ဖွဲ့စည်းပုံပြင်ဆင်ရေး ၄၅ ဦး ကော်မတီ၏ အစည်းအဝေးများကို တိုက်ရိုက် ထုတ်လွှင့့်ပြသပေးရန် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်၏ ဆွေးနွေးမှုသည် ကော်မတီအပေါ် ပုတ်ခတ်ပြောသည့်သဘော သက်ရောက်နေသဖြင့် လွှတ်တော်မှတ်တမ်းမှ ထုတ်ပယ်ပေးရန် NLD လွှတ်တော်ကိုယ်စားလှယ် တင်ပြ

ဖွဲ့စည်းပုံပြင်ဆင်ရေး ၄၅ ဦး ကော်မတီ၏ အစည်းအဝေးများကို တိုက်ရိုက် ထုတ်လွှင့့်ပြသပေးရန် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်၏ ဆွေးနွေးမှုသည် ကော်မတီအပေါ် ပုတ်ခတ်ပြောသည့်သဘော သက်ရောက်နေသဖြင့် လွှတ်တော်မှတ်တမ်းမှ ထုတ်ပယ်ပေးရန် NLD လွှတ်တော်ကိုယ်စားလှယ် တင်ပြ
Published 13 December 2019

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ၄၅ ဦးကော်မတီ၏ အစည်းအဝေး ဆောင်ရွက်နေမှုများကို Live (တိုက်ရိုက်) လွှင့်ပြသပေးရန် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး ဉာဏ်ရွှေက ပြောကြားသည်။

ကရင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၅) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းသန်းနိုင် အပါအဝင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၁၄၅ ဦး တင်ပြထားသော ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာအပေါ် ဒီဇင်ဘာ ၁၁ ရက်က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

“တိုင်းရင်းသား ပြည်သူလူထု တစ်ရပ်လုံး ၄၅ ဦး ကော်မတီရဲ့ လုပ်ဆောင်ချက်တွေ ဘယ်လိုတွေ ဆောင်ရွက်နေတယ်ဆိုတာ သိအောင်ဖော်ပြဖို့ ဆန္ဒများ ရှိမလားလို့ပါ။ ဆောင်ရွက်ချက်များနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာမှု ရှိအောင် တိုင်းရင်းသားများအရေး ဦးစားပေးတယ် ဆိုတာလဲ ပေါ်လွင်လာအောင် ယခုဆွေးနွေးနေတဲ့ ၄၅ ဦး ကော်မတီ ရဲ့ နေ့စဉ်အစည်းအဝေး ဆောင်ရွက်နေမှုများကို သတင်းယူခွင့် ပြုလိုက်ရင် တစ်နိုင်ငံလုံး စောင့်ကြည့်နေတဲ့ ပြည်သူလူထု တစ်ရပ်လုံးအတွက် အစည်းအဝေး ကျင်းပနေချိန် LIVE ထုတ်လွှင့်ပေးလိုက်ရင် ကောင်းမလားလို့ပါ။ ၄၅ ဦးကော်မတီရဲ့ တာဝန်အပိုဒ် ၄ ၊ အပိုဒ်ခွဲ(ဌ) ကို ဆောင်ရွက်နေတဲ့အချိန် ရောက်နေသလို တိုင်းရင်းသား ပြည်သူလူထု တစ်ရပ်လုံးအတွက် ပြင်ဆင်နေတာလည်း ဖြစ်တာကြောင့် အစည်းအဝေး ဆောင်ရွက်ချက်များနဲ့ပတ်သက်ပြီး လျှို့ဝှက်ဖို့ မလိုအပ်ဘူးလို့ သုံးသပ်မိတဲ့အတွက် LIVE လွှင့်ဖို့ အကြံပြုတင်ပြရင်း နိဂုံးချုပ်ပါတယ်”ဟု ဒုတိယဗိုလ်မှူးကြီး ဉာဏ်ရွှေက ပြောကြားသည်။

