မြန်မာနိုင်ငံတွင် စနစ်ကျသည့် မြို့ပြများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာစေရန် မြို့ပြဥပဒေများ ပြဋ္ဌာန်းဆောင်ရွက်နိုင်ရန် လိုအပ်လျက်ရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြောကြား

မြန်မာနိုင်ငံတွင် စနစ်ကျသည့် မြို့ပြများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာစေရန် မြို့ပြဥပဒေများ ပြဋ္ဌာန်းဆောင်ရွက်နိုင်ရန် လိုအပ်လျက်ရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြောကြား
Published 16 December 2019
နေရိုင်း

မြန်မာနိုင်ငံတွင်စနစ်ကျသည့် မြို့ပြများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာစေရန် မြို့ပြဥပဒေများ ပြဋ္ဌာန်းဆောင်ရွက်နိုင်ရန် လိုအပ်လျက်ရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ပြောကြားသည်။

ဒီဇင်ဘာ ၁၆ ရက်က နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ကျင်းပသည့် အမျိုးသားမြို့ပြမူဝါဒချမှတ်ရေး ညီလာခံမိန့်ခွန်းပြောရာတွင် ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ကမ္ဘာ့နိုင်ငံအသီးသီးမှာရော မြန်မာနိုင်ငံမှာပါ ကျေးလက်မှမြို့ပြသို့ ပြောင်းရွှေ့အခြေချနေထိုင်မှုနဲ့ မြို့ပြကြီးထွားလာမှု၊ လူဦးရေတိုးတက်များပြားလာမှုများကြောင့် ရေ၊ လျှပ်စစ်မီး၊ လမ်း၊ ရေမြောင်း၊ အမှိုက်သိမ်းစနစ် စတဲ့ အခြေခံအဆောက်အအုံ မလုံလောက်မှုများ၊ အထူးသဖြင့် ပျံကျနေထိုင်မှုများ၊ နည်းစနစ်မကျတဲ့ မြို့ပြချဲ့ထွင်မှုများအပြင် သဘာဝဘေးအန္တရာယ်များကိုလည်း ရင်ဆိုင်ကြုံ တွေ့နေရပါတယ်။  သို့သော်လည်း မြို့ပြစီမံအုပ်ချုပ်မှုနဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ၊ ပြည်သူတို့၏နေထိုင်မှုနဲ့ ဘေးကင်းလုံခြုံရေးအတွက် အစီအမံများဟာ ပြောင်းလဲမြန်ဆန်နေတဲ့ အခြေအနေများအပေါ် ကိုင်တွယ်ဖြေရှင်းနိုင်ခြင်းမရှိဘဲ နိုင်ငံတကာမှာကဲ့သို့ လိုအပ်ချက်များစွာရှိနေတာကို အားလုံးမြင်တွေ့နေကြရပါတယ်။ မြန်မာနိုင်ငံမှာ စနစ်ကျတဲ့မြို့ပြများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာစေရန် မြို့ပြဥပဒေများ ပြဋ္ဌာန်းဆောင်ရွက်ရန် လိုအပ်လျက်ရှိပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

မြန်မာနိုင်ငံတစ်ဝန်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ သင့်တော်ကောင်းမွန်သည့် မြေအသုံးချမှု၊ ဘေးဒဏ်ကြံ့ခိုင်မှုနှင့် ရေရှည်ရှင်သန်ဖွံ့ဖြိုးမှုကို ရရှိစေမည့် မြို့ပြများ ဘက်ညီမျှတစွာ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ မြို့ပြနှင့် ကျေးလက်များ၊ မြို့အချင်းချင်းများ ကွန်ရက်ချိတ်ဆက်မှု အားကောင်းလာစေရန် လျော်ကန်သည့် မြို့ပြမူဝါဒများ ချမှတ်ရန်လည်း အထူးလိုအပ်ကြောင်း ၎င်းက ဆိုသည်။

ပြည်ထောင်စုဝန်ကြီးက “အမျိုးသားမြို့ ပြမူဝါဒကို နိုင်ငံတော်အစိုးရမှ ဦးစီး၍ အမှန်တကယ်အကောင်အထည်ဖော်နိုင်မည့် လုပ်ငန်းအစီအစဉ်များနှင့် ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များ၊ ဘာသာရပ်ဆိုင်ရာ အသင်းအဖွဲ့များ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ကျွမ်းကျင်ပညာရှင်များ စတဲ့ Stakeholder အားလုံး အတူတကွ ပူးပေါင်းပါဝင်ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ထို့အတွက် အမျိုးသားမြို့ပြမူဝါဒချမှတ်ရေးဆွဲ ရေးဦးဆောင်အဖွဲ့ဖြစ်သည့် အမျိုးသားမြို့ပြ မူဝါဒရေးဆွဲရေးကော်မတီကို ပြည်ထောင်စုအစိုးရအဖွဲ့၏ အမိန့်ကြော်ငြာစာအမှတ် (၆၂/ ၂၀၁၉)ဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီး ဆွေးနွေးပွဲများ ကျင်းပခြင်း၊ ယခုကဲ့သို့ အများပါဝင်သော ညီလာခံများကျင်းပ၍ ဆွေးနွေးခြင်းတို့ဖြင့် ခိုင်မာ၍ လက်တွေ့ကျသော အမျိုးသားမြို့ပြမူဝါဒနှင့် မြို့ပြဖွံ့ဖြိုးရေးမဟာဗျူဟာများ၊ ဦးစားပေး အကောင်အထည်ဖော်ဆောင်ရွက်ရမည့် Action Plan များကို အပြီးသတ်ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ပြောကြားသည်။

မြန်မာနိုင်ငံ၏ မြို့ပြသုတေသနစစ်တမ်းအရ မြို့ပြနေထိုင်သူ လူဦးရေသည် ၂၀၁၄ ခုနှစ်တွင် ၁၅ ဒသမ ၄ သန်းကျော်ရှိရာမှ ၂၀၃၀ ပြည့်နှစ်တွင် သန်း ၂၀ ခန့်အထိ တိုးတက်ရောက်ရှိလာမည်ဟု ခန့်မှန်းထားပြီး မက်ကင်းသုတေသနအဖွဲ့၏ လေ့လာသုံးသပ်ချက်များအရ မြန်မာနိုင်ငံတွင် လူဦးရေ နှစ်သိန်းအထက်ရှိသော မြို့ကြီးများတွင် နေထိုင်သူဦးရေသည် ၂၀၃၀ ပြည့်နှစ်တွင် နှစ်ဆတိုးလာနိုင်ကြောင်း တွက်ချက်ထားခြင်းကြောင့်  မြို့ပြများဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ် ၂၀ အတွင်း အမေရိကန်ဒေါ်လာ ၁၄၆ ဘီလီယံ ရင်းနှီးမြှုပ်နှံရန်လိုအပ်သည့်အတွက် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ခုနစ်ဘီလျံခန့် ရင်းနှီးမြုပ်နှံရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။