ပေါ့ဆသည့် ကုသမှုကြောင့် လူနာသေဆုံးရသည်ဟုဆိုကာ တရားစွဲခံရသည့် Sakura ဆေးရုံမှ ဆရာဝန် နှစ်ဦးဘက်က တရားရုံးသို့ ချေပလွှာတင်

ပေါ့ဆသည့် ကုသမှုကြောင့် လူနာသေဆုံးရသည်ဟုဆိုကာ တရားစွဲခံရသည့် Sakura ဆေးရုံမှ ဆရာဝန် နှစ်ဦးဘက်က တရားရုံးသို့ ချေပလွှာတင်
Published 3 December 2019
နေမျိုးဝင်း

ပေါ့ဆသည့် ကုသမှုများ ကြောင့် လူနာ သေဆုံးရသည်ဟုဆို ကာ တရားစွဲခံရသည့် Sakuraဆေးရုံဆရာဝန်နှစ်ဦးဘက်က တရားရုံးသို့ ချေပလွှာတင်ခဲ့ကြောင်း သိရ သည်။

အဆိုပါအမှုနှင့်ပတ်သက်၍ ဒီဇင်ဘာ ၃ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးတရား လွှတ်တော်၌ ရုံးချိန်းခေါ်ယူခဲ့ခြင်းဖြစ်သည်။

“ဒီနေ့ တစ်ဖက်က ချေလွှာတင်တယ်။ ဒေါ်နှင်းပွင့်ဖြူတို့ဘက်က တရားပြိုင်တွေ ဘက်က  ချေပလွှာတင်တယ်။ ဒီနေ့ကတော့ အဲဒါပါပဲ။ ချေပလွှာက ကျွန်တော်တို့က အဆိုပြုတဲ့ အဆိုလွှာပေါ်မှာ သူတို့ကပြန်ပြီး တော့ ခုခံတဲ့ ချေပလွှာပေါ့။အရင်တစ်ချိန်းက မေးခွန်းဖြေပြီးတဲ့အပေါ်မှာ သူတို့ကနေပြီး တော့ အချေလွှာအဆင့်ရောက်တဲ့အတွက် ချေပလွှာတင်တာပေါ့။ မေးခွန်းမေးတယ်ဆိုတာက ဒီချေလွှာမှာတိတိကျကျချေပနိုင်ဖို့ ဆိုပြီးတော့ သူတို့က အဲဒီလိုမျိုးမေးတဲ့အပေါ်မှာ တရားရုံးကဖြေခိုင်းတဲ့အတွက် ကျွန်တော်တို့က ဖြေပေးလိုက်တယ်ပေါ့။ အဲဒီ အပေါ်မှာသူတို့က ပြန်ပြီးတော့ ချေပလွှာ တင်တာပေါ့” ဟု တရားလိုဦးသီဟကိုကို၏ရှေ့နေတရားလွှတ်တော်ရှေ့နေ ဦးအောင်စိုးထွန်းက ပြောကြားသည်။

တရားလို ဦးသီဟကိုကို (သေဆုံးသူ အမျိုးသမီး၏ခင်ပွန်း)က တရားမကြီးအမှု စွဲဆိုထားသည့် အဆိုလွှာနှင့်ပတ်သက်၍ တရားစွဲခံရသည့် ဆာကူရာဆေးရုံမှ ဆေးရုံ အုပ် ဒေါက်တာဖြိုးဝေလင်းနှင့်အတိုင်ပင်ခံ သားဖွားအထူးကု ဆရာဝန်ဒေါက်တာမြပွင့်ဖြူတို့က ၎င်းတို့၏ရှေ့နေကတစ်ဆင့် တရားလို (သေဆုံးသူအမျိုးသမီး၏ ခင်ပွန်း) ဘက်သို့ မေးခွန်းရှစ်ခု ပြန်လည် မေးမြန်းခဲ့ကြောင်း သိရသည်။

ထိုသို့ မေးမြန်းထား သောမေးခွန်းရှစ်ခု အနက်သုံးခုအား တရားလိုဘက်မှပြန်လည် ဖြေကြား ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် အမှုစစ်တရားသူကြီးက အမိန့် ချမှတ်ခဲ့သဖြင့် အောက်တိုဘာ ၂၃ ရက် ရုံး ချိန်းတွင် တရားလိုဘက်က ပြန်လည်ဖြေကြားပေးခဲ့ရကြောင်း ယင်းအပေါ် စွပ်စွဲခံရသူ များဘက်မှ ချေပလွှာတင်ခြင်းဖြစ်ကြောင်း သိရသည်။

