ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့်ပတ်သက်၍ ပြင်ဆင်မည့် နည်းလမ်းအပေါ် ဆွေးနွေးငြင်းခုံမှုများကို တိုင်းရင်းသားများအား ငဲ့ညှာသောအားဖြင့် အဆုံးသတ်ပြီး ညှိနှိုင်းပူးပေါင်း၍ ထိရောက်စွာပြင်ဆင်လိုကြောင်း ALD ပါတီဝင် လွှတ်တော်ကိုယ်စားလှယ် ဆွေးနွေး

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့်ပတ်သက်၍ ပြင်ဆင်မည့် နည်းလမ်းအပေါ် ဆွေးနွေးငြင်းခုံမှုများကို တိုင်းရင်းသားများအား ငဲ့ညှာသောအားဖြင့် အဆုံးသတ်ပြီး ညှိနှိုင်းပူးပေါင်း၍ ထိရောက်စွာပြင်ဆင်လိုကြောင်း ALD ပါတီဝင် လွှတ်တော်ကိုယ်စားလှယ် ဆွေးနွေး
Published 6 December 2019
စည်သူ၊ အောင်မင်းသိန်း

 

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့်ပတ်သက်ပြီး ပြင်ဆင်မည့် နည်းလမ်းအပေါ် ဆွေးနွေးငြင်းခုံမှုများကို တိုင်းရင်းသားများအပေါ် ငဲ့ညှာသောအားဖြင့် အဆုံးသတ်ပြီး စစ်မှန်သောစေတနာဖြင့် ညှိနှိုင်းပူးပေါင်း၍ ထိရောက်စွာ ပြင်ဆင်လိုကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီဝင် ရခိုင်ပြည်နယ်မဲဆန္ဒနယ်အမှတ် (၁၁) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေက ဆွေးနွေးခဲ့သည်။

ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသန်းနိုင်အပါအဝင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၁၄၅ ဦး တင်ပြထားသော ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းနှင့် စပ်လျဉ်း၍ လေ့လာစိစစ်ရေးပူးပေါင်းကော်မတီ၏ အစီရင်ခံစာအပေါ် လွှတ်တော်ကိုယ်စားလှယ်များက ဒီဇင်ဘာ ၅ ရက်က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ဆွေးနွေးခြင်းအစီအစဉ် ဒေါ်ထုမေက ပါဝင်ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်မှ စတင်ပြီး စက်တင်ဘာ ၂၀ ရက်အထိ ရှစ်လတာကာလအတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းငါးခုကို တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်ဝင်များက တင်သွင်းခဲ့ကြကြောင်းနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မအချို့ကို ပြင်ဆင်ရန် တင်သွင်းလာသောဥပဒေကြမ်းများနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ တစ်ခုလုံးကို သုံးသပ်ပြီး ရှေ့နောက်ညီညွတ်အောင် ပြင်ဆင်မည်ဆိုသော ဆောင်ရွက်ချက်နှစ်ခုအကြား သဘောထားကွဲလွဲမှုအပေါ်တွင် ဆွေးနွေး၍ မဲခွဲဆုံးဖြတ်လာသည်မှာ ယခုတစ်ကြိမ်ဆိုလျှင် ငါးကြိမ်ရှိမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

လွှတ်တော်အတွင်း ကိုယ်စားလှယ်နေရာအများစုရထားသော အာဏာရပါတီ၊ အတိုက်အခံပါတီများနှင့် တပ်မတော်သား ကိုယ်စားလှယ်တို့အကြား မည်သို့ပြင်ဆင်မည်ဆိုသောနည်းလမ်းများသည် အချိန်ကြာမြင့်စွာ အငြင်းပွားနေကြသော်လည်း မည်သူကမှ လက်ရှိအခြေခံဥပဒေကို ပြင်ဆင်ရန် မသင့်သေးကြောင်း ဆွေးနွေးမှုမျိုးမရှိခြင်းသည် လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် သဘောထားတိုက်ဆိုင်မှုတစ်ခုအဖြစ် ယူဆရမည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်က ပြောကြားသည်။

ဆက်လက်ပြီး အခြေခံဥပဒေပြင်ဆင်ရေးတွင် တိုင်းရင်းသားများ၏ လိုအပ်ချက်များကို အလေးထားပြီး တိုင်းရင်းသားများ အကျိုးစီးပွားအတွက် ပြင်ဆင်ရမည်ဆိုသောပြောဆိုမှုများ အက်ကြောင်းထပ်မျှ ကြားသိနေရကာ တိုင်းရင်းသားညီကိုမောင်နှမများ လိုလားနေကြသော ဖက်ဒရယ်စနစ်ကို ရည်ညွှန်းပြောဆိုသည့်အခါတိုင်း တိုင်းရင်းသားများ ရင်ထဲနှလုံးသားထဲက စကားများကို အမှန်တကယ်နားထောင်ပေးရန်နှင့် လက်တွေ့ကျသည့် သက်သေပြမှုများ လိုအပ်နေကြောင်း ဒေါ်ထုမေက ပြောကြားသည်။

“ပြင်ဆင်မယ့် နည်းလမ်းအပေါ် ဆွေးနွေးငြင်းခုံမှုများကို တိုင်းရင်းသားများအပေါ် ငဲ့ညှာသောအားဖြင့် အဆုံးသတ်ပြီး ဖက်ဒရယ်ပြည်ထောင်စုအတွက် စစ်မှန်သောစေတနာဖြင့် အခြေခံဥပဒေကို ညှိနှိုင်းပူးပေါင်းပြီး ထိရောက်စွာ ပြင်ဆင်လိုပါကြောင်း ဆွေးနွေးရင်းနိဂုံးချုပ်အပ်ပါတယ်” ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေက ဆွေးနွေးစဉ်ပြောကြားခဲ့သည်။

ထို့ပြင် အခြေခံဥပဒေပြင်ဆင်ရေး လုပ်ငန်းစဉ်သည် တိုင်းရင်းသားများကို ဖြေသိမ့်ရုံသက်သက် ပြင်ဆင်ရန်၊ ရရှိထားသော အခွင့်ထူးများဆုံးရှုံးမသွားရန် ပြင်ဆင်မည်ဆိုပါက တိုင်းပြည်နှင့်နိုင်ငံသူ နိုင်ငံသားများ၏ အနာဂတ်၊ မျိုးဆက်အနာဂတ်များသည် အလွန်ကြေကွဲစရာအဖြစ် ရင်ဆိုင်နေရဦးမည်ဆိုသည်ကို လတ်တလော နိုင်ငံအတွင်း အပြင် ဖြစ်ပွားနေသည့်ဖြစ်ရပ်များ စိန်ခေါ်ချက်များက သက်သေညွှန်းနေကြောင်း ၎င်းက ပြောကြားသည်။

ဒီဇင်ဘာ ၅ ရက်က ပြည်ထောင်စုလွှတ်တော်၌ လေ့လာစိစစ်ပူးပေါင်းကော်မတီ၏ အစီရင်ခံစာအပေါ် ဆွေးနွေးရာတွင် NLD လွှတ်တော်ကိုယ်စားလှယ်အချို့နှင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များအကြား ဆွေးနွေးမှုတွင် ပါဝင်သည့် စကားရပ်၊ စကားလုံးအချို့အပေါ် အပြန်အလှန်မတ်တပ်ရပ်ကန့်ကွက်မှုများရှိခဲ့သည်။

 

 

Most Read

Most Recent