ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအား အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တွင် တရားစွဲဆိုမှုအပေါ် ကြိုဆိုကျေးဇူးတင်ကြောင်း ARSA အဖွဲ့ ထုတ်ပြန်

ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအား အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တွင် တရားစွဲဆိုမှုအပေါ် ကြိုဆိုကျေးဇူးတင်ကြောင်း ARSA အဖွဲ့ ထုတ်ပြန်
Published 11 December 2019

ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအား အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တွင် တရားစွဲဆိုမှုအပေါ် ကြိုဆိုကျေးဇူးတင်ကြောင်း ARSA အဖွဲ့က ထုတ်ပြန်သည်။

ဒီဖင်ဘာ ၈ ရက်တွင် ARSA( Arakan Rohingya Salvation Army) ခေါင်းဆောင် Ataullah အာတာအူလာက လူမှုကွန်ရက် စာမျက်နှာ တစ်ခုဖြစ်သည့် Twitter ရှိ ARSA The Army ဆိုသည့်အကောင့်တွင် အသံဖိုင်တစ်ခု တင်ခဲ့ခြင်းဖြစ်ပြီး ဘင်္ဂါလီဘာသာဖြင့် ပြောကြားကာ အင်္ဂလိပ်စာတန်းထိုး ရေးသားထားသည်ကို တွေ့ရသည်။

ဘင်္ဂါလီ( မူရင်းတွင် ရိုဟင်ဂျာဟု ရေးသားထား) များကို မြန်မာအစိုးရနှင့် စစ်တပ်က ညှဉ်းပန်းနှိပ်စက်မှုများ လုပ်ဆောင်နေခြင်းနှင့် ပတ်သက်ပြီး ICJ အပြည်ပြည်ဆိုင်ရာ တရားရုံးတွင် ဂမ်ဘီယာနိုင်ငံက တရားစွဲခဲ့ခြင်းအပေါ် ကျေးဇူးတင်ကြောင်း ရေးသားထားသည်ကို တွေ့ရသည်။

ထို့ပြင် ရိုဟင်ဂျာအရေး လှုပ်ရှားသူများကိုလည်း ကျေးဇူးတင်ကြောင်း၊ မြန်မာအစိုးရဘက်က သက်သေ ထွက်ဆိုမည့်သူများ အနေဖြင့်လည်း ရိုဟင်ဂျာများကို သစ္စာဖောက်ပြီး မမှန်မကန် ထွက်ဆိုခြင်းအားဖြင့် တပ်မတော်နှင့် အစိုးရ၏ ထောင်ချောက်အတွင်း မဝင်ကြရန်လည်း ARSA ခေါင်းဆောင် အာတာအူလာက ပြောကြားသည်။

ရခိုင်ပြည်နယ်တွင် အကြမ်းဖက်မှုများ လုပ်ဆောင်ခဲ့သည့် ရိုဟင်ဂျာ ကယ်တင်ရေးတပ် ARSA (Arakan Royigya Salvation Army) ကို ၂၀၁၂ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး မောင်တောဒေသရှိ မေယုတောင်တန်းများတွင် ရခိုင်ပြည်နယ်သို့ ခိုးဝင်လာသည့် ဘင်္ဂါလီများကို အခြေခံ တိုက်ခိုက်ရေး သင်တန်းများ သင်ကြားပေးခဲ့ကြောင်း အစိုးရက ထုတ်ပြန်ထားသည်။

ARSA အဖွဲ့ကို ဦးဆောင်သူမှာ အာတာအူလာဖြစ်ပြီး ၎င်းကို ပါကစ္စတန်နိုင်ငံ ကရာချိတွင် မွေးဖွားခဲ့ပြီး ဆော်ဒီအာရေဗျတွင် ကြီးပြင်းခဲ့ကာ ပြောက်ကျားသင်တန်းအချို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ဖမ်းဆီးရမိသည့် ဘင်္ဂါလီ အကြမ်းဖက်သမားများကို စစ်ဆေးချက်များအရ ARSA အဖွဲ့အား ပြည်ပက ထောက်ပံ့မှုများရှိကြောင်း မြန်မာအစိုးရက ထုတ်ပြန် ကြေညာခဲ့သည်။ ARSA (Arakan Royigya Salvation Army) အဖွဲ့၏ ဘဏ္ဍာရေးတာဝန်ခံ မော်လဝီဂျီရာဘူရာမန်အား ကျွန်းဂေါကျေးရွာ နေအိမ်တွင် ဇွန် ၂၀ ရက်က လုံခြုံရေး တပ်ဖွဲ့ဝင်များက ဖမ်းမိခဲ့ပြီး ၎င်းအား စစ်ဆေးချက်များအရ ARSA အဖွဲ့၏ စစ်ရေးတာဝန်ခံအဖြစ် ဟာဗစ်ဒူဟာက တာဝန်ယူထားကြောင်း သိရသည်။

