Toyota Land Cruiser အမျိုးအစား ကျည်ကာကား ခြောက်စီး တင်သွင်းရာ၌ အခွန်ကင်းလွတ်ခွင့်ရရှိရေး လွှတ်တော်သို့ တင်ပြခဲ့ပြီး ယင်းမော်တော်ယာဉ်များအတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ဗဟိုစက်ပစ္စည်းဌာန ငွေလုံးငွေရင်းတွင် ဘဏ္ဍာငွေ ကျပ်သန်း ၁၂၀၀ ကျော်ခွင့်ပြုထားကြောင်း ဒုတိယဝန်ကြီးပြောကြား

Toyota Land Cruiser အမျိုးအစား ကျည်ကာကား ခြောက်စီး တင်သွင်းရာ၌ အခွန်ကင်းလွတ်ခွင့်ရရှိရေး လွှတ်တော်သို့ တင်ပြခဲ့ပြီး ယင်းမော်တော်ယာဉ်များအတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ဗဟိုစက်ပစ္စည်းဌာန ငွေလုံးငွေရင်းတွင် ဘဏ္ဍာငွေ ကျပ်သန်း ၁၂၀၀ ကျော်ခွင့်ပြုထားကြောင်း ဒုတိယဝန်ကြီးပြောကြား
၂၀၁၆ ခုနှစ် မတ် ၃၀ ရက်က ပြည်ထောင်စုလွှတ်တော်တွင် ကတိသစ္စာပြုပြီးနောက် ပြန်လည်ထွက်ခွာလာသည့် နိုင်ငံတော်သမ္မတ စီးနင်းလိုက်ပါလာသောကားနှင့် လုံခြုံရေးယာဉ်တန်းအား တွေ့ရစဉ် (ဓာတ်ပုံ  - ကျော်ဇင်ဝင်း)
၂၀၁၆ ခုနှစ် မတ် ၃၀ ရက်က ပြည်ထောင်စုလွှတ်တော်တွင် ကတိသစ္စာပြုပြီးနောက် ပြန်လည်ထွက်ခွာလာသည့် နိုင်ငံတော်သမ္မတ စီးနင်းလိုက်ပါလာသောကားနှင့် လုံခြုံရေးယာဉ်တန်းအား တွေ့ရစဉ် (ဓာတ်ပုံ  - ကျော်ဇင်ဝင်း)
Published 5 December 2019
စည်သူ၊ အောင်မင်းသိန်း

နိုင်ငံတော်အကြီးအကဲများနှင့် နိုင်ငံတော်အဆင့် ဧည့်သည်တော်များ၏ ခရီးစဉ်များတွင် အသုံးပြုရန် Toyota Land Cruiser (Bullet Proof) ကျည်ကာ မော်တော်ယာဉ် ခြောက်စီး တင်သွင်းရာတွင် အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ရရှိရေးကိစ္စနှင့် စပ်လျဉ်း၍ ဒီဇင်ဘာ ၅ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက တင်ပြခဲ့သည်။

အဆိုပါ မော်တော်ယာဉ် ခြောက်စီးအတွက် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ဗဟိုစက်ပစ္စည်း စာရင်းစစ်နှင့် စစ်ဆေးရေးဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ငွေလုံးငွေရင်း အသုံးစရိတ်တွင် ဘဏ္ဍာရန်ပုံငွေ ကျပ် ၁၂၄၉ ဒဿမ ၉၉၈ သန်း ခွင့်ပြုထားကြောင်း ဒုတိယဝန်ကြီးက လွှတ်တော်သို့ တင်ပြခဲ့သည်။ 

အထက်ပါ မော်တော်ယာဉ် ခြောက်စီးကို ဝယ်ယူရာတွင် ဂျပန်နိုင်ငံရှိ မော်တော်ယာဉ် ထုတ်လုပ်သည့် ကုမ္ပဏီမှ ရန်ကုန်ဆိပ်ကမ်းအရောက် တန်ဖိုး (CIF Yangon) စျေးနှုန်းဖြင့် တိုက်ရိုက် မှာယူသည့်စနစ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