ထို့ပြင် ၄၅ ဦးကော်မတီအတွင်း၌ ဘုံသဘောတူညီချက်ရရှိရေး ဆွေးနွေးနေသည်ဟု သိနေရပြီး ၃၇၆၅ ချက်အား ဘုံသဘောတူညီချက် ရရှိရေးအတွက် လွှတ်တော် ရပ်နားချိန်များလည်း ၄၅ ဦး ကော်မတီအနေဖြင့် အစည်းအဝေးများ ဆောင်ရွက်နေကြောင်း သိရသည့်အတွက် ဆောင်ရွက်မှုများအပေါ် များစွာ ကျေးဇူးတင်ကြောင်း ၎င်းကဆိုသည်။

ထိုသို့ တပ်မတော်သား ကိုယ်စားလှယ်၏ ဆွေးနွေးချက် ဖြစ်သော ၄၅ ဦး ကော်မတီ၏ အစည်းအဝေး ဆောင်ရွက်နေမှုအား LIVE လွှင့်ပေးရန် ပြောကြားချက်အပေါ် NLD ပါတီမှ ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဥပဒေကြမ်း ပူးပေါင်းကော်မတီအဖွဲ့ဝင် ဦးနေမျိုးထွန်းက ဆွေးနွေးချက်အား မှတ်တမ်းမှ ပယ်ဖျက်ပေးရန် ပြည်ထောင်စုလွှတ်တော် နာယကထံသို့ တင်ပြခဲ့သည်။

“ဒုတိယဗိုလ်မှူးကြီး ဉာဏ်ရွှေ ဆွေးနွေးသွားတဲ့အထဲမှာ ကျွန်တော်တို့ ၄၅ ဦး ကော်မတီဟာ ပွင့်လင်းမြင်သာမှုရော ရှိရဲ့လား။ ဆွေးနွေးပွဲတွေကို LIVE လွှင့်ပြပါလား ဆိုတာမျိုးတွေ ပါပါတယ်။ ဒါ ၄၅ ဦး ကော်မတီပေါ်မှာ တစ်မျိုးမြင်အောင် ပုတ်ခတ်ပြောဆိုတဲ့ သဘော သက်ရောက်ပါတယ်။ နာယကကြီး ဖွဲ့ပေးတဲ့ ဖွဲ့စည်းမိန့်မှာကိုက ၄၅ ဦးကော်မတီရဲ့ အပိုဒ်(၄)(ည) မှာ ကော်မတီရဲ့ ဆွေးနွေးချက်၊ ညှိနှိုင်းသုံးသပ်ချက်တွေ၊ တင်ပြချက်တွေက လွှတ်တော်သို့ မတင်ပြမီထိ ပေါက်ကြားခြင်း မရှိစေရလို့ ပါပါတယ်။ နောက်တစ်ခုက ဗိုလ်မှူးကြီး ဉာဏ်ရွှေ တင်ပြနေတဲ့ကိစ္စက ဆွေးနွေးတဲ့ကိစ္စနဲ့ တိုက်ရိုက် မသက်ဆိုင်ဘဲနဲ့ ၄၅ ဦးရဲ့ လုပ်ဆောင်ချက်တွေကို ပုတ်ခတ်ပြောဆိုတဲ့သဘော သက်ရောက်တဲ့အတွက် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၉(ည)နဲ့လည်း ငြိစွန်းပါတယ်။ ဒီစကားရပ်တွေကို လွှတ်တော်မှတ်တမ်းက ထုတ်ပယ်ပေးဖို့ တင်ပြပါတယ်” ဟု ဦးနေမျိုးထွန်းက ပြောကြားသည်။

ထိုသို့ ဥပဒေကြမ်း ပူးပေါင်းကော်မတီဝင် ဦးနေမျိုးထွန်း၏ တင်ပြချက်နှင့် ပတ်သက်၍ မှတ်တမ်းတင်ထားမည်ဖြစ်ကာ လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေးမှု ပြီးဆုံးချိန်တွင် လုံးကောက်ပြန်ကြည့်၍ ပြန်လည် စိစစ်ဆုံးဖြတ်မည် ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယကက ပြောကြားခဲ့သည်။