လွှတ်တော်ကိုယ်စားလှယ် အပါအဝင် ဝန်ထမ်းများနှင့်အရပ်သားများကို ပြန်လွှတ်ပေးရန် AA အဖွဲ့ထံ တောင်းဆိုခြင်းသည် နိုင်ငံရေးဟန်ပန် သက်သက်ဖြစ်ဟု ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ်ပြောကြား

လွှတ်တော်ကိုယ်စားလှယ် အပါအဝင် ဝန်ထမ်းများနှင့်အရပ်သားများကို ပြန်လွှတ်ပေးရန် AA အဖွဲ့ထံ တောင်းဆိုခြင်းသည် နိုင်ငံရေးဟန်ပန် သက်သက်ဖြစ်ဟု ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ်ပြောကြား
Published 19 November 2019



အကြမ်းဖက် ဖမ်းဆီးခံထားရသည့် လွှတ်တော်ကိုယ်စားလှယ် အပါအဝင် ဝန်ထမ်းများနှင့်အရပ်သားများကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးရန် AA အဖွဲ့ထံ တောင်းဆိုခြင်းသည် နိုင်ငံရေးဟန်ပန်သက်သက်ဖြစ်ဟု ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက ပြောကြားသည်။

နိုဝင်ဘာ ၁၃ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အောင်မြေသာဇံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာလှမိုးက AA အဖွဲ့၏ အကြမ်းဖက်ဖမ်းဆီးခေါ်ဆောင်ထားသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အပါအဝင် ဝန်ထမ်းများနှင့် အရပ်သားများကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးရန် အရေးကြီးအဆို တင်သွင်းခဲ့ခြင်းဖြစ်ပြီး ယင်းအဆိုကို နိုဝင်ဘာ ၁၈ ရက်ကပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးမှုများပြုလုပ်ရာတွင် ဦးသောင်းအေးက အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

ဥပဒေပြုအာဏာရှိသည့် ပြည်ထောင်စုလွှတ်တော်အနေဖြင့် ပြည်သူများအား အကြမ်းဖက်လုပ်ဆောင်နေသည့် လက်နက်ကိုင် သောင်းကျန်းသူများကို တောင်းဆိုနေရုံဖြင့် ကိစ္စအဝဝအောင်မြင်ပြီးမြောက်နိုင်မည်နည်း၊ ယင်းသို့တောင်းဆိုနေရုံဖြင့် ဦးဝှေ့တင်းနှင့်အဖွဲ့အား ဘေးမသီရန်မခ ပြန်လည်ရရှိလာမည်ဆိုပါက သမိုင်းမှတ်တမ်း တင်ရမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့တောင်းဆိုမှုသက်သက်ဖြင့် ဖြေရှင်းပေးနိုင်မည်ဆိုပါက ငြိမ်းချမ်းရေးကို လွန်ခဲ့သည့်နှစ်များစွာကတည်းက ရရှိနိုင်မည်ဟု ယူဆကြောင်း ဦးသောင်းအေးက ဆွေးနွေးခဲ့သည်။

“အခုလိုဥပဒေနဲ့နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို မထီမဲ့မြင်ပြုပြီး ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်နဲ့ ပြည်ထောင်စုအတွင်း အေးချမ်းစွာ နေထိုင်သွားလာမှုကို နှောင့်ယှက်ဖျက်ဆီးခြင်း၊ တရားမဲ့ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းလုပ်နေသူတွေထံက ဖမ်းဆီးခံထားရသူတွေကို ပြည်ထောင်စု လွှတ်တော်ကြီးက ဘေးမသီရန်မခပြန်ရဖို့ တောင်းဆိုနေခြင်းဟာ နိုင်ငံရေးဟန်ပန် သက်သက်ဖြစ်ပြီး အကျိုးဖြစ်ထွန်းမှု အလှမ်းဝေးနေပါတယ်။ နိုင်ငံတော်ရဲ့ လုံခြုံမှု၊ အုပ်ချုပ်မှု၊တရားစီရင်မှုတွေကို ကွပ်ကဲစီမံလျက်ရှိတဲ့ ပြည်ထောင်စုအစိုးရကသာ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ မပျက်စီး၊ မဆုံးရှုံးရအောင် ကာကွယ်ထိန်းကျောင်း ဆောင်ရွက်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူတွေ လုံခြုံစိတ်အေးချမ်းစွာ နေထိုင်သွားလာလုပ်ကိုင်နိုင်အောင် လွှတ်တော်ကိုယ်စားလှယ်ကြီးများလည်း ပြည်သူ့ဆန္ဒအဝဝကို အေးချမ်းစွာရယူပြီး လွှတ်တော်ကြီးမှာ တင်ပြနိုင်အောင် အကြမ်းဖက်မှုကင်းဝေးစေရေး ပြည်ပြည့်ဝဝလုံလုံခြုံခြုံ စောင့်ရှောက်ပေးဖို့ အုပ်ချုပ်ရေးအာဏာပိုင် ပြည်ထောင်စုအစိုးရကိုသာ တိုက်တွန်းသင့်ပါတယ် ” ဟု ဦးသောင်းအေးက ဆွေးနွေးခဲ့သည်။

ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကို တက်ရောက်ရန် ထွက်ခွာလာသည့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်းနှင့် နိုင်ငံခြားသားများ၊ အပြစ်မဲ့ပြည်သူများကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း၊ ယင်းကဲ့သို့ ဥပဒေမဲ့လုပ်ဆောင်ချက် အားလုံးသည် အဆိုရှင်တင်ပြသကဲ့သို့ အမျိုးသားရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ပြည်သူလူထုဆန္ဒနှင့် ကိုယ်စားပြုမှုတို့အပေါ် တိုက်ရိုက်ဆန့်ကျင် အကြမ်းဖက်ခြင်းဖြစ်ပြီး ရပ်ရွာအေးချမ်းတည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးကို မျက်ကွယ်ပြုခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

AA အဖွဲ့၏ အကြမ်းဖက်သောင်းကျန်းမှုကို ပြည်ထောင်စုလွှတ်တော်က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချခြင်းသည် သင့်လျော်သည့် အဆိုပြုချက်ဖြစ်ကြောင်း၊ သို့ရာတွင် ယင်းအဆိုပါပြုချက်သည် ဦးဝှေ့တင်းတစ်ယောက်တည်းအတွက် သာမဟုတ်ဘဲ အကြမ်းဖက်လုပ်ဆောင်မှုကို တွေ့ကြုံခံစားနေရသည့် ပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများ၊ နိုင်ငံခြားသားများ၊ သာမန်ခရီးသွား လုံခြုံရေး တပ်ဖွဲ့ဝင်များအတွက် အကြမ်းဖက်များကို လုပ်ဆောင်ချက်အားလုံးကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချသင့်သည်ကို အကြံပြုလိုကြောင်း၊ သို့မှသာ ၎င်းတို့၏လုပ်ရပ်သည် အကြမ်းဖက်သည့် လုပ်ရပ်များဖြစ်သည်ဟု သိမြင်ဆင်ခြင် ထိန်းချုပ်သွားနိုင်မည်ဖြစ်ကြောင်း ဦးသောင်းအေးက ဆွေးနွေးခဲ့သည်။

 

Most Read

Most Recent