အချင်းချင်းစိတ်ဝမ်းကွဲမှုကို လက်နက်ကိုင် ဖြေရှင်းခြင်း မပြုဘဲ စကားဝိုင်းဖြင့် တွေ့ဆုံဆွေးနွေး အဖြေရှာသည့် ယဉ်ကျေးမှုကို ကျင့်သုံးသင့်ကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား

အချင်းချင်းစိတ်ဝမ်းကွဲမှုကို လက်နက်ကိုင် ဖြေရှင်းခြင်း မပြုဘဲ စကားဝိုင်းဖြင့် တွေ့ဆုံဆွေးနွေး အဖြေရှာသည့် ယဉ်ကျေးမှုကို ကျင့်သုံးသင့်ကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား
မကွေးတိုင်းဒေသကြီးရှိ ဒေသခံတိုင်းရင်းသားများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များနှင့် ပြည်ထောင်စုဝန်ကြီး တွေ့ဆုံမှုအား တွေ့ရစဉ် (Photo : MOI)
မကွေးတိုင်းဒေသကြီးရှိ ဒေသခံတိုင်းရင်းသားများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များနှင့် ပြည်ထောင်စုဝန်ကြီး တွေ့ဆုံမှုအား တွေ့ရစဉ် (Photo : MOI)
Published 17 December 2019
ဆန်းထူးအောင်

အချင်းချင်းစိတ်ဝမ်းကွဲမှုကို လက်နက်ကိုင် ဖြေရှင်းခြင်း မပြုဘဲ စကားဝိုင်းဖြင့် တွေ့ဆုံဆွေးနွေး အဖြေရှာသည့် ယဉ်ကျေးမှုကို ကျင့်သုံးသင့်ကြောင်း တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က ပြောကြားသည်။

ဒီဇင်ဘာ ၁၄ ရက် နေ့လယ်တွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ မကွေးတိုင်းဒေသကြီးရှိ ဒေသခံ တိုင်းရင်းသားများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များနှင့် ပြည်ထောင်စုဝန်ကြီး နိုင်သက်လင်တို့ တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေ၏ ရည်ရွယ်ချက်အရ တိုင်းရင်းသား လူမျိုးအားလုံး နိုင်ငံသား အခွင့်အရေးများ ရရှိစေပြီး တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေးများကို ဥပဒေနှင့်အညီ အပြည့်အဝ ရရှိခံစားနိုင်ရေး အပါအဝင် တိုင်းရင်းသားစာပေ ယဉ်ကျေးမှု ဓလေ့ထုံး တမ်းလူမျိုး မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရမည် ဖြစ်ကြောင်း၊ တိုင်းရင်းသားလူငယ်များ စာတတ်ပညာတတ်ကြမှသာ အတွေးအခေါ် မှန်ကန်ပြီး ကိုယ့်အကျိုး အများအကျိုး ခွဲခြားနိုင်၍ မှန်ကန်မြင့်မြတ်သော စိတ်ထားဖြင့် တိုင်းရင်းသား အားလုံးအတွက် တန်းတူညီမျှသော အကျိုးကို ရှေ့တိုးဖော်ဆောင် နိုင်မည်ဖြစ်ကြောင်း၊ အချင်းချင်း စိတ်ဝမ်းကွဲပြားမှုများကို လက်နက်ကိုင်ဖြေရှင်းခြင်းမပြုဘဲ စကားဝိုင်းဖြင့် တွေ့ဆုံဆွေးနွေး အဖြေရှာကြသည့် ယဉ်ကျေးမှုကို ကျင့်သုံး၍ မိမိတို့အချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် ညှိနှိုင်းတိုင်ပင်ကာ ပြည်ထောင်စုစိတ်ဓာတ် မွေးမြူကြမှသာ ငြိမ်းချမ်းမှု ရရှိနိုင်မည် ဖြစ်ကြောင်း၊ မည်သည့်ဒေသတွင် ရောက်ရှိနေထိုင်ကြသည်ဖြစ်စေ တိုင်းရင်းသား လူမျိုးများ အချင်းချင်း နားလည်မှု ချစ်ခင်မှု အပြန်အလှန် ရိုင်းပင်းကူညီမှုရှိမှသာ ထာဝစဉ်ငြိမ်းချမ်းသည့် ဟန်ချက်ညီသော ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ရရှိနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့ပြင် တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်သည် ဒီဇင်ဘာ ၁၄ ရက်တွင် မကွေးတိုင်းဒေသကြီး မကွေးမြို့ မင်းကံကြီးရပ်ကွက် အနော်ရထာလမ်းရှိ တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန မကွေးတိုင်းဒေသကြီး ဦးစီးဌာန ညွှန်ကြားရေးမှူရုံး တည်ဆောက်မည့် မြေနေရာသို့ ရောက်ရှိပြီးရုံး အဆောက်အအုံ တည်ဆောက်နိုင်ရေးအတွက် မြေပြင်အခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက ရုံးအဆောက်အအုံ ဆောက်လုပ်ရန် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ ရရှိပြီးဖြစ်၍ ရုံးအဆောက်အအုံ ဆောက်လုပ်ရေးနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ အပ်နှံထားပြီး ဖြစ်ပါကြောင်း၊ ပြည်သူ့ဘဏ္ဍာငွေကို အကျိုးရှိ ထိရောက်စွာ အသုံးချသည့် အစီအမံများဖြစ်သည့် တိကျစွာ သိရှိဆုံးဖြတ်နိုင်မှု၊ အရည်အသွေးနှင့်စံကို ကြိုတင်သတ်မှတ်နိုင်မှု၊ သတ်မှတ်သည့် လိုအပ်ချက်များနှင့် ကိုက်ညီမှု၊ အရည်အသွေး အဆင့်အတန်းမီမှု၊ ရေရှည်ထိန်းသိမ်းမှုစနစ်၊ ဘတ်စုံထောင့်စုံက ဆန်းစစ်ခြင်း၊ နားလည်တတ်ကျွမ်းသူများ၏ အကူအညီရယူခြင်း စသည်တို့ မှာကြားခဲ့ကြောင်း သိရသည်။