္ဒအရ နုတ်ထွက်၍လည်းရကြောင်း ပူးပေါင်းကော်မတီအတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက ပြောကြားသည်။

“အခုဟာကလည်း မိမိတို့ရဲ့ ဆန္ဒအလျောက်၊ သဘောထားအလျောက် ဆိုပြီးတော့ တင်ပြလာတာ ဖြစ်ပါတယ်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ကိုယ်စားပြုကော်မတီဝင် နှစ်ဦးက။ ဒါလည်း သူတို့မှာ အခွင့်အရေးလည်း ရှိပါတယ်။ နုတ်ထွက်ပိုင်ခွင့်လည်း ရှိပါတယ်။ ကျွန်တော်တို့ ကော်မတီကတော့ ဆက်ပြီးတော့ လွှတ်တော်က ပေးအပ်တဲ့တာဝန်တွေကို ပြီးဆုံးတဲ့အထိ ဆက်လက် ဆောင်ရွက်သွားဖို့ပဲ ဖြစ်ပါတယ်။ မနေ့ကလည်း အားလုံးသတင်းထုတ်ပြန်ပြီးသား ဖြစ်ပါတယ်။ အခန်း ၈ အထိ ပြီးပါပြီ။ ပြောရမယ်ဆိုရင် အခု အခန်း ၉ ကို ဆောင်ရွက်နေပါပြီ။ ဆောင်ရွက်နေတဲ့ အခါကျတော့ ပုဒ်မပေါင်း ၄၅၇ ခု ရှိတဲ့အထဲမှာ ပုဒ်မ ၄၀၀ လောက်ကို ကျွန်တော်တို့ ဆောင်ရွက်ပြီးစီးတဲ့ အနေအထား ဖြစ်ပါတယ်” ဟု ဒေါက်တာမြတ်ဉာဏစိုး က ပြောကြားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လုပ်ဆောင်ရာတွင် မိမိတို့သည် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးကို စနစ်တကျသွားရန်အတွက် Time Frame များ၊ Work Plan များ လိုအပ်ကြောင်း ပူးပေါင်းကော်မတီဝင် တပ်မတော်သားကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး မျိုးထက်ဝင်းက ပြောကြားသည်။

ဒုတိယဗိုလ်မှူးကြီး မျိုးထက်ဝင်းက           “လက်ရှိ အနေအထားမှာတော့ အဲဒါတွေကို သိပ်မတွေ့ရဘူး ဖြစ်နေတယ်။ သိပ်မတွေ့ရတဲ့ အခါကျတော့ ဒီလိုလုပ်မယ်လို့ပြောလိုက်တယ်။ နောက်ကျရင် နောက်တစ်မျိုး ဖြစ်သွားရော။ ဒါမျိုးတွေဖြစ်လာတယ်။ အဲဒီတော့ ကျွန်တော်တို့က အစီအစဉ်မကျတဲ့ လုပ်ဆောင်မှုပုံစံမျိုးကို သွားတွေ့နေရပါတယ်။ ဒါဟာလည်း တကယ်တမ်း ပြောကြေးဆိုရင် ဒီလောက်အရေးကြီးတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ကိစ္စတွေမှာ ဒါဟာ အားနည်းသွားစေတယ်လို့ ကျွန်တော်တို့ကတော့ မြင်ပါတယ်” ဟု ပြောကြားသည်။

ပူးပေါင်းကော်မတီမှ ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်နှစ်ဦး ထပ်မံနုတ်ထွက်သွားခြင်းကြောင့် တပ်မတော်သားများ အနေဖြင့် ကော်မတီဝင် ဆက်လက်ပါဝင်ဖို့ ရှိလားဆိုသည့် မေးမြန်းမှုကို “ကျွန်တော်တို့ကတော့ အခုလက်ရှိ အနေအထားအထိလည်း ပူးပေါင်း ဆောင်ရွက်ခြင်း လုပ်နေပါတယ်။ ဝင်ရောက် ပြီးတော့မှ ပူးပေါင်း ဆောင်ရွက်နေပါတယ်။ တက်ပေးနေပါတယ်။ အဲဒီအတိုင်း လုပ်နေပါတယ်။ ဒါ ကျွန်တော်တို့ရဲ့ ရပ်တည်ချက်ပါပဲ။ ဟိုဘက်က လုပ်စရာရှိတာ လုပ်တယ်။ ပြီးရင် သွားစရာရှိတာ သွားမယ်။ ကျွန်တော် တို့လည်း ဒီဘက်က ပူးပေါင်းဆာင်ရွက်မှု လုပ်ပေးနေတာ ရှိပါတယ်။ ဒီနေ့ ဒီရက် ဒီအချိန်အထိလည်း ကျွန်တော်တို့ ဒီအတိုင်းပဲ သွားပါတယ်။ ဒီနေ့လည်း ကျွန်တော်တို့ အစည်းအဝေးရှိပါတယ်”ဟု ဒုတိယဗိုလ်မှူးကြီး မျိုးထက်ဝင်းက ပြန်လည်ဖြေကြားသည်။