လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူအား ယှဉ်ပြိုင် အရွေးခံသော လွှတ်တော်ကိုယ်စားလှယ်လောင်းနှင့် မဲဆန္ဒနယ်တွင် ဆန္ဒမဲပေးသည့် မဲဆန္ဒရှင်တို့ကသာ ကန့်ကွက်လွှာတင်နိုင်မည့် အမျိုးသားလွှတ်တော်၏ အတည်ပြုချက်အတိုင်း ရွေးကောက်ပွဲဥပဒေကို ပဥ္စမအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းသုံးခုအား ပြည်သူ့လွှတ်တော် အတည်ပြု

လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူအား ယှဉ်ပြိုင် အရွေးခံသော လွှတ်တော်ကိုယ်စားလှယ်လောင်းနှင့် မဲဆန္ဒနယ်တွင် ဆန္ဒမဲပေးသည့် မဲဆန္ဒရှင်တို့ကသာ ကန့်ကွက်လွှာတင်နိုင်မည့် အမျိုးသားလွှတ်တော်၏ အတည်ပြုချက်အတိုင်း ရွေးကောက်ပွဲဥပဒေကို ပဥ္စမအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းသုံးခုအား ပြည်သူ့လွှတ်တော် အတည်ပြု
ဒီဇင်ဘာ ၄ ရက်က ပြည်သူ့လွှတ်တော်အစည်းအဝေးသို့ တက်ရောက်လာသည့် ကိုယ်စားလှယ်များအား တွေ့ရစဉ်
ဒီဇင်ဘာ ၄ ရက်က ပြည်သူ့လွှတ်တော်အစည်းအဝေးသို့ တက်ရောက်လာသည့် ကိုယ်စားလှယ်များအား တွေ့ရစဉ်
Published 4 December 2019
စည်သူ

လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူအား ယှဉ်ပြိုင် အရွေးခံသော လွှတ်တော်ကိုယ်စားလှယ်လောင်းနှင့် မဲဆန္ဒနယ်တွင် ဆန္ဒမဲပေးသည့် မဲဆန္ဒရှင်တို့ကသာ ကန့်ကွက်လွှာတင်နိုင်မည့် အမျိုးသားလွှတ်တော်၏ အတည်ပြုချက်အတိုင်း ရွေးကောက်ပွဲဥပဒေကို ပဥ္စမအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း သုံးခုအား ပြည်သူ့လွှတ်တော်တွင် အတည်ပြုခဲ့ကြောင်း သတင်းရရှိသည်။

အမျိုးသားလွှတ်တော်က အထက်ပါအတိုင်း အတည်ပြု၍ ပေးပို့ထားသော ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေကို ပဥ္စမအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း၊ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေကို ပဥ္စမအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေကို ပဥ္စမအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းတို့အား ဒီဇင်ဘာ ၄ ရက်က ပြုလုပ်သော ပြည်သူ့လွှတ်တော်တွင် အဆုံးအဖြတ်ရယူရာ၌ အမျိုးသားလွှတ်တော် အတည်ပြုချက်အတိုင်း သဘောတူညီခဲ့ခြင်းဖြစ်သည်။

ပြည်သူ့လွှတ်တော်အနေဖြင့် အတည်ပြုချက်ယူရာတွင် အမျိုးသားလွှတ်တော်၏ အတည်ပြုချက်ဖြစ်သော ဥပဒေ သုံးခုစလုံး၏ ပုဒ်မ ၆၈ ကို (က) လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူအား ကန့်ကွက်သော ကန့်ကွက်လွှာကို ယှဉ်ပြိုင်အရွေးခံသော မည်သည့် လွှတ်တော်ကိုယ်စားလှယ်လောင်းကမဆို သို့မဟုတ် ယင်းမဲဆန္ဒနယ်တွင် ဆန္ဒမဲပေးခဲ့သည့် မည်သည့် မဲဆန္ဒရှင်ကမဆို ပုဒ်မ  ၅၂ အရ ကော်မရှင်က ဆုံးဖြတ်ပြီးသည့် ကိစ္စရပ်များမှအပ ယင်းရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ ဆီလျော်သောအကြောင်းပြချက်များကို ဖော်ပြပြီး ကော်မရှင်သို့ သတ်မှတ်ထားသည့်အတိုင်း တင်သွင်းလျှောက်ထားနိုင်သည်ဟူသော ပြဋ္ဌာန်းချက်အတိုင်း သဘောတူညီခဲ့ခြင်းဖြစ်သည်။