“ချေပလွှာတင်ပြီးရင် တရားရုံးလုပ်ထုံး လုပ်နည်းအရ ငြင်းချက်ဆိုတာ ထွက်လာ မယ်ပေါ့။ ငြင်းချက်ဆိုတာက ဘာလဲဆိုတော့ ဒီအမှုနဲ့ပတ်သက်ပြီးတော့ တရားရုံး က စစ်ဆေးသွားမယ့် ဂရောင်းတွေပေါ့။ငြင်းချက်နောက်တစ်ချိန်းတော့ တရားရုံးက မထုတ်သေးဘူး။ ကြားထဲမှာ အကြံပေးငြင်း ချက်လို့ခေါ်တဲ့ ဟာလေးတွေ တင်ပြပေးဖို့ ချိန်းထားတာပေါ့။ အဲဒါက ၁၉ ရက်နေ့ ၃ နာရီကို ချိန်းထားတယ်” ဟု တရားလွှတ်တော် ရှေ့နေ ဦးအောင်စိုးထွန်းကပြောကြားသည်။

အမှုနှင့်ပတ်သက်၍ တရားစွဲခံရသူ နှစ်ဦးထဲမှ တစ်ဦးဖြစ်သည့် ဒေါက်တာမြပွင့် ဖြူက လူနာကွယ်လွန်မှုအပေါ် ၎င်းအနေဖြင့်  စိတ်မကောင်းကြောင်း အကောင်းဆုံး လုပ်ဆောင်ပေးခဲ့ကြောင်း၊ ဥပဒေကြောင်းအရ ရင်ဆိုင်သွားမည်ဖြစ်ပြီး ၎င်းတွင် အကောင်းဆုံး လုပ်ဆောင်ပေးခဲ့သည့် ခိုင်လုံသော အထောက်အထားများရှိကြောင်း စသဖြင့် ပြောကြားထားသည်။

တရားလို ဦးသီဟကိုကိုက ၎င်း၏ဇနီး ဒေါ်အေးသန္တာဝင်း Sakura ဆေးရုံတွင် ဆေးကုသနေစဉ် သားအိမ်ခြစ်ရာမှ တစ်ဆင့် သေဆုံးခဲ့မှု နှင့်ပတ်သက်၍ ၎င်းအနေဖြင့် ယခင်က တရားစွဲရန် ဆန္ဒမရှိသော် လည်း ၎င်း၏ အမျိုးသမီးသေဆုံးသည့် အကြောင်းအား လူမှုကွန်ရက် Facebook တွင်  (Thiha Koko အကောင့်မှ တစ်ဆင့် မေ ၂၆ ရက်တွင် ဖြစ်စဉ်အသေးစိတ်အားရေးသားထား) အများသူငါသိစေရန်ရေးသားခဲ့ ကြောင်း၊ ယင်းအပေါ်တစ်စုံတစ်ရာဆေးရုံ ဘက်မှ တုံ့ပြန်မှုမရှိခဲ့ကြောင်း၊ ယင်းနောက် တစ်လအကြာတွင် ရှေ့နေနှင့်တိုင်ပင်ကာ နို့တစ်စာပေးပို့ခဲ့ကြောင်း၊ ထိုသို့ ပေးပို့ရာ တွင်လည်း ၎င်းကျေနပ်လောက်သည့်တောင်းပန်မှုမျိုးဖြေရှင်းမှုမျိုး မရရှိသည့်အတွက် တရားစွဲဆိုရခြင်း ဖြစ်ကြောင်း ဦးသီဟကိုကို က ပြောကြားသည်။

ထို့ပြင် နောက်နောင်တွင် ၎င်း၏ အမျိုးသမီးကဲ့သို့ အခြားသူများမဖြစ်စေရန်၊ တာဝန်ရှိသူများအနေဖြင့်လည်း တာဝန်ယူမှု တာဝန်ခံမှုရှိလာစေရန် ရည်ရွယ်၍ ၎င်းတို့ မိသားစု၏နစ်နာမှုအတွက် ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်တွင် တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။