ထို့ပြင် ဖမ်းမိခဲ့သည့် မောင်တောဒေသတွင် အကြမ်းဖက်သင်တန်း တက်ရောက်သူများအား စစ်ဆေးချက်များအရ သင်တန်းသားများကို တစ်လကျပ်နှစ်သိန်း ထောက်ပံ့ကာ ငါးလကြာ အကြမ်းဖက် သင်တန်းများ ပို့ချခြင်း၊ ပြည်ပနိုင်ငံအချို့မှ သင်တန်းဆရာများကို ငွေပို့ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ARSA အဖွဲ့၏ ဘဏ္ဍာရေးအား အရှေ့အလယ်ပိုင်း နိုင်ငံများတွင် အလှူငွေ ကောက်ခံခြင်းကို အဓိကထား ဆောင်ရွက်လျက်ရှိပြီး အရှေ့အလယ်ပိုင်း ဒေသနှင့် ဖိလစ်ပိုင်တောင်ပိုင်း ဒေသများတွင် အခြေအနေ မကောင်းခဲ့သည့် ISIS အဖွဲ့နှင့် ချိတ်ဆက်လှုပ်ရှားမှုများ ရှိနေကြောင်း အစိုးရက ထုတ်ပြန်ခဲ့သည်။

ကိုဖီအာနန်၏ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အပြီးသတ် အစီရင်ခံစာ ထွက်ပေါ်လာပြီး တစ်ရက်အကြာ ၂၀၁၇ ခုနှစ် သြဂုတ် ၂၅ ရက်တွင် ရခိုင်ပြည်နယ်ရှိ ရဲကင်း ၃၀ အား ARSA အဖွဲ့က အကြမ်းဖက် တိုက်ခိုက်ခဲ့သည်။ ARSA အဖွဲ့၏ တိုက်ခိုက်မှုကြောင့် ကနဦးတွင် ရဲတပ်ဖွဲ့ဝင် ကိုးဦး၊ တပ်မတော်သား တစ်ဦးနှင့် ဒုလဝကမှူးတစ်ဦး ကျဆုံးခဲ့ပြီး နောက်ပိုင်းတွင် ဟိန္ဒူဘာသာဝင်များကို သတ်ဖြတ်ခဲ့ခြင်း၊ ဒေသခံ ဌာနေတိုင်းရင်းသားများကို သတ်ဖြတ်ခဲ့ခြင်း စသည့် ဖြစ်စဉ်များ ဖြစ်ပွားခဲ့သည်။ ယင်းကြောင့် အကြမ်းဖက် တိုက်ခိုက်ခံရသည့် ဘူးသီးတောင်၊ မောင်တောဒေသမှ ဒေသခံဌာနေ တိုင်းရင်းသားများ စစ်တွေမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

အကြမ်းဖက် အဖွဲ့အစည်းအဖြစ် နိုင်ငံတကာကလည်း သတ်မှတ်ထားသည့် ARSA အဖွဲ့၏ လှုပ်ရှားမှုနှင့် ပတ်သက်၍ Asia Time သတင်းဌာနမှ သတင်းဆောင်းပါး တစ်ပုဒ်အား ဖော်ပြခဲ့သည်။

ARSA ၏ တွစ်တာအကောင့်တွင် Follower ၁၂၆၀၀ ရှိပြီး ယင်းတို့အနက်တွင် အနောက်နိုင်ငံမှ ထင်ရှားသော တက်ကြွလှုပ်ရှားသူ ၂၉ ဦး၊ ရန်ကုန်အခြေစိုက် နိုင်ငံခြား သတင်းစာဆရာများနှင့် ကုလလူ့အခွင့်အရေး အထူးသံတမန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် မစ္စယန်ဟီးလီပါ ပါဝင်နေကြောင်း အဆိုပါ သတင်းဆောင်းပါးတွင် ဖော်ပြထားသည်။

 

Most Read

Most Recent