ထို့ပြင် အမျိုးသားလွှတ်တော်က အတည်ပြုသော ဥပဒေသုံးခုစလုံး၏ ပုဒ်မ ၆၈ (ခ) လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးသည် မိမိ၏ ကန့်ကွက်လွှာတွင် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူအား ကန့်ကွက်ရာ၌ မိမိသာလျှင် မဲအများဆုံးရ၍ ရွေးကောက်တင်မြှောက်ခံရသူ ဖြစ်သည်ဟု ကြေညာစေရန် တောင်းဆိုလိုပါက အောက်ပါအကြောင်းပြချက် တစ်ရပ်ရပ်ကို အခြေခံရမည်။ (၁) လျှောက်ထားသူသာလျှင် ခိုင်လုံသော မဲအများဆုံးရသည်မှာ အမှန်ဖြစ်သည်ဟူသော အကြောင်းပြချက်၊ (၂) လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူ ရရှိသောမဲများတွင် တရားမဲ့ ပြုကျင့်မှုကြောင့် ရရှိသောမဲများ မပါရှိခဲ့သော လျှောက်ထားသူသည်သာ ခိုင်လုံသော မဲအများဆုံးကို ရရှိနိုင်သည်ဟူသော အကြောင်းပြချက်စသည့် ပြဋ္ဌာန်းချက်ကိုလည်း ပြည်သူ့လွှတ်တော်က သဘောတူညီခဲ့သည်။

ထိုသို့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူအား ယင်းမဲ ဆန္ဒနယ်တွင် ဆန္ဒမဲပေးသည့် မဲဆန္ဒရှင်ကသာ ကန့်ကွက်လွှာတင်နိုင်သည့် ပြဋ္ဌာန်းချက်နှင့် ပတ်သက်၍ ယင်းမဲဆန္ဒနယ်ရှိ မဲစာရင်းတွင် ပါရှိသော မည်သည့် မဲဆန္ဒရှင်ကမဆို ကန့်ကွက်လွှာတင်နိုင်မည့်အချက်ဖြင့် ပြင်ဆင်နိုင်ရန် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် သုံးဦးက တစ်ဦးလျှင် ဥပဒေတစ်ခုအလိုက် တင်ပြခဲ့သော်လည်း စက်ခလုတ်နှိပ် မဲခွဲဆုံးဖြတ်ရာတွင် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

“ လက်ရှိ တည်ဆဲနိုင်ငံရေးပါတီ ၉၆ ပါတီ ရှိပါတယ်။ မြို့နယ်တိုင်းမှာ ပါတီအားလုံး ဝင်ရောက်ယှဉ်ပြိုင်တာ မဟုတ်ပါဘူး။ အချို့မြို့နယ်တွေမှာ နှစ်ပါတီ သုံးပါတီပဲ ပြိုင်ကြတာပါ။ ကိုယ်စားလှယ်လောင်းတွေဟာ ပါတီရဲ့ တာဝန်ပေးချက်အရ ဝင်ရောက်ယှဉ်ပြိုင်ကြရတာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲကျင်းပသည့် မြို့နယ်မှာ နေထိုင်တဲ့သူ ဟုတ်ချင်မှ ဟုတ်မှာပါ။ ကိုယ်စားလှယ်လောင်းတွေရဲ့အကြောင်း မဲဆန္ဒရှင်တွေက သေသေချာချာ မသိနိုင်ပါ။ မဲဆန္ဒရှင်များအနေဖြင့် လွတ်လပ်စွာ မဲပေးခွင့် ရှိပါတယ်။ ပါတီများနဲ့ ကိုယ်စားလှယ်လောင်းများကို  မသိ၊ မကြိုက်၊ မထောက်ခံသော်လည်း မဲပေးရမလို ဖြစ်နေပါတယ်။  မိမိတို့ရှေ့မှာ တရားမဲ့ ပြုကျင့်မှုတွေ လုပ်နေရင် ကန့်ကွက်နိုင်သော အခွင့်အရေးရရန် မဖြစ်မနေ မဲပေးရမလို ဖြစ်နေပါတယ်” ဟု ဆွေးနွေးခြင်း ပြုလုပ်ခဲ့သော တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးဇင်လင်းက ပြောကြားသည်။

ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်တို့၏ ရွေးကောက်ပွဲဥပဒေ မူလပြဋ္ဌာန်းချက်တွင် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်ခံရသူအား ကန့်ကွက်သော ကန့်ကွက်လွှာကို မည့်သည့်မဲဆန္ဒရှင်ကမဆို တင်သွင်းနိုင်ကြောင်း ပြဋ္ဌာန်းထားပြီး အမျိုးသားလွှတ်တော်က အထက်ပါအတိုင်း ပြောင်းလဲပြင်ဆင် အတည်ပြုခဲ့ခြင်းဖြစ်ကာ ပြည်သူ့လွှတ်တော်တွင် နိုဝင်ဘာ ၂၂ ရက် က အစီရင်ခံစာ တင်သွင်းခဲ့ခြင်းဖြစ်သည်။

ပြည်သူ့လွှတ်တော်အနေဖြင့် အမျိုးသား လွှတ်တော်က ပေးပို့သော ရွေးကောက်ပွဲ ဥပဒေ သုံးခုကို အတည်ပြုရာတွင် ဥပဒေ တစ်ခုချင်းအလိုက် အမျိုးသားလွှတ်တော်၏ အတည်ပြုချက်အတိုင်း သဘောတူသည့် အချက် သုံးချက်၊ အမျိုးသားလွှတ်တော်၏ အတည်ပြုချက်ကို သဘောမတူဘဲ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ၏ အတည်ပြုချက် နှစ်ချက်နှင့် ကွဲလွဲချက် တစ်ချက်တို့ ရှိခဲ့ခြင်းဖြစ်သည်။                     

 

 

 

Most Read

Most Recent