ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍ လူမျိုး၊ ပြည်နယ်၊ ဒေသ၊ အဖွဲ့အစည်း တစ်ခုတည်းကိုသာ မကြည့်ဘဲ We Are Myanmar ဆိုသည့် တစ်ပေါင်းတစ်စည်းတည်း စိတ်များဖြင့် ညှိနှိုင်းဆွေးနွေးမှသာလျှင် အလုပ်ဖြစ်နိုင်မည်ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ပြောကြား

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍ လူမျိုး၊ ပြည်နယ်၊ ဒေသ၊ အဖွဲ့အစည်း တစ်ခုတည်းကိုသာ မကြည့်ဘဲ We Are Myanmar ဆိုသည့် တစ်ပေါင်းတစ်စည်းတည်း စိတ်များဖြင့် ညှိနှိုင်းဆွေးနွေးမှသာလျှင် အလုပ်ဖြစ်နိုင်မည်ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ပြောကြား
Published 16 December 2019
မင်းနိုင်စိုး

ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေး အဖြေရှာသည့် အခါတွင် လူမျိုး၊ ပြည်နယ်၊ ဒေသ၊ အဖွဲ့အစည်း တစ်ခုတည်းကို သာမကြည့်ဘဲ We Are Myanmar ဆိုသည့် တစ်ပေါင်းတစ်စည်းတည်း စိတ်များဖြင့် ညှိနှိုင်းဆွေးနွေးမှသာလျှင် အလုပ်ဖြစ်နိုင်မည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

တပ်မတော် (လေ) ၏ (၇၂) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားနှင့် တိုက်ခိုက်ရေး လေယာဉ်၊ ရဟတ်ယာဉ်များ တပ်တော်ဝင်ခြင်း အခမ်းအနားကို ဒီဇင်ဘာ ၁၅ ရက် နံနက်ပိုင်းတွင် မိတ္ထီလာတပ်နယ်ရှိ လေကြောင်း အတတ်သင် လေတပ်စခန်း ဌာနချုပ်တွင် ပြုလုပ်ခဲ့ပြီး အဆိုပါ အခမ်းအနားတွင် အမှာစကား ပြောကြားရာ၌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထိုသို့ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

တပ်မတော်အနေဖြင့် ဒေသခံတိုင်းရင်းသား ပြည်သူများ၏ ငြိမ်းချမ်းရေးအပေါ် မျှော်လင့်ချက်၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ပါဝင်ပတ်သက်နေသည့် အဖွဲ့အစည်းအားလုံး ယုံကြည်မှု မြင့်မားစွာဖြင့် ဆောင်ရွက်နိုင်ရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာနတို့နှင့် လက်ရှိဆွေးနွေးဆဲ အခြေအနေများ ဆက်လက် ဆောင်ရွက်နိုင်ရေးတို့အတွက် မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ် သမိုင်းတွင် တစ်ကြိမ်မျှ မရရှိခဲ့ဖူးသည့် တစ်ဖက်သတ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးအား တိုုင်းစစ်ဌာနချုပ် နယ်မြေငါးခုတွင် ကိုးလကြာ ရပ်ဆိုင်းပေးခဲ့ကြောင်း၊ တွေ့ဆုံဆွေးနွေး အဖြေရှာသည့် အခါတွင် မိမိလူမျိုး၊ ပြည်နယ်၊ ဒေသ၊ အဖွဲ့အစည်း တစ်ခုတည်းအတွက်ကိုသာ မကြည့်ဘဲ ပြည်ထောင်စုဆိုသည့် We Are Myanmar ဆိုသည့် တစ်ပေါင်းတစ်စည်းတည်း စိတ်များဖြင့် ညှိနှိုင်းဆွေးနွေးသွားမှသာလျှင် အလုပ်ဖြစ်နိုင်မည်ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားပြီး တည်ငြိမ်အေးချမ်းမှု မရှိသည့်အတွက် ဖွံ့ဖြိုးတိုးတက်မှု ဆောင်ရွက်နိုင်ခြင်း မရှိဘဲ အာဆီယံအသိုက်အဝန်းတွင် နောက်ကျကျန်လျက် ရှိနေသည်ကို တွေ့ကြရမည် ဖြစ်ကြောင်း၊ အတိတ်ကို လက်ညှိုးထိုးပြီး အပြစ်ရှာနေခြင်းထက် အတိတ်အပေါ် သင်ခန်းစာ ဖော်ထုတ်ပြီး နိုင်ငံတိုးတက် ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်သွားကြရမည့်အချိန် ရောက်နေပြီ ဖြစ်သည်ဟု ပြောကြားလိုကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

လက်ရှိကာလတွင် နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်မှုယန္တရား၊ လမ်းပန်းဆက်သွယ်ရေး၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်စိမ်နှင့် အကျိုးစီးပွားများကို အကြမ်းဖက်တိုက်ခိုက်မှုများ၊ တရားမဝင် လက်နက်ကုန်သွယ်မှုများ၊ မူးယစ်ဆေးဝါး ရောင်းဝယ်မှုများ၊ သစ်ခိုးထုတ်မှုများ စသည့် သမားရိုးကျ မဟုတ်သည့် စိန်ခေါ်မှုများသည် ပြည်တွင်းငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအပေါ် ခြိမ်းခြောက်လျက် ရှိကြောင်းလည်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြောကြားခဲ့သည်။

ထို့ပြင် မီးဘေး၊ ရေဘေး၊ လေဘေး၊ မိုးကြိုးဘေး၊ ငလျင်ဘေး၊ ဆူနာမီဘေး၊ မြေပြိုဘေး၊ မိုးခေါင်ရေရှားဘေး စသည့် သဘာဝဘေးအန္တရာယ် ကျရောက်မှုများကလည်း ပြည်သူလူထု လုံခြုံမှုအပေါ် ခြိမ်းခြောက်လျက်ရှိကြောင်း၊ လူသားချင်း စာနာထောက်ထားမှုနှင့် ဘေးအန္တရာယ် ကယ်ဆယ်ရေး (Humanitarian Assistance and Disaster Relief) လုပ်ငန်းများ ဆောင်ရွက်ရာတွင် တပ်မတော်အနေဖြင့် စနစ်တကျ ဖွဲ့စည်းထားသော အဖွဲ့အစည်း ဖြစ်သည့်အတွက် အားသာသည့် အဖွဲ့အစည်း တစ်ခုဖြစ်ကြောင်း၊ တပ်မတော်၏ အဓိက လုပ်ငန်းတာဝန်ကြီး သုံးရပ်တွင်လည်း ပြည်သူ့အကျိုးပြု လုပ်ငန်းတာဝန် လုပ်ဆောင်ရန်ဟူ၍ ပါဝင်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင်လည်း နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် ဘေးအန္တရာယ် ကျရောက်လာလျှင် တပ်မတော်က ကူညီဆောင်ရွက်ရမည်ဟု ပါရှိကြောင်းလည်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

တပ်မတော် (လေ) သည် ပြည်သူ့အကျိုး ပြုလုပ်ငန်းများ၊ သဘာဝဘေး အန္တရာယ် ကယ်ဆယ်ရေးလုပ်ငန်းများ၊ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် အတွေ့အကြုံပေါင်း မြောက်မြားစွာ ရရှိထားပြီး သဘာဝဘေးအန္တရာယ် ဆိုသည်မှာ အချိန်အခါမရွေး ဖြစ်ပေါ်နိုင်ခြင်းကြောင့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်စေရန် ပူးတွဲလေ့ကျင့်ခန်းများ အမြဲမပြတ် ပြုလုပ်နေရန် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်းခဲ့သည်။