“ယင်းသို့ ဝယ်ယူခြင်းဖြင့် နိုင်ငံတော်အကြီးအကဲများရဲ့ ပြည်တွင်းခရီးစဉ်များ သွားလာရာတွင် လုံခြုံစိတ်ချမှုရှိစွာနှင့် အန္တရာယ်ကင်းရှင်းစွာဖြင့် အဆင်ပြေချောမွေ့ အသုံးပြုနိုင်ခြင်း၊ နိုင်ငံတော်အဆင့် ဧည့်သည်တော်များရဲ့ ပြည်တွင်းခရီးစဉ်များတွင်လည်း နိုင်ငံတော်ဧည့်ယာဉ်အဖြစ် အသုံးပြုနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်မှာဖြစ်ပါတယ်။ ဝယ်ယူမယ့် မော်တော်ယာဉ် အမျိုးအစားဟာ Toyota Land Cruiser (Bullet Proof) ၂၀၁၉ နှင့် ၂၀၂၀ တို့ဖြစ်ပြီးတော့ စုစုပေါင်း ခြောက်စီး ဖြစ်ပါတယ်”ဟု ဒုတိယဝန်ကြီးက ပြောကြားသည်။

ရန်ကုန်ဆိပ်ကမ်းအရောက် တန်ဖိုးသည် အမေရိကန် ဒေါ်လာ ၇ ဒသမ ၃၅၉၂ သိန်းဖြစ်ပြီး အထူးကုန်စည်ခွန်အဖြစ် ၂၀၁၉ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ပုဒ်မ ၁၁  ပါ ပြဋ္ဌာန်းချက်အရ ကုန်းပေါ်ရောက် တန်ဖိုး၏ ရာခိုင်နှုန်း ၅၀ ဖြစ်သည့် အမေရိကန်ဒေါ်လာ ၃ ဒသမ ၆၇၉၆ သိန်း ကျသင့်မည်ဖြစ်ကြောင်း၊ ကုန်သွယ်လုပ်ငန်းခွန်အဖြစ် ယင်းဥပဒေပုဒ်မ ၁၄ ပါ ပြဋ္ဌာန်းချက်အရ အထူးကုန်စည်ခွန် အပါအဝင်ဖြစ်သော ကုန်းပေါ်ရောက် တန်ဖိုး၏ ငါးရာခိုင်နှုန်း ဖြစ်သည့် အမေရိကန်ဒေါ်လာ ၀ ဒသမ ၅၅၁၉ သိန်း ကျသင့်မည်ဖြစ်ပြီး စုစုပေါင်း အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် အမေရိကန် ဒေါ်လာ ၄ ဒသမ ၂၃၁၅ သိန်း ကျသင့်မည် ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်း ခွန်ကင်းလွတ်ခွင့် ပြုနိုင်ရေးနှင့် စပ်လျဉ်း၍ ပြဋ္ဌာန်းချက်များနှင့်အညီ မော်တော်ယာဉ် ခြောက်စီးအတွက် အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့် ရရှိရေးအတွက် ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၁၅ ရက်က ပြုလုပ်သည့် (၁၅/၂၀၁၉) ပြည်ထောင်စုအစိုးရအဖွဲ့၊ စီးပွားရေးရာ ကော်မတီအစည်းအဝေး၊ ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၂၂ ရက်က ပြုလုပ်သည့် (၂၂/၂၀၁၉) ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးများသို့ တင်ပြခဲ့ပြီး ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက်အရ ပြည်ထောင်စုလွှတ်တော်သို့ တင်ပြရခြင်း ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

သို့ဖြစ်၍ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ငွေလုံးငွေရင်း အသုံးစရိတ်ဖြင့် ဝယ်ယူမည့် Toyota Land Cruiser (Bullet Proof)  မော်တော်ယာဉ် ခြောက်စီး ဝယ်ယူတင်သွင်းရာတွင် ကျသင့်မည့် အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်တို့ကို ကင်းလွတ်ခွင့် ရရှိနိုင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၆၁ ပုဒ်မခွဲ (က) က နောက်ဆက်တွဲဇယား (၁) အမှတ်စဉ်(၉)ပါ ပြဋ္ဌာန်းချက်အရ ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက် ရယူပေးနိုင်ပါရန် တင်ပြကြောင်း ဒုတိယဝန်ကြီးက လွှတ်တော်သို့ တင်ပြခဲ့သည်။

ထိုသို့ မော်တော်ယာဉ်များဝယ်ယူရာတွင် အခွန်ကင်းလွတ်ခွင့်ရရှိရေး တင်ပြချက်နှင့် ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးခြင်း အစီအစဉ်ကို ဒီဇင်ဘာ ၁၁ ရက်တွင် ဆောင်ရွက်ရန် လျာထားကြောင်း ပြည်ထောင်စုလွှတ်တော် နာယက ကကြေညာခဲ့သည်။

Most Read

Most